Saturday, June 5, 2010

စိတ်ဆိုးတော့မယ်ဆိုရင်

စိတ်မချမ်းသာဘူးဆိုရင်၊ စိတ်ဆင်းရဲရင်၊ စိတ်ဆိုးရင်၊ဒေါသ၊သောက၊ဣဿာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေ ၀င်လာရင် အကြောင်း ရင်းကိုရှာပြီးဖျောက်ပါတဲ့။

မူလပဏ္ဏာသပါဠိတော် ၀ိတက္ကသဏ္ဌာနသုတ်မှာလာတဲ့ အကုသိုလ်ကိလေသာဝင်ရင် ပယ်နည်းငါးနည်းထဲက တစ်ခုပါ။ အကြောင်းရင်းကိုရှာပြီး ပယ်ပါတဲ့။

ဘယ်လိုရှာပြီးပယ်မလဲ....?

ဝိတက္ကသဏ္ဌာနသုတ်မှာ စိတ်ဆိုးရင် စိတ်ညစ်ရင် စိမ်မချမ်းသာဘူးဆိုရင် အကြောင်းရင်းကို ရှာဖွေပြီး ဖျောက်ပါလို့ ဟောကြားထား ပါတယ်။
ပထမတော့ အကြောင်းရင်းရှာပြီး ဖျောက်ပါဆိုတာကို သိပ်ပြီးသဘောမပေါက်ပါဘူး။
အဋ္ဌကထာပါ တွဲကြည့်လိုက်မှ အဋ္ဌကထာက အကြောင်းရင်းရှာပုံကို ၀တ္ထုလေးထုတ်ပြပြီး
ရှင်းပြပါတယ်။
ဝတ္ထုလေးက အားလုံးကြားဖူးတဲ့ ၀တ္ထုလေးပါ။ အတန်းကျောင်းဖတ်စာထဲမှာတောင် ပါခဲ့ဖူးပါတယ်။
ဥသျှစ်သီးမှည့် ကြွေကျတာကို မြေပြိုပါပြီဆိုပြီး ထွက်ပြေးတဲ့ ယုန်ရဲ့ဖြစ်စဉ်ပါ။ ယုန်ကပြေးတော့ ကျန်တဲ့တောတွင်းက သတ္တ၀ါတွေက လည်း
မြေပြိုတယ်ဆိုပြီး ယုန်နောက်ကလိုက်ပြေးကြတာပါ။ နောက်ဆုံး ဘုရားအလောင်းခြင်္သေ့မင်းက အကြောင်းရင်းရှာပြလိုက်မှ သတ္တ၀ါအားလုံး ချမ်းသာသွားတဲ့ ၀တ္ထုလေးပါ။
အဋ္ဌကထာဆရာက ဒီဝတ္ထုလေးကို ထုတ်ပြပြီး ဘုရာလောင်းခြင်္သေ့မင်းက ဥသျှစ်သီးကြွေကျတာ၊ မြေပြိုတာမဟုတ်ဘူး လို့ အကြောင်း ရင်းရှာပြီး
ဖျောက်ပေးသလို ပြဿနာဖြစ်လာရင် အကြောင်းရင်းရှာဖျောက်ဖို့ ရှင်းပြထားပါတယ်။

အဋ္ဌကထာဆရာက ပုံဝတ္ထုလေးနဲ့ ရှင်းပြလိုက်မှ ပိုသဘောပေါက်သွားတာပါ။ ဒါနဲ့ပတ်သက်လို့ လတ်တလော ကိုယ်တွေ့ဖြစ်ရပ်ကလေးကိုပါတွဲပြီး ပြောပြပါရေစေဦး။ ဟို....ရှေ့ပိုင်းလေးမှာ စာရေးသူက စိတ်တွေဆိုးနေတာပါ။ ဒီစာမရေးခင်လေးကမှ စိတ်ဆိုးပြေသွားတာပါ။ ဘယ်သူ့ကို စိတ်ဆိုးနေတာလဲဆိုတာတော့ နောက်မှပဲပြောရအောင်ပါ။

စာပေလောကမှာ တောင်းစာမူနဲ့ ပို့စာမူဆိုတာရှိပါတယ်။ တောင်းစာမူဆိုတာက
အယ်ဒီတာက စာရေးဆရာကို ကိုယ်တိုင် ကိုယ်ကျ လာတောင်းတာပါ။
တောင်းစာမူဖြစ်တဲ့အတွက် အယ်ဒီတာက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ
ထည့်ပေးရမှာ ဖြစ်သလို မဂ္ဂဇင်းထွက်တဲ့အခါမှာလည်း စာရေးဆရာဆီကို
ကိုယ်တိုင်လာမပို့နိုင်ရင်တောင် တစ်ယောက်ယောက်ကို လွှတ်ပြီး ပို့ခိုင်းရမှာပါ။
ပို့စာမူကတော့ စာရေးဆရာက အယ်ဒီတာဆီ သွားပို့တာပါ။ ဒီစာမူကိုတော့ အယ်ဒီတာက သုံးချင်သုံးမယ်၊ မသုံးချင်မသုံးဘူး။ သုံးလို့စာမူပါရင်လည်း စာရေးဆရာက
မဂ္ဂဇင်းကို ကိုယ်တိုင်လာထုတ်ပေတော့။
ဒါတောင်းစာမူနဲ့ ပို့စာမူကွာခြားချက်ပါ။

