Monday, August 2, 2010

ဘ၀ပညာ

Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Grand Mom

ပညာဟုဆိုလိုက်လျှင် အတန်းပညာ၊ ကျောင်းပညာကိုသာ ပြေး၍ မြင်ကြ၏။ အမှန်စင်စစ် ပညာဟူသည်မှာ အလွန်တရာပင် ကျယ်ပြန့်လှ၏။ ဘ၀ပညာဟူသည်မှာ အတန်းပညာ၊ ကျောင်းပညာနှင့် မလုံလောက်၊ အဆင့်မြင့်ပညာတွေတတ် မြောက်၍ မဟာဘွဲ့၊ ပီအိပ်ခ်ျဒီ စသည်တွေရစေဦးတော့ ပညာပြည့်စုံပြီဟူ၍ မဆိုနိုင်သေးချေ။ ကျောင်းငယ်၊ ကျောင်းကြီး၊ တက္ကသိုလ်အသီးသီး တို့မှရသော ပညာသည် ဘ၀ပညာ၏ နိဒါန်းမျှသာ ရှိပါသေး၏။

ဘ၀မှာ အနေတတ်ဖို့ အရေးကြီး၏။ အနေတတ်နည်းပညာသည် ဘ၀ပညာပင်ဖြစ်၏။ ဘ၀ကို ဘယ်လိုထူထောင်မလဲ။ ဘ၀ကို ဘယ်လို အကောင်အထည် ဖော်မလဲ။ ဘ၀ကို ဘယ်လိုအသုံးပြုမလဲ။ ဘ၀မှာ အနှစ်သာရရှိရှိ ဘယ်လိုနေထိုင်မလဲ။ ဘယ်လိုနေမလဲ။ ဘယ်လိုသေမလဲ။ နေနည်းသေနည်း နှစ်ခုလုံးကို နားလည်သောပညာသည် ဘ၀ပညာ ဖြစ်သည်။ ဘ၀ပညာသည် ဒဿနိက ပညာတစ်မျိုး ဖြစ်သည်။ စာပေပညာအပြင် ကိုယ်ပိုင်ဘ၀ကပေးသော ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင် အယူအဆဟူသော ဒဿနိကပညာဟု ဆိုက ပို၍နီးစပ်၏။

ကိုယ်ပိုင်အတွေးအခေါ်ဟု ဆိုသော်ငြား စင်စစ်အားဖြင့် စာတွေ့လေ့လာ၍ ကိုယ်တွေ့နှင့် ညှိနှိုင်းပြီးမှ ထွက်ပေါ်လာသော အတွေးအခေါ် အယူအဆပင် ဖြစ်၏။ သိပ္ပံပညာ၌သော်မှ တီထွင်မှုဟူသည် ရှိပြီး အကြောင်းအရာ ပစ္စည်းပစ္စယ တို့ကို အ ကြောင်းခံ၍ ဆောင်ရွက်မှုမျှသာဖြစ်၏။ ထိုကဲ့သို့ပင် အတတ်ပညာ၊ အသိပညာတို့ကို ဆည်းပူးပြီးမှ မိမိ၏ ဘ၀ကပေးသော သင်ခန်းစာတို့ဖြင့် နှိုင်းချိန်ယူရသော ပညာသည် ဘ၀ ပညာဖြစ်၏။ 'မနတိ ဇာနာတီတိ မနုေဿာ' ဟူသော ၀ိဂြိုဟ်အရ သိတတ်သူကို လူဟုခေါ်သည်။ အရစ္စတိုတယ်ကလည်း 'လူသည် သဘာဝအားဖြင့် သိလိုသော ဆန္ဒရှိသည်' ဟုဆိုသည်။ လူသည် သိချင်စိတ်၊ တတ်ချင်စိတ်ရှိသော သတ္တ၀ါမျိုး ဖြစ်သည်။ ထိုစိတ်အရင်းခံကြောင့်ပင် သိလာ၊ တတ်လာ သည်။ ထိုသို့ သိလာ၊ တတ်လာခြင်းကြောင့်ပင် လူနေမှုအဆင့်အတန်း တိုးတက်လာခဲ့သည်။ အသိတွေ မြင့်လေ၊ အတတ်တွေ မြင့်လေ လူနေမှုဘ၀တွေ မြင့်လေမြင့်ခဲ့သည်။
ဘ၀ကို ဘယ်လိုထူထောင်မလဲ။ ဘ၀ကို ဘယ်လို အကောင်အထည်ဖော်မလဲ။ ဘ၀ကို ဘယ်လိုအသုံးပြုမလဲ။ ဘ၀မှာ အနှစ်သာရရှိရှိ ဘယ်လိုနေထိုင်မလဲ။ ဘယ်လိုနေမလဲ။ ဘယ်လိုသေမလဲ။ နေနည်းသေနည်း နှစ်ခုလုံးကို နားလည်သော ပညာသည် ဘ၀ပညာ ဖြစ်သည်။

လူသားသည် သိချင်စိတ်ရှိသည့် အလျောက် လေ့လာစူးစမ်းနေသောကြောင့် 'အသိ' ကို ရရှိလာသည်။ အသိရှိလာသောကြောင့် 'အတတ်'တွေ ရရှိလာသည်။ အသိကြောင့် အတတ်တွေ ပေါ်လာသလို အတတ်ကြောင့်လည်း အသိတွေ ပေါ်လာသည်။ အသိကို 'အသိပညာ'၊ အတတ်ကို 'အတတ်ပညာ'ဟု ဆိုကြသည်။ သို့သော် အသိချည်းလည်း ပညာ မဟုတ်သေး။ အသိနှင့်အတတ် ပေါင်းစပ်ပြီးနောက် ထိုပေါင်းစပ်မှုကို အခြေပြုကာ တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်ပြီးကာမှ ရရှိလာသော အဆီအနှစ်သည်သာ 'ပညာ' ဟု ခေါ်ရလေသည်။

သိပ္ပံပညာ၊ ၀ိဇ္ဇာပညာ စသည်ဖြင့် အတတ်များစွာကို ပညာတတ်၍ ခေါ်ကြသည်ကို မကန့်ကွက်လိုသော်လည်း အကောင်းအဆိုး၊ အကျိုးအပြစ်ကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်နိုင်စွမ်းရှိသော ဉာဏ်သည်သာ ပညာဖြစ်သည်။ ထိုပညာသည် ဘ၀ပညာဖြစ်သည်။ 'ကျွန်ုပ်၏ အတွေ့အကြုံအရ ဆိုရပါမူ ကျောင်းသင်ပညာရေးသည် သာမန်မျှသာဖြစ်သည်။ ပို၍အရေးပါသည်မှာ တစ်သက်ပတ်လုံး မိမိကိုယ်မိမိ ပြန်လည်သင်ပေးခြင်း ဖြစ်သည်'ဟု အမေရိကန် စာရေးဆရာကြီး ဂျိန်းစ် အေမစ်ချနားက ဆိုခဲ့လေသည်။

အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ၀ီလျံကောလ်ဟုန်းကလည်း 'ကျွန်ုပ်သည် ကျောင်းဆရာ၊ စီးပွားရေးလုပ်ငန်းရှင်၊ စစ်သား၊ ခရီးသည်၊ စာရေးဆရာဟူသော အလုပ်အမျိုးမျိုးကို လုပ်ခဲ့သည်။ထိုလုပ်ငန်းများအတွက် မည်သည့် တက္ကသိုလ်ကမှ အခြေခံပညာကို မပေးနိုင်ခဲ့ချေ။ ကျွန်ုပ်ကိုကျွန်ုပ် ပြန်လည်ပညာသင်ကြားပေးမှုဖြင့်သာ ထိုလုပ်ငန်းဆောင်တာတို့ကို လုပ်ခဲ့ရလေသည်'ဟု ဆိုခဲ့လေသည်။

'လူတိုင်း၌ ပညာသင်ယူမှု နှစ်မျိုးရှိ၏။ ပထမပိုင်းက သူတစ်ပါးက မိမိကို သင်ကြားပေးခြင်း ဖြစ်၏။ ဒုတိယပိုင်းက မိမိကိုယ်ကို မိမိက သင်ကြားပေးခြင်း ဖြစ်၏'ဟု ဗြိတိသျှသမိုင်းပညာရှင် အက်ဒွပ်ဂစ်မန်းက ဆိုခဲ့သည်။

ဘ၀ဟူသည် သင်ခန်းစာပေါင်း မြောက်မြားစွာ ပို့ချနေသော တက္ကသိုလ် ကျောင်းတော်ကြီး ဖြစ်သည်။ ထိုဘ၀တက္ကသိုလ်ထဲက ပညာရပ်တွေကို နေ့နေ့ညည သင်ယူနေရမည်။ ထိုပညာရပ်တွေသည်သာ ဘ၀အတွက် လက်တွေ့အသုံးဝင်သော ဘ၀ပညာတွေ ဖြစ်သည်။