တစ်လောဆီက မဂ္ဂဇင်းတစ်စောင်က စာရေးသူဆီ စာမူလာတောင်းပါတယ်။ အယ်ဒီတာချုပ်ကိုယ်တိုင် လာတောင်းတာပါ။ ဒီတော့ ပေးလိုက်ပါတယ်။

ဟော...မဂ္ဂဇင်းထွက်လာတော့ စာရေးသူဆီ စာအုပ်လာမပို့ပါဘူး။ ဒီတော့ စာရေးသူက ထွက်ထွက်ချင်း လာမပို့ရကောင်းလားဆိုပြီး စိတ်တွေဆိုးနေတာပါ။

တစ်ခုတော့ ရှိပါတယ်။ စိတ်ဆိုးတယ်ဆိုပေမယ့် ရင်ထဲကပဲကြိတ်ဆိုးနေတာပါ။
အပြင်ကို ထွက်ဆိုးမပြပါဘူး။ အပြင်ထွက်ဆိုးပြတာ မဟုတ်တော့
ကိုယ်စိတ်ဆိုးမှန်း အပြင်က လူတွေလည်း သိခွင့်မသာတော့ပါဘူး။
၎-၅ရက်လောက်ကြာတော့ အုပ်ချုပ်ရေးမှူးလုပ်သူက ရောက်လာပြီး
စာအုပ်လည်းကပ်ရင်း "ဦးဇင်းရယ် ဦးဇင်း ဒကာကြီး ကဆေးရုံတက် လိုက်ရတယ်။
ခွဲစိတ်မှုလည်းပြုလိုက်ရတယ်။အဲဒါဆေးရုံပေါ်မှာ ဦးဇင်းလေးကို စာအုပ်သွားပို့လိုက်ဦး။ ဦးဇင်းလေး
စိတ်ဆိုးဦးမယ်လို့ တစ်ချိန်လုံးပြောနေတာ။ တပည့်တော်တို့ကလည်း
ဦးဇင်းလေးစိတ်မဆိုးတတ်ပါဘူး။ မေတ္တာနဲ့နေတဲ့ ဦးဇင်းလေးပါလို့တောင် ပြန်ပြော ရတယ်ဘုရား" လို့ပြောပြပါတယ်။

'တော်ပါသေးရဲ့' လို့ကိုယ့်ကိုယ်ကိုယ် ဘုရားတလိုက်မိပါတယ်။ တကယ်လို့သာ မဂ္ဂဇင်းလာမပို့ရကောင်းလားဆိုပြီး မဂ္ဂဇင်းတိုက်ကို ဖုန်းတွေဘာတွေ ဆက်ပြီးကောလိုက်မိရင် ငါးပါးမှောက်တော့မှာပါ။ ကိုယ့်ကိုလည်း မဂ္ဂဖင်းတိုက်က အထင်သေးသွားမှာပါ။

တော်တော့် တော်သေးပါတယ်။ စိတ်ဆိုးတယ်ဆိုပေမယ့်က အပြင်ထွက်မဆိုးဘဲ ရင်ထဲမှာပဲ ကြိတ်ဆိုးနေတာဆိုတော့ အမှတ် ရော့မသွားတော့ပါဘူး။

အကြောင်းရင်းသိလိုက်ရတော့ အလိုလို ခွင့်လွှတ်ပြီးသားဖြစ်သွားသလို ကိုယ့်ကိုယ်ကိုယ်တောင် ပြန်စိတ်ဆိုးသွားမိပါတယ်။ အကြောင်း ရင်းကို
မစုံစမ်းဘဲ ကိုယ့်အထင်နဲ့ ကိုယ်တွေးပြီး သူတစ်ပါးကို စိတ်ဆိုးနေမိလို့ပါ။
ပြီးတော့ စိတ်ထဲကလည်း အလိုလို သူတို့ကိုပြန်အား နာနေမိပြန်ပါတယ်။
ဖြစ်ပုံကအဲဒီလိုပါ။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ဆိုပေမယ့် နိဗ္ဗာန်မရသေးခင် ကြားကာလမှာ နေနည်း၊တိုင်နည်း၊စားနည်း၊သောက် နည်း၊နောက်ဆုံး အနိမ့်ဆုံးဖြစ်တဲ့ ရေအိမ်တက်နည်းအထိ မြတ်စွာဘုရားရှင်က အသေးစိတ်ဟောပြပေးထားခဲ့ပါတယ်။

လူတွေ မသိလို့ရယ်၊ မကျင့်သုံးလို့ရယ်ကြောင့် စိတ်ဆိုးတာ၊
စိတ်ညစ်တာ၊စိတ်မချမ်းသာတာ၊ စိတ်ကောက်တာ၊ စိတ်နာတာ၊ စိတ်ပျက် တာ
စသည်တွေဖြစ်နေရတာပါ။