တချို့က ဘွဲ့လေးတစ်ခုရ ကျောင်းပြီးပြီဟု ဆိုကြသည်။ ကျောင်းပြီးတာတော့ မှန်ပါသည်။ ပညာရေးကတော့ အခုမှ စလုံးရေစသာ ရှိသေးသည်။ ဘ၀ပညာသည် 'တစ်သက်တာ ပညာရေး' ဖြစ်သည်။ ကျောင်းသင်ပညာရေးသည် 'လူ့ဘ၀ခရီးလမ်းကို အကြမ်းသဘော ခင်းပေးလိုက်ရုံမျှသာ ရှိသေးသည်။ လမ်းချော မဟုတ်သေးပေ။ လမ်းချောအောင် အမြဲတစေ သင်ယူ ဖြည့်ဆည်းပေးနေရမည်။

ကျောင်းသင်ပညာကို အခွင့်မသာ၍ သင်ကြားခွင့် မရသူတို့မှာ ပညာရေးနှင့်စပ်၍ စိတ်ပျက်နေဖို့ မလိုပါ။ စိတ်အားငယ်နေဖို့ မလိုပါ။ ဘွဲ့ရမှ ပညာတတ်သည်ဟူသော အယူအဆ အစွဲအလမ်းကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ကမ္ဘာကျော်ပုဂ္ဂိုလ် အ များစု ကျောင်းစာမတော်ခဲ့ကြပါ။ ကျောင်းမပြီးခဲ့ကြပါ။ ယခုခေတ် သားသမီးကို ကျောင်းစာမေးပွဲ အဆင့်တစ်ရမှ၊ အဆင့်နှစ်ရမှဆိုသော မိဘများ အထူးသတိပြုစေလိုပါသည်။ အောင်မြင်မှုက တောင်းဆိုသည်မှာ ပထမတန်းစား ဉာဏ်ရည်ဉာဏ်သွေး မဟုတ်။ ပထမတန်းစား ဇွဲဟူသော ပညာရှိတို့စကား မှတ်သားဖို့လိုပါသည်။

ဘ၀အောင်မြင်ရေးအတွက် သိချင်စိတ်၊ တတ်ချင်စိတ်၊ ဆည်းပူးချင်စိတ်၊ သုံးသပ်နှလုံးသွင်းချင်စိတ်၊ အောင်မြင်ကြီးပွားချင်စိတ် တို့ကိုသာ ရှင်သန်အောင် မွေးမြူပြီး ကိုယ့်အားကိုယ်ကိုး 'တစ်သက်တာပညာ' ဆည်းပူးရေးတွင် ကောင်းစွာဆောင် ရွက်ပါက အောင်မြင်သော ဘ၀ ဖြစ်နိုင်ပါသည်။ သင်ယူမှုကို ဘယ်သောအခါမှ ရပ်မပစ်လိုက်ပါနှင့်ဟု ပညာရှိတို့က ဆိုပါသည်။

အသက်အရွယ် ကြီးရင့်သူတို့၌ အတွေ့အကြုံများသဖြင့် ဘ၀ပညာနှင့် ပြည့်စုံနေကြသည်။ သူတို့တစ်သက်တာ ဘ၀ပညာကို လူငယ်လူရွယ်များအား ပေးလှူနေသော လူကြီးသူမတို့ များစွာရှိကြသည်။ ဘ၀ပညာကို လိုလားသူ လူငယ်လူရွယ် တို့သည် ထိုလူကြီးသူမတို့ထံမှ ဘ၀ပညာကို ဆည်းပူးရယူနိုင်သည်။ ခေါင်းသုံးလုံးရှိသော အဘိုးအိုကို ဆည်းကပ်ပါဟူသည်မှာ ဤအဓိပ္ပာယ် ဖြစ်၏။

ဘ၀ပညာသည် အလှပညာ ဖြစ်သည်။ ဘ၀ပညာသည် ကိုယ့်ဘ၀ကိုလည်း ရုပ်ဆိုးကျည်းတန် မဖြစ်စေရ။ သူများတကာတွေ ဘ၀ကိုလည်း ရုပ်ဆိုးအကျည်းတန် မဖြစ်စေရ။ အတ္တပရ ဘ၀နှစ်မျိုးလုံးကို အလှဆင်သော ပညာသည် ဘ၀ ပညာ ဖြစ်သည်။

ဘ၀ပညာသည် အတ္တအတွက်လည်း ဒုက္ခကို ရှောင်ရှား၊ ပရအတွက်လည်း ဒုက္ခတွေ ဆောင်မထားဘဲ အတ္တပရ နှစ်ဦးနှစ်ဝ သုခနှင့်ပြည့်စုံအောင် ဆောင်ရွက်သော ပညာဖြစ်သည်။ ဘ၀ပညာသည် မည်သူ့ကိုမျှ စိတ်ကသိကအောင့် မဖြစ်စေဘဲ မည်သူကိုမျှ အနှောင့်အယှက်မပေးဘဲ ကူညီရိုင်းပင်းမှုကိုသာ ပေးသော ပညာဖြစ်သည်။