မြတ်စွာဘုရားရှင်က ပြဿနာတစ်ခုဖြစ်လာရင် အကြောင်းရင်းရှာ
ဖျောက်ပါလို့ဟောထားပေမယ့် လူတော်တော်များများက ပြဿနာ ဖြစ်လာပြီဆိုရင်
အကြောင်းရင်းရှာဖို့ထက် ပြဿနာကို ပြဿနာနဲ့ဖြေရှင်းဖို့ပဲ
အရင်စဉ်းစားလိုက်ကြတာပါ။ ဒီတော့ "ပြဿနာပြီးရင် ပြဿနာပဲ"
ဆက်ဖြစ်နေကြတော့တာပါ။ ပြဿနာဖြစ်ပြီဆိုရင် စိတ်ဆိုးမှု၊စိတ်ဆင်းရဲမှု၊စိတ်မချမ်းသာမှု၊ စိတ်ညစ်မှုစတဲ့ ဆိုးကျိုးတွေက လည်း ၀င်လာတော့တာပါ။
'ငါ့ကို စိတ်ဆင်းရဲအောင် လုပ်တာပဲ' ဆိုပြီးစိတ်ဆင်းရဲအောင် လုပ်တဲ့သူကိုမုန်း၊ မုန်းတော့ စိတ်ဆင်းရဲ၊ စိတ်ဆင်းရဲတော့ မုန်းနဲ့
စိတ်ဆင်းရဲကြော မုန်းကြောတွေ ရှည်နေတော့တာပါပဲ။ နောက်ဆုံးရလာဒ်ကတော့
ထပ်ဆင့်စိတ်ဆင်းရဲရတာပါပဲ။

စိတ်ဆင်းရဲသွားတော့ ကိုယ်ကသူ့ကို မမြင်ချင်၊ သူက ကိုယ့်ကိုမမြင်ချင်နဲ့
သူတက်တဲ့ပွဲ ကိုယ်မတက်၊ ကိုယ်တက်တဲ့ပွဲ သူမတက်နဲ့ ရလာဒ်တွေကတော့
ကောင်းကွက်တစ်ကွက်မှကို မရှိတော့တာပါ။
ကိုယ့်ဘ၀ရဲ့ ဖြစ်ခဲ့သမျှ ဖြစ်စဉ်အားလုံးကို ပြန်စဉ်းစားကြည့်ရင် အကြောင်းရင်းမရှာခဲ့မိလို့ မှားခဲ့တာတွေ အများကြီးပါ။

စာရေးသူဘ၀မှလည်း ကိုယ်ကအကြောင်းရင်းမရှာမိလို့ စိတ်ဆိုးခဲ့ရတာတွေ အများကြီးရှိခဲ့ဖူးပါတတယ်။
တချိုကိုတော့ ရင်ထဲကပဲစိတ်ဆိုးနေပြီး တချို့ကိုတော့ အပြင်ထွက်ပြီး စိတ်ဆိုးမိလိုက်ပါတယ်။
ရင်ထဲကပဲ စိတ်ဆိုးတဲ့အခါမျိုးမှာ ဘာပြဿနာမှ မဖြစ်လိုက်ပေမယ့်
ကိုယ်ပဲခံစားနေရပေမယ့် အပြင်ထွက်ပြီး စိတ်ဆိုးပြလိုက်တဲ့ အခါမှာတော့
မိတ်ပျက်ကုန်တော့တာပါပဲ။

ဒီတော့ အပိုင်းသုံးပိုင်းထွက်လာပါလိမ့်မယ်။

ပြဿနာတစ်ခုဖြစ်လာတဲ့အခါ အကြောင်းရင်းရှာဖျောက်ပစ်တာရယ်၊ ရင်ထဲမှာပဲ ကျိတ်စိတ်ဆိုးနေတာရယ်၊ အပြင်ထွက်ပြီး စိတ်ဆိုး ပြလိုက်တာရယ်ပါ။

အကြောင်းရင်းရှာပြီးဖျောက်တဲ့နည်းကို မကျင့်သုံးနိုင်သေးရင်တောင် စိတ်ဆိုးချင်သပဆိုရင်လည်း ရင်ထဲမှာပဲ ဆိုးလိုက်ပါ။

ရင်ထဲမှာပဲ ဆိုးနေတာဆိုတော့ ပြဿနာရဲ့ အကြောင်းရင်းကို
သိလိုက်ရတဲ့အချိန်မှာ ကိုယ်ကပိုနေမြဲ ကျားနေမြဲဆက်နေပြီး သူပြော
လာတဲ့အတိုင်း ချော်လဲရာ ရောထိုင်လိုက်ရုံပါပဲ။
ကိုယ့်ရဲ့ စိတ်ဆိုးမှုက အပြင်ထွက်ပြီး ဆိုးပြထားတာမဟုတ်တော့ ကိုယ့်အတွက် သိက္ခာမကျတော့သလို မိတ်လည်းမပျက်တော့ပါဘူး။

တချို့ကျတော့ ပြဿနာတစ်ခုဖြစ်လာရင် "၀ုန်းဒိုင်း"ဆိုပြီး ပေါက်ကွဲ ပစ်တတ်ကြပါတယ်။ အကြောင်းရင်းသိလိုက်ရတဲ့အခါ ဒါမှမဟုတ် ကာလတစ်ခုကြာသွားပြီး စိတ်အေးသွားတဲ့အခါကျမှ ကိုယ်ပြုမူခဲ့တာတွေ ပြန်တွေးပြီး စိတ်မကောင်းဖြစ်ရပြန်ရော။