တတ်သိသူနှင့် သိတတ်သူ နှစ်မျိုးတွင် တတ်သိသူသာ ပေါများ၍ သိတတ်သူ ရှားပါးသတဲ့။ ဘ၀ပညာသည် တတ်သိခြင်းမဟုတ်။ သိတတ်ခြင်းသာ ဖြစ်သည်။ မိဘအပေါ်လည်း သိတတ်သည်။ ဆရာသမားအပေါ်လည်း သိတတ်သည်။ ကျေးဇူးတရား ကိုလည်း သိတတ်သည်။ တာဝန်ကိုလည်း သိတတ်သည်။ ၀တ္တရားကိုလည်း သိတတ်သည်။ လူမှုရေးလည်း သိတတ်သည်။ ပြောစရာ၊ ဆိုစရာ၊ သင်စရာမလိုဘဲ အသိတရားက သူ့အလိုလိုရှိသူ ဖြစ်သဖြင့် အရာရာ၌ သိတတ်ခြင်းသည် ဘ၀ပညာ ဖြစ်သည်။

တချို့စည်းကမ်းတွေသည် သီးသန့်သတ်မှတ်ထားခြင်း မဟုတ်။ ကိုယ့်အသိတရားနှင့်ကိုယ် လိုက်နာကြရခြင်း ဖြစ်သည်။ အလိုက်သိ၊ အလိုက်တသိဟူသော ဝေါဟာရနှင့် သဘောတရားသည် နေရာတိုင်း၌ လိုအပ်သည်။ ထိုအလိုက်သိမှု၊ အလိုက် တသိ ရှိမှုသည် ဘ၀ပညာ ဖြစ်သည်။ လောကမှာ အလိုက်သိမှုတစ်ခု မရှိမဖြစ် လိုအပ်သည်။ အလိုက်မသိသူနှင့် ပေါင်းသင်းဆက်ဆံရ၊ နေထိုင်ရတာလောက် ဆင်းရဲတာ ဘာမျှမရှိ။ ထို့ကြောင့် အလိုက်သိတတ်မှုလေး တစ်ခုတော့ လူတိုင်းမှာ ရှိစေချင်သည်။ ထိုဘ၀ပညာဖြစ်သော အလိုက်သိတတ်မှုမှနေ၍ ကိုယ်ချင်းစာတရားဆိုတာ ပေါ်လာသည်။ အားနာတတ်မှု၊ ကူညီရိုင်းပင်းတတ်မှု၊ ထောက်ထားမှု၊ စာနာမှု၊ ငဲ့ညှာမှု၊ ဦးစားပေးမှု စသော မြန်မာ့ယဉ်ကျေးမှုများ ပေါ်ပေါက်လာရသည်။

တစ်ဖက်သားကို အားနာတတ်မှုသည် နူးညံ့သော စိတ်ထား၊ မွန်မြတ်သော စိတ်ထားမှ လာသည်။ နေရာတိုင်း၌ အားနာဖို့ မလိုသော်လည်း အားနာတတ်သော မြန်မာ့ယဉ်ကျေးမှုလေးတစ်ခု မပျောက်ကွယ်သင့်ပေ။ လူတို့ကြား၌ အရေးတကြီး လိုအပ် သော ကိုယ်ချင်းစာတရားသည် အားနာမှုမှလည်း လာသည်။ ငဲ့ညှာမှု၊ စာနာမှု၊ ထောက်ထားမှုတို့မှလည်း လာသည်။ ထိုကောင်းမြတ်သော အမူအကျင့်တို့သည် ဘ၀ပညာမှနေ၍ လာကြသည်။

ကျက်ဉာဏ်၊ မှတ်ဉာဏ်တို့သည် အတတ်ပညာရပ်တို့နှင့် ဆိုင်သော်လည်း စဉ်းစားဉာဏ်၊ ဆင်ခြင်ဉာဏ်၊ ထိုးထွင်းဉာဏ်၊ သဘောဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ်၊ ဟာသဉာဏ် စသည်တို့ကား ဘ၀ပညာရပ်နှင့် ဆိုင်သွားသည်။ ကာလဒေသ ပုဂ္ဂလကို ခွဲခြားနားလည်မှု၊ ဌာနာ ဌာန ကောသလ္လဉာဏ်တို့မှာလည်း ဘ၀ပညာရပ်မှသာ ရရှိနိုင်သည်။