တချို့ပြဿနာတွေဟာ ကာလတစ်ခုလောက်သည်းခံပေးလိုက်မယ်ဆိုရင် ပြေသွားတာများပါတယ်။ စိတ်ဆိုးတယ်ဆိုတဲ့နေရာမှာလည်း ရက်ရှည်လရှည် နှစ်ချီပြီး ဘယ်သူမှ ဆိုးမနေနိုင်ပါဘူး။ ကာလလေးတစ်ခုလွန်မြောက်သွားရင် ပြေသွားကြတာများပါတယ်။
ဇာတ်တော်တွေ၊ သမိုင်းတွေ၊ ရာဇ၀င်တွေ ပြန်ကြည့်ရင်လည်း အကြောင်းရင်းမရှာမိလို့ ဆုံးရှုံးနစ်နာသွားရတဲ့ သာဓကတွေ အများကြီးပါ။

အတွေးထဲမှာ လတ်တလောပေါ်လာတာလေးက သရေခေတ္တရာ သမိုင်းလေးပါ။

သရေခေတ္တရာခေတ်ကို စတင်တည်ထောင်ခဲ့တဲ့မင်းက ဒွတ္တပေါင်မင်းကြီးပါ။
နောက်ဆုံးမင်းဆက်က သုပညာမင်းပါ။ သရေခေတ္တရာ ခေတ်ဟာ မင်းဆက်ပေါင်း
(၂၅)ဆက်ရှိခဲ့ပါတယ်။

မင်းဆက် (၂၅)ဆက်ထဲက နောက်ဆုံးဖြစ်တဲ့ သုပညာမင်း အကြောင်းပြောပြရအောင်ပါ။

တစ်နေ့မှာ သုပညာမင်းဟာ ကမ်းယံပြည်မှာ မငြိမ်မသက်ဖြစ်နေလို့
စစ်ထွက်ခဲ့ရပါတယ်။ အင်အားကောင်းကောင်းနဲ့ တိုက်လိုက် တဲ့အတွက်
စစ်နိုင်ပါတယ်။ ဒါပေမယ့် သုပညာမင်းဟာ အဲဒီ ကမ်းယံပြည်မှာပဲ
နေနေလိုက်ပါတယ်။ စစ်သည် မှူးမတ်တွေကတော့ သရေခေတ္တရာကိုပဲပြန်ချင်နေကြပါတယ်။ ဘယ်လောက်အထိ နေနေလိုက်သလဲဆိုရင် သုံးနှစ်အထိတောင် နေနေလိုက်ပါတယ်။ သုံးနှစ်ပြည့်မှပဲ သရေခေတ္တရာပြည်ကို ပြန်ခဲ့ပါတယ်တဲ့။

သရေခေတ္တရာပြည် ပြန်ရောက်တော့ တိုင်းပြည်က အရင်လိုမဟုတ်တော့ပါဘူး။ မငြိမ်မသက်တွေ ဖြစ်နေပါပြီ။
ဒီလိုနဲ့တစ်နေ့မှာတော့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ အိမ်ရှေ့ထွက် စကောနဲ့ ဆန်ပြာနေပါတယ်။ ဆန်ပြာနေတုန်းမှာပဲ လေပွေကြီးတစ်ခု
ဝှေ့တိုက်လိုက်ပြီး အမျိုးသမီးငယ်လေးရဲ့ လက်ထဲမှာရှိတဲ့ စကောလည်း
လေပွေကြီးထဲကို လွင့်တက်ပြီး ပါသွားပါတယ်။

လေပွေနောက်ကို စကောရုတ်တရက် လွင့်ပါသွားတော့ "ငါ့စကော ငါ့စကော" လို့အော်လည်းအော် စကောနောက်ကိုလည်း ပြေးလိုက်သွားပါတယ်။

"ငါ့စကော ငါ့စကော" ဆိုတဲ့အသံကြားတော့ ကျန်တဲ့အိမ်ထဲက လူတွေကပါ ထွက်ကြည့်ကြပါတယ်။
ဒါပေမယ့် ထွက်ကြည့်တဲ့ လူတွေရဲ့နားထဲမှာ ဘယ်လိုကြားပြီး ဘယ်လိုနားလည်သွားသလဲဆိုတော့ "ငစကောစစ်တပ်ကြီး ချီလာပြီ၊ ငစကောစစ်တပ်ကြီး ချီလာပြီ" လို့ကြားပြီး နားကြားမှုလွဲသွားပါတယ်။
ဒီတော့ ပြည်သူပြည်သားတွေက ငစကောတပ်ကြီးကို ကြောက် လန့်ပြီး မိသားစုလိုက် ကိုယ်စီထွက်ပြေးကြပါတော့သတဲ့။

အပြင်မှာ ရုတ်ရုတ်သဲသဲနဲ့ ဆူညံနေတဲ့အချိန်မှာ သုပညာမင်းဟာလည်း မကျန်းမမာဖြစ်နေတဲ့အချိန်ပါ။
နောက်ဆုံးတော့ သုပညာမင်းဟာ ဆူညံပွက်လောရိုက်နေတဲ့ အသံတွေကြောင့်ပဲ ထင်ပါတယ်။ နတ်ရွာစံသွားပါတယ်။
အဲဒီမှာတင် သရေခေတ္တရာပြည်ကြီး ပျက်စီးသွားရသလို သရေခေတ္တရာမင်းဆက်လည်း ပြတ်သွားရပါတော့တယ်။
ဒါကြောင့် မြို့ပြည်မင်းဆက်ပြတ်သွားတဲ့ အတွက် သုပညာရဲ့နောက်မှာ နဂရဆိန္နဆိုတဲ့ အမည်ထပ်ဆက်ပြီး သုပညာ
နဂရဆိန္နမင်းလို့ နောက်ပိုင်းမှာ အမည်တွင်သွားတော့တယ်။
နဂရ-ကမြို့၊ဆိန္န-ကပြတ်တောက်တယ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။

တကယ်တော့ ဘာငစကောစစ်တပ်ကြီးမှ ချီမလာခဲ့ပါဘူး။ "ငါ့စကော" ဆိုတဲ့ စကားလေးတစ်ခွန်းဟာ တိုင်းပြည်တစ်ပြည်ပျက်စီးသွားရသလို မင်းဆက်လည်း ပြတ်သွားခဲ့ရပါတယ်။
ဘာပဲပြောပြော စကားလေးတစ်ခွန်းဟာ တိုင်းပြည်တစ်ပြည်နဲ့ မင်းဆက်တစ်ခုကို ပြောင်းလွဲသွားနိုင်ခဲ့တာတော့ အမှန်ပါပဲ။

တကယ်လို့သာ အဲဒီအချိန်မှာ ငစကောစစ်တပ်ကြီး ချီလာတာမဟုတ်ဘူး။
စကောလွင့်သွားတာ ဆိုတဲ့ အကြောင်းရင်းကို ရှာပေးနိုင်တဲ့
ပညာရှိတစ်ယောက်ယောက်သာ ထွက်ပေါ်ခဲ့ရင် အခုလိုဖြစ်သွားရမှာ
မဟုတ်ဘူးလို့တောင် တွေးမိပါသေးတယ်။

ဒါပေမယ့် တရားသဘောနဲ့ ကြည့်ပြန်တော့လည်း ဖြစ်ချိန်တန်ရင်ဖြစ်ပြီး
ပျက်ချိန်တန်ရင်ပျက် သွားရတဲ့သဘောပါ။ သက်ရှိသက်မဲ့ အရာအားလုံးဟာ
တစ်နေ့သောအခါမှာ အကြောင်းတစ်စုံတစ်ခုနဲ့ ပျက်ဆီးကြရမှာပါ။
ဘာမှမတည်မြဲပါဘူး။ ဘာမှမတည်မြဲလှတဲ့ တရားသဘောလေးကို ဆင်ခြင်ပြီး မပျက်ဆီးခင်လေးမှာ အဓမ္မအမှုကို မပြုမိဖို့ဘဲ အရေးကြီးပါတယ်။

ဖြစ်ခြင်းပျက်ခြင်းတွေရဲ့ အကြောင်းတွေးမိရင် ဆိုးနေတဲ့စိတ်တောင်
ဘယ်ရှာလို့ရှာရမှန်း မသိအောင် ပျောက်သွားတတ်ပါတယ်။ တကယ်သေချာ
စဉ်းစားကြည့်ရင် မပျက်ဆီးခင်လေးမှာ စိတ်ဆိုးခြင်းကို ဘာဖြစ်လို့
အချိန်တစ်ခုလုပ်ပြီး ပေးနေရတော့မှာလဲလေ။

ဘာပဲပြောပြော စိတ်ဆိုးတော့မယ်ဆိုရင် အကြောင်းရင်းကို ရှာကြည့်လိုက်ပါဦး။ မဆိုးရရင် မနေနိုင်တာကလွဲလို့ဆိုရင်လည်း ရင်ထဲ မှာပဲဆိုးလိုက်ပါတော့။

Ref : ရဝေနွယ် ( အင်းမ )

ကြာပွင့်စားသူများ'

ကြာပွင့်စားသူများ'
(ဂျူး)

'အိုဒက်ဆီ'တွင် ဟိုးမားရေးထားသည့် 'ကြာပွင့်စားသူများ'အကြောင်းကိုဖတ်ရသည့်အခါ ကျွန်မရင်ထဲမှာ တမ်းတမှုတစ်ခု ဖြစ်ပေါ်ခဲ့၏။ ကျွန်မလည်း ကြာပွင့်တွေ စားချင်လိုက်တာ။