ဘ၀တွေ ပိုင်ဆိုင်ထားသူ ဘ၀ပိုင်ရှင်တိုင်းကတော့ ကိုယ့်ဘ၀ကိုယ် လှချင်ကြသည်။ လှတပတ ဖြစ်ချင်ကြသည်။ ဘ၀တွေ လှဖို့အတွက် အဓိက လိုအပ်တာကတော့ 'ဘ၀ပညာရပ်'သာ ဖြစ်သည်။

ဧရာဝတီနှင့် မဲခေါင်

Written by အောင်မျိုး
ဧရာဝတီသည် မြန်မာတိုင်း နှလုံးသားတစ်ခုဟုဆိုပါလျှင် မဲခေါင်သည်လည်း လာအိုတို့၏ နှလုံးသားပင် ဖြစ်ပါလိမ့်မည်။

သယံဇာတပေါများသော မြန်မာတို့အတွက် ဧရာဝတီသည် ဈေးနှုန်းအသက်သာဆုံး ကုန်သွယ်လမ်းကြောင်းတစ်ခုအဖြစ် ရာစုနှစ်ပေါင်းများစွာ တာဝန်ကျေခဲ့သလို မဲခေါင်ကြီးသည် လာအိုတို့ ဘ၀ရပ်တည်ရေးအတွက် နှစ်ပေါင်းကြာရှည်စွာ အကျိုးပြုခဲ့သည်။ ဧရာဝတီသည် မြန်မာကို ကမ္ဘာက သိစေသော ကျွန်းသစ်လုံးကြီးများ ဖောင်ဖွဲ့မျှောနိုင်ရန် မြောက်မှတောင်ဘက်သို့ အေးဆေးညင်သာစွာ စီးဆင်းနေသလို မဲခေါင်သည်လည်း မဖွံ့ဖြိုး မတိုးတက်သေးသော လာအိုတို့အတွက် တောင်နှင့်မြောက်ကို အဆင်ပြေပြေ သွားနိုင်ရန် သွယ်တန်းထားပေးခဲ့သည်မှာ ကြာခဲ့လေပြီ။

လာအိုကို မဖွံ့ဖြိုး မတိုးတက်သေးသောဟု သုံးစွဲရသည်မှာ ယခင့်ယခင် ကာလများကို ရည်စူး၍ ရေးသားရခြင်း ဖြစ်ပေမယ့် အခုအချိန်မှာတော့ လာအိုသည် ယခင်နှင့်လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်ပါသည်။

မဲခေါင်သည်လည်း ရေအားလျှပ်စစ်အတွက် နေရာများစွာ ဖဲ့ပေးထားရသည့်အတွက် မြစ်ကြောင်းခွန်အား ယခင်ကလို မကောင်းတော့ဟု ဆိုကြသည့်တိုင် ဧရာဝတီထက်တော့ ကျန်းမာနေဆဲ။ ဧရာဝတီ၏ နွေရာသီ ရေအနက်မှာ သာမန်ချောင်းလက် တက်တစ်ခုလို တိမ်ပါးလှသည့် နေရာတွေ များလှပေမယ့် မဲခေါင်ကတော့ ထိုလောက် အခြေအနေ မဆိုးလှသေး။ ထို့ကြောင့်လည်း လာအိုသာမက မြစ်အထက်က တရုတ်နှင့် မြစ်အောက်ဘက်က ထိုင်း၊ကမ္ဘောဒီးယား၊ဗီယက်နမ် စသည်တို့ပါ မဲခေါင်ကို အသုံးချနိုင်နေကြဆဲ၊ နေရာအချို့မှလွဲ၍ ရာသီမရွေး ခရီးနှင်နိုင်နေဆဲ ။
ဧရာဝတီကတော့ ကန့်လန့်ဖြတ် တည်ဆောက်ထားသော တံတားကြီးများအောက်မှာ အေးဆေးညင်သာစွာ စီးဆင်းနေဆဲ၊ မြစ်ဝကျွန်းပေါ်မှာ သဲသောင်တွေ ထပ်ထပ်ဆင့်လာသလို မြောက်ပိုင်းမှာလည်း သဲသောင်တွေ ပိုပိုကျယ်ပြန့်လာနေပေမယ့် ဧရာဝတီကတော့ မဲခေါင်ကို အလှချင်းပြိုင်ဖို့ စိန်ခေါ်နေဆဲ။ ထို့အတူ ရာဇ၀င်အဆက်ဆက်မှာ တစ်သားတည်းရှိနေခဲ့သော မြန်မာတို့အတွက် မညီးမညူ တာဝန်ယူနေဆဲ။