ဟိုးမား၏ 'ကြာပွင့်စားသူများ'သည် ပင်လယ်ပြင်ထဲက ကျွန်းကလေးတစ်ကျွန်းတွင်နေထိုင်သည်။ ဟိုးမား၏သင်္ဘော ထိုကျွန်းသို့ဆိုက်ကပ်မိသောအခါ ကျွန်းသူ ကျွန်းသားများသည် ဘယ်လိုလူသတ္တ၀ါမျိုးလဲ၊ ရန်ပြုမှာလား၊
ရိုင်းစိုင်း သလားစသဖြင့် မသိရသေးသောကြောင့် စာရေးသူက
သင်္ဘောသားနှစ်ယောက်သုံးယောက်ကိုလွှတ်ပြီး စနည်းနာ စုံစမ်းခိုင်းသည်။ ပြန်မလာ၊ သတင်းလည်း ပြန်မပို့၊ တကယ်တော့
သင်္ဘောသားတွေကို ကျွန်းသူကျွန်းသားများက အန္တရာယ်ပြုတာမဟုတ်။
ကြာပွင့်များကိုကျွေးပြီး ဧည့်ဝတ်ကျေပွန်စွာပြုစုနေကြခြင်းသာဖြစ်သည်။ သူတို့ကျွေးသော ကြာပွင့်ကြာဆံတို့၏ ချိုမြသည့်ဝတ်ရည်များကို စားသုံးကာ သင်္ဘောသားများ ယစ်မူးချမ်းမြေ့ကြသည်။

သင်္ဘောဆီသို့ မပြန်လို၊ ဘာသတင်းမှလည်း ပြန်မပို့လို၊သူတို့ရောက်သည့်နေရာမှာပဲ သူတို့စိတ်ချမ်းမြေ့သည်။ သူတို့မှာ အတိတ်မရှိ၊ သူတို့မှာ အနာဂတ်မရှိ။ကြာပွင့်များဖြင့် မိန်းမူးစွာ သူတို့နှစ်သိမ့် ကျေနပ်ခဲ့ကြသည်။
ကျွန်မစဉ်းစားကြည့်သည်။အဲသည်လူတွေ ဘယ်အချိန်ကျမှ သူတို့ဘ၀ကို သူတို့ပြန်သွားချင်လာကြမှာလဲ။ ကြာပွင့်တွေ၏ အာနိသင် ကုန်သွားမှလား။ သို့မဟုတ် တစ်သက်လုံး မိန်းမောယစ်မူးနေမလား။ အိုဒက်ဆီမှာတော့ သင်္ဘောသားတွေကို ဇွတ်ဆွဲခေါ်ပြီး
အခွံသက်သက် သင်္ဘောကြီးဆီ ပြန်ခေါ်လှော်ခတ် ခိုင်းရသည်ဟု ဆိုပါသည်။

ကျွန်မ ကြာပွင့်တွေ စားချင်သည်။

လောက၏၀န်ထုပ်ဝန်ပိုးတွေ၊ဖိစီးမှုတွေ။ တွန်းအားတွေများလွန်းသည့် ကျွန်မလိုဘ၀တူတွေ ကြာပွင့်တွေတော့ စားကြရမှာ
မဟုတ်။ သို့သော် သူတို့မှာလည်း သူတို့ ယစ်မူးမိန်းမောရမည့် အရသာ
ကိုယ်စီကို ရှာဖွေစားနေကြတာ ကျွန်မအမြင်ပါပဲ။

တချို့က ကော်ဖီဖြင့် ယစ်မူးသည်။ တချို့က ဘီယာဖြင့်ယစ်မူးသည်။ တချို့က
ကွမ်းယာဖြင့်ယစ်မူးသည်။ ဂျပန်တွေက ဟင်းအဖြစ်လည်း ချက်စားလို့ရသော ငါး
သို့မဟုတ် မှိုဖြင့်ယစ်မူးသည်ဟု ကြာဖူးပါသည်။ ကျွန်မ ငယ်ငယ်က မှိုကြက်
တောင်ဟုခေါ်သော မှိုတစ်မျိုးကို မီးကင်ပြီး စားဖူးသည်။ တော်တော်ရှားသည့်
မှိုဖြစ်သဖြင့် နေ့စဉ်မှိုရှာပေမယ့် တစ်ပတ် လောက်ကြာမှ တစ်ပင်ပဲ
တွေ့ချင်တွေ့တတ်သည်။ ခပ်ရှည်လျားလျား၊ သူများမှိုလို ထီးကားကား
ဝိုင်းဝိုင်းပြန့်ပြန့် မဟုတ်။ ရိုးတံသာသာပဲ ခပ်ဖောင်းဖောင်းလေးလုံးနေသော ထိပ်ရှိသည်။ ထိုမှုကိုမီးကင်ပြီး ကျွန်မတို့ကလေးတစ်တွေ ဆားလေးဖြူး ကာ
ဝေမျှစားကြရ၏။ စားပြီးသည့်အခါ အိမ်ရှေ့ကွပ်ပျစ်လေး ပေါ် ပက်လက်လှန်ကာ
မိုးကောင်းကင်က တိမ်တွေတရိပ်ရိပ် ပြေးတာ စောင့်ကြည့်ရတာ အလွန်အရသာရှိသည်။
မှိုကချိုလွန်း ဆိမ့်လွန်းသဖြင့် ယစ်မူး ကျေနပ်ကြရခြင်းဖြစ်မည်ဟု
ကလေးအတွေးဖြင့် ယူဆခဲ့၏။

တကယ်တော့ ကျွန်မတို့ ကလေးတစ်သိုက် သုခဘုံတစ်ခုဆီသို့ အလည်သွားခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်မှာ မေမေဆူ မှာလည်းမကြောက်။ မနက်ဖြန်စာမရလို့ ဆရာရိုက်မှာလည်း
မကြောက်။ မနက်က စဉ့်အိုးတစ်အိုးအပြည့် ရေခပ်ခဲ့ရသည့် လက်ဖ၀ါးတွေလည်း
သိပ်မနာတော့သလို ထင်ရသည်။ တော်တော်ကောင်းတဲ့ မှိုပဲ။ နေ့စဉ်ရှာမတွေ့တာ
နာတာပဲ....ဟု ရေရွတ်တမ်းတခဲ့မိသည်။

ကျွန်မ သေချာ စဉ်းစားမကြည့်မိလို့ပါ။ ကျွန်မမှာ ယစ်မူးသာယာမှုတစ်ခုမဟုတ်
တစ်ခုတော့ အမြဲရှိနေခဲ့သည်။ ထန်းသီး ဆံနုနုလေးတွေကို စားဖူးသည်။
ပေသီးနုနုလေးတွေ စားကြည့်ဖူးသည်။ ကြာခွက်ဟုခေါ်သော အစိမ်းရောင် အထုပ်
ကလေးထဲမှ ကြာစေ့ အစိမ်းနုအဆံလေးတွေ ထုတ်ယူပြီး အတွင်းက အနှစ်ကို
စားဖူးသည်။အဲဒါက ကလေးဘ၀ တုန်းကပေါ့။ ဆယ်ကျော်သက် အရွယ်မှာတော့ မြန်မာပီပီ
ကွမ်းယာကို တစ်ခါမြည်းကြည့်ဖူးသည်။ ဆေးရွက်ကြီး ပါသွားသဖြင့်
မူးဝေသွားခဲ့သည်။

အခုအခါမှာတော့ ကျွန်မ၏ ယစ်မူးမှုက ရသအမျိုးအစားပြောင်းသွားသည်။ အစားအသောက်ဖြင့် ယစ်မူးခြင်းမဟုတ် တော့ဘဲ ဒြပ်မဲ့အရာများဖြင့်
ယစ်မူးလာသည်။ ကဗျာဖြင့် ယစ်မူး၏။ ရုပ်ရှင်ဖြင့် ယစ်မူး၏။ ဂီတဖြင့်
ယစ်မူး၏။ ကဗျာ၊ ရုပ်ရှင်နှင့် ဂီတသည် လူတချို့အတွက်တော့
တဒင်္ဂစိတ်ချမ်းမြေ့မှုဆီသို့ အရောက်ပို့ပေးမည့်ယာဉ်များဖြစ်ကြသည်။

လူတိုင်းလူတိုင်းသည် ယစ်မူးမှု အမျိုးမျိုးကို မြည်းစမ်းဖူးသူတွေချည်း
ဖြစ်မလားဟု ကျွန်မတွေးမိသည်။ ရာသီဥတု၏ ဖိနှိပ်မှုဒဏ်၊ လူမှုပတ်ဝန်းကျင်၏
ဖိနှိပ်မှုဒဏ်၊ စီးပွားရေးကြပ်တည်းမှုဒဏ်၊ထွက်ပေါက်မဲ့ မျှော်လင့်ချက်မဲ့ မွန်းကြပ်မှုဒဏ်၊ ဒဏ်ရာ ဒဏ်ချက်အားလုံးမှာ
နာကျင်စေချည်းပဲဖြစ်သည်။ ထိုနာကျင်မှုတွေကို ကုသဖို့ဘာလိုသလဲ
ဟုတွေးကြည့်သည်။ ငွေလိုသလား။ငွေလိုတာတော့မှန်၏။ ငွေသည် အရာတော်တော်များများကို ပြီးမြောက်စေသည်မဟုတ်လား။ သို့သော် ငွေဖြင့် ကုသလို့ရသည့် ဒဏ်ရာတော်တော်များများအတွက်ပင်လျှင် ကျွန်မတို့မှာ လုံလောက်သည့်ငွေမရှိ။ ထို့ထက်ပို ဆိုးသည်မှာ ငွေဖြင့် ကုလို့မရသည့် ဘ၀ဒဏ်ရာတွေလူတိုင်းမှာရှိသည်။ ထိုဒဏ်ရာများကိုတော့ တစ်ခုခုကို ယစ်မူးခြင်း နှင့်သာ ကုသနိုင်ပါလိမ့်မည်။
ထိုယစ်မူးမှုမျိုးကို နာမည်အမျိုးမျိုးတပ်ကြသည်။ အိပ်မက်ဟုတစ်ချို့က နာမည်ပေးသည်။ တစ်ချို့က စိတ်ထွက်ပေါက်ဟု နာမည်ပေးသည်။ ကမ္ဘာကျော်
ပြင်သစ်ကဗျာဆရာကြီး ရှားလ်ဘို့ဒ်လဲ(ရ်) (Charles Baudelaire) ကတော့
သုခဘုံအတု (Artificial Paradise) ဟုနာမည်ပေးခဲ့ပါသည်။