ဧရာဝတီသည် မြန်မာနိုင်ငံ၏ မြောက်ဘက် ရေခဲသော တောင်ထိပ်တောင်ဖျားမှ ကျဆင်းလာသော ရေများမှအစပြုကာ မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်မှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်သွားသည်ဖြစ်ရာ အစမှအဆုံး မြန်မာနိုင်ငံအတွင်းမှာပဲ တည်ရှိပြီး မြန်မာတို့သာ ပိုင်ခဲ့သည်။ မဲခေါင်ကတော့ မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံများကပါ ပိုင်ဆိုင်သည့်အတွက် ၀ိုင်းဝန်းခွဲဝေသုံးစွဲသည်မှာ အဆိုးမဆိုသာ၊ ဧရာဝတီက မြန်မာ့သမိုင်းမှာ ထင်ထင်ရှားရှားပါခဲ့သည် ဖြစ်ပေမယ့် ယခုတော့ ပြောင်းလဲလာသော ကမ္ဘာကြီးနှင့် အတူ လိုက်ပါရတော့မည် ဖြစ်သည်။

မဲခေါင်နှင့်ခွဲခြားမရသော လာအိုတို့သည် နည်းပါးလှသော လူဦးရေကြောင့် အိမ်နီးချင်းတွေနှင့်စာလျှင် အရင်တုန်းက အနောက်ဘက် ရောက်ခဲ့ရသော်လည်း အေးဆေးသိမ်မွေ့သော သူတို့ဘ၀နှင့် လိုက်လျောညီထွေသော တိုးတက်မှုကို တဖြည်းဖြည်း ပိုင်ဆိုင်နိုင်လာကြသည်။ လာအိုဆိုတာ နိုင်ငံသေးသေးလေးက လူတွေ နှေးနှေးဟု အရင်တုန်းက ပြောခဲ့ကြသည့်သူတွေ အံ့သြစရာ ဖြစ်လာကြသည်။ လာအိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ဖွံ့ဖြိုးရေး စီမံချက်များစွာနှင့်အတူ သွားရောက်လုပ်ကိုင်ပေးခဲ့ဖူးသည့် မြန်မာပညာရှင်တွေကိုယ်တိုင်ပင် ယနေ့လာအိုကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြရလေပြီ။ ဆိုရပါလျှင် ၂၀၀၉ ခုနှစ်က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA GAME)ကိုပင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။ သူတို့၏ တိုးတက်မှုကို ထိုအားကစားပြိုင်ပွဲက မှတ်ကျောက်တစ်ခုအဖြစ် ရှိနေမှာ ဖြစ်သည်။ ဒါတင်မကသေး ၂၀၁၀ ပြည့်နှစ် အကုန်လောက်မှာ စတော့ရှယ်ယာဈေးကွက်ပင် ဖွင့်လှစ်တော့မည် ဟူသော သတင်းများ မကြာခင်က ထပ်မံကြားပြန်ရာ လာအိုကို အားကျစရာတစ်ခု ထပ်တိုးပြန်တော့သည်။

မဲခေါင်မြစ်ကြီးတစ်ခုတည်းကိုသာ အားကိုးရသော သူတို့တွေ၏ဘ၀သည် ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်း စသည့် မြစ်မကြီးလေးသွယ်ကို ပိုင်ဆိုင်ထားသည့် မြန်မာတို့ထက် သမိုင်းအစဉ်အဆက်မှာ နောက်ကျခဲ့သည် မှန်သော်လည်း ယခုအခါမှာတော့ စနစ်ကျသော စီမံအုပ်ချုပ်မှုကြောင့် အံ့စရာကောင်းအောင် တိုးတက်လာခဲ့သည်။ သူတို့သည်လည်း စက်မှုအင်အားကြီးသော အိမ်နီးချင်းတို့လက်ထဲ သစ်တောသယံဇာတများ ပါသွားခဲ့သည်။ သစ်တောများ လျော့နည်းခြင်းနှင့်အတူ မဲခေါင် ရေအားလျှပ်စစ်စီမံကိန်းတို့သည် လာအိုတို့၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခဲ့သည်မှာ မှန်သော်လည်း လူနေမှုအဆင့်အတန်းကို အတိုင်းအတာ တစ်ခုထိရောက်အောင် မြင့်မားစေခဲ့သည်။

၂၀၀၈ သင်္ကြန်ရက်တုန်းက လာအိုတို့၏ ရှေးဟောင်းမြို့တော် လွန်ပရာဘန်ကို အလည်ရောက်သွားခဲ့ရာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက်အောင် စနစ်တကျ ထိန်းသိမ်းထားနိုင်သည့် လာအိုကို ချီးကျူးမိသည်။ ပုဂံလို ရှေးဟောင်း အမွေအနှစ်တွေ တစ်မျှော်တစ်ခေါ်ကြီး ရှိတာမဟုတ်ပေမယ့် ရှိသည့် ဘုရား ကျောင်းကန်များကို ရှေးမူမပျက် ထိန်းသိမ်းထားသည်မှာ အတုယူစရာ ကောင်းလှသည်။ ရှေးမြို့ဟောင်း၏ ရိုးရာမပျက်သည့် အလှတန်ဖိုးက တစ်ဖက်၊ မြို့သစ်၏ တိုးတက်မှုပြယုဂ်က တစ်ဖက် သီးခြားဖြစ်အောင် စီမံထားသည်မှာလည်း ငေးကြည့်စရာ ဖြစ်ခဲ့သည်။ ပြီးတော့ ဧရာဝတီမြစ်ဝှမ်းကလို မြေသြဇာကောင်းမွန်မှု မရှိပေမယ့် မဲခေါင်မြစ်ကြောင့် တံငါလုပ်ငန်းက ဒေသခံတို့ဘ၀ ဖူလုံစေသည်။ဧရာ ၀တီကတော့ သားငါးဖူလုံရုံသာမက မြစ်ဝှမ်းတစ်လျှောက် စိုက်ပျိုးရေးပါ ဖြစ်ထွန်းအောင်မြင်သည့်တိုင် လာအိုတို့၏ဘ၀ကို ဘာကြောင့် မမီတာပါလိမ့်ဟု ရင်ထဲက တွေးမိသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်မှာ စိုက်ပျိုးဖို့ အင်မတန်ကောင်းမွန်သော နုန်းတင်မြေ များစွာရှိသည်။ မြစ်ကြီးက တဖြည်းဖြည်း တိမ်းပါးလာသည်နှင့်အတူ သောင်ခုံကျယ်ကျယ်ပြန့်ပြန့်ကြီးတွေမှာလည်း ရာသီသီးနှံများကို စိုက်ပျိုးနိုင်သေးသည်။ ပြီးတော့ မြစ်ကြီး၏ အစမြောက်ဘက်မှ တောင်ဘက်အဆုံးတိုင်အောင် ကူးသန်းရောင်းဝယ် နိုင်ခဲ့ကြသည့်တိုင်အောင် ဧရာဝတီကို အမှီပြုနေကြသူတွေထက် မဲခေါင်သားတွေက ပို၍အဆင်ပြေနေကြ ပါသနည်းဟု မဲခေါင်ကမ်းပါးမှာ ထိုင်ရင်း စကားစပ်မိသည်။ လွန်ပရာဘန်မှာ ဘယ်နေရာသွားသွား သန့်ရှင်းနေသည်ကို ထူးထူးခြားခြား သတိပြုမိသည်။ ဆင်းရဲသော ရပ်ကွက်အချို့မှာ အိမ်တွေသေးသေးကုပ်ကုပ် ဆိုပေမယ့် စုတ်စုတ်ချာချာတော့ မဟုတ်။ ပြီးတော့ သူတို့ဆီက လမ်းမကြီး အပါအ၀င် ဘယ်လမ်းကြိုလမ်းကြားမှ ကွမ်းတံတွေး၊ အမှိုက် စသည်တို့ကို မတွေ့ရ။ ထိုအချက်က ကျွန်တော်တို့ထက် အများကြီးသာသည့် အချက်တစ်ခုဖြစ်သည်။ ပြီးတော့ မနက် ၆း၀၀ နာရီခန့်တွင် မိမိတို့၏ အိမ်ရှေ့ကို သေသေချာချာ သန့်ရှင်းရေး လုပ်ထားကြသည်ကိုလည်း သတိပြုမိသည်။

ကိုယ်ပိုင်ခြံဝင်းမှာသာမက အများပိုင် နေရာများမှာလည်း စည်းကမ်းမဲ့ အမှိုက်ပစ်ထားတာမျိုး မရှိတာကြောင့် လာအိုတို့ စည်းကမ်း၏ တန်ဖိုးကို သိနေကြသည်ဟု မြင်မိသည်။ ကျွန်တော်တို့တည်းခိုသည့် ဟိုတယ်မှ စားပွဲထိုးလေးနှင့် ရက် အနည်းငယ်ကြာသော် ရင်းနှီးလာ၍ မေးကြည့်ရာ ၎င်းမှာ ဗီယက်နမ် နယ်စပ်နားက တောင်ပေါ်တိုင်းရင်းသားလေးဖြစ်ပြီး လွန်ပရာဘန် တက္ကသိုလ်မှာ ပညာသင်ကြားနေခြင်း ဖြစ်သည်။ ယခုအလုပ်မှာလည်း ၎င်းအတွက် တက္ကသိုလ်က စီမံရှာဖွေပေးသည့် အလုပ်ဖြစ်ပြီး ကျောင်းတက်ချိန်နှင့် အလုပ်ချိန် အဆင်ပြေအောင် စီစဉ်ထားပေးကြောင်း သိရ၍ အလွန်အံ့သြမိသည်။ ထိုစနစ်က ဂျပန်၊ အမေရိကန် တို့လို နိုင်ငံကြီးတွေမှာ ကျင့်သုံးနေကြတာ ကြားဖူးခဲ့ရာ ယခုတော့ လာအိုမှာ ကိုယ်တွေ့ဖြစ်လို့ နေတော့သည်။