သုခဘုံအတုကိုဖန်တီးရာ၌ အစွမ်းအထက်ဆုံး အာနိသင်ကိုပေးနိုင်သည့်အရာမှာ ကြာပွင့်တွေလား။ ဟိုလ်ဒါလင်၏ ကဗျာ ထဲက မေ့စေသောမြစ်(လီလီမြစ်)၏ ရေလား။
တံတားဦးက ကွမ်းနုဝါနှင့် ငန်းမြာကဆေးလား သို့မဟုတ် ဘရန်း၏ ဂီတ လား၊
နန်းတော်ရှေ့ဆရာတင်၏ သူဌေးဝါဒ သီချင်းလား။ ဖြစ်နိုင်လျှင် သေချာအောင်
ထိုအရာအားလုံးကို မြည်းစမ်းလိုက် ချင်ပါသည်။ ဒေါသတွေကို မေ့ဖို့၊
နာကျင်မှုတွေကို မေ့ဖို့၊ ဒဏ်ရာတွေကို ဆေးကြောဖို့ဖြစ်သည်။

အီဇာဘယ်အာယန်ဒေး၏ စာအုပ်တစ်အုပ်မှာ အစားအသောက်နှင့် ပတ်သက်ပြီး
ယစ်မူးမှုရယူနိုင်အောင် ဘယ်လိုပြင်ဆင် မလဲ။ ချစ်ခြင်းမေတ္တာကိုရအောင်၊
ချစ်ရမ္မက်ကိုရအောင်၊ ဘယ်အသီးအရွက်၊ ဘယ်လိုအရောင်၊ ဘယ်လိုအရသာကို ဘယ်
လိုပြင်ဆင်မလဲဟု စနစ်တကျ ရေးထားသည်။ ဖတ်လို့ အလွန်ကောင်းပါသည်။
ဒါလည်းသုခဘုံအတုတစ်ခုကို ပြင်ဆင်ခြင်း ပဲ ဖြစ်လိမ့်မည်။

တချို့က ဘောလုံးပွဲတွေကိုကြည့်သည်။ဘောလုံးတစ်ပွဲစာတော့ သူတို့ယစ်မူးခွင့်ရလိမ့်မည်။ ဒါလည်းတစ်နည်းတော့ သုခဘုံအတုပဲဖြစ်မလားမသိပါ။ ဘို့ဒ်လဲ(ရ်)စမ်းသပ်ခဲ့သည့် သုခဘုံအတုက ယစ်မူးစေတတ်သော အပင်တစ်ခုဖြင့် ဖော်စပ် ထားသော
အစားအသောက်တစ်ခုဖြစ်သည်။ ထို့ကြောင့် အာရုံကြောကို ပြေလျော့စေသည်။
ပျော်ရွှင်စေသည်။ ယစ်မူး စေသည်။ ကလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစေသည်ဟု
ဆိုပါသည်။
ကင်းဒမ်းဝါ့(ဒ်)ဟူသော ရုက္ခဗေဒပညာရှင်ကြီး တစ်ယောက်၏ ခါကာဘိုရာဇီသွား
တောလားမှတ်တမ်း တွင် ကျွန်မဖတ် လိုက်ရတာကတော့ သူ့အထမ်းသမားအချို့
အသီးတစ်မျိုးကို စားပြီး မူးဝေမိန်းမောကုန်ကြသည်ဟု ဆိုသည်။ သဘာဝ
တရားကြီးသည် ဒုက္ခဆင်းရဲမှုတွေ များလှသော လူသားတွေအတွက် သက်သာရာရအောင်
တစ်ခုမဟုတ် တစ်ခုတော့ ဖြေဆေးလေးတွေ ပေးထားသားပဲ....ဟု ကျွန်မတွေးမိ၏။

အရင်ခေတ်က လူတွေထက် သည်ခေတ်လူတွေက သုခဘုံအတု ပိုပြီးလိုလားလေသလားမသိ။
နေရာတကာမှာ ယစ်မူးမှု အမျိုးမျိုးဖြင့် လူတွေဘ၀မေ့ဖို့ ကြိုးစားနေတာကို
မြင်မြင်နေရသည်။ တချို့နည်းက အန္တရာယ်ကြီး၏။ သူတို့က စွန့်စားတာ ကို
ကြိုက်ဟန်တူပါသည်။

ကျွန်မအတွက်ကတော့ ဟိုးမား၏ ကြာပွင့်ကို လက်လှမ်းမမီ၊
ဝိုင်ကိုကြိုက်သော်လည်း သိပ်မတည့်။ ထို့ကြောင့် ဂျွန်လင်နွန် ၏ Imagine
သီချင်းဖြင့် ယစ်မူးသည့်အခါလည်းရှိ၊ ဓူဝံ၏မာလာဝတ္ထုဖြင့်
ယစ်မူးသည့်အခါလည်းရှိ၊ ရော်ဘင်ဝီလျမ်(စ်) သရုပ်ဆောင်သော Jakob the Liar
ရုပ်ရှင်ဖြင့် ယစ်မူးမိသောအခါတွေလည်း ရှိသည်။ သိပ်မဆိုးလှပါ။

သုခဘုံအစစ်ကို မရနိုင်သည့်အခါ အတုကလည်းတော်တော်အလုပ်ဖြစ်ပါသည်။

Ref:
- The Odyssey by Homer.
- Artificial Paradise by Charles Baudelaire
(Eleven News Vol: 1/No: 25, 12-5-2002)
mmnetwork မှကူးယူဖော်ပြသည်။