ပြီးတော့ ထိုကျောင်းသားတွေအတွက် နေထိုင်ရာ အဆောင် စီစဉ်ပေးရုံသာမက သွားလာရေးအတွက် ဆိုင်ကယ်လည်း အရစ်ကျ အကြွေးစနစ်ဖြင့် ရောင်းပေးထားသည်။ လက်ကိုင်ဖုန်း ဆိုတာကတော့ လာအိုမှာ လမ်းဘေး ငါးကင်ရောင်းသူက အစ ကိုင်နေကြလေပြီ။ ကျွန်တော်တို့ဆီမှာ တက္ကသိုလ်တွေ လာအိုထက် အများကြီးများသည်။ ပညာတတ်တွေလည်း သူတို့ထက် များစွာပိုသည်။ ဒါပေမဲ့ သက်သောင့်သက်သာ ပညာသင်ကြားနိုင်ခွင့်ကို သူတို့လို မရနိုင်သေးတာတော့ ဘယ်သူမှ ငြင်းနိုင်မည် မဟုတ်ပါ။

မဲခေါင်မြစ်ရိုးတစ်လျှောက်က တံငါသည်တွေဘ၀က ဧရာဝတီမြစ်ဝကျွန်းပေါ်က တံငါသည်များထက် ပို၍သာယာလှသည်။ ၀င်ငွေမှာ ဧရာဝတီသားတွေ ပို၍သာလိမ့်မည်ဟု ထင်စရာရှိမိပေမယ့် ဧရာဝတီသားတွေထဲက ချမ်းသာသူတွေသာ သူတို့ ထက် သာလိမ့်မည်ဆိုတာ မေးနေစရာမလို။ တံငါသည်တွေထဲမှာ ဆင်းဆင်းရဲရဲနှင့်ဘ၀ကို ရုန်းကန်နေရသူတွေ ရှိနေပေမယ့် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်သာ ရှိတော့သည်ဟု လွန်ပရာဘန်သား တံငါသည်က ပြောပြသည်။ သူသည် တံငါအလုပ်အပြင် တစ်ဖက်က ခရီးသွားများအတွက် စက်လှေမောင်းသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်သူဖြစ်၍ ၀င်ငွေနှစ်မျိုးကြောင့် အဆင်ပြေနေလေသည်။ အလုပ်တစ်ခု မကောင်းလျှင် နောက်တစ်ခုက ကာမိစေသည်။

ဧရာဝတီသား ရေလုပ်ငန်းသမားတွေအတွက် နာဂစ်နှိပ်စက်ပြီး နောက်မှာ ကြွက်တွေကပါ သောင်းကျန်း၍ တော်တော်အလူးအလဲ ခံနေကြရသည်။ အင်မတန် စိတ်ဓာတ်ခိုင်မာသည့် ဧရာဝတီသားတွေဖြစ်၍သာ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေနိုင် ကြခြင်း ဖြစ်ပါလိမ့်မည်။

ဧရာဝတီမြစ်တွင် တည်ဆောက်ပြီး တံတားကြီး ခုနစ်စင်း၊ တည်ဆောက်ဆဲ တံတားလေးစင်း ရှိနေသည်။ မြစ်ကိုဖြတ်သန်း တည်ဆောက်ထားသည့် တံတားများက မြစ်၏အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းဒေသ များကို ဆက်သွယ်ပေးလျက်ရှိသည်။

ဧရာဝတီကတော့ ကန့်လန့်ဖြတ် တည်ဆောက်ထားသော တံတားကြီးများအောက်မှာ အေးဆေးညင်သာစွာ စီးဆင်းနေဆဲ၊ မြစ်ဝကျွန်းပေါ်မှာ သဲသောင်တွေ ထပ်ထပ်ဆင့်လာသလို မြောက်ပိုင်းမှာလည်း သဲသောင်တွေ ပိုပိုကျယ်ပြန့်လာနေပေမယ့် ဧရာဝတီကတော့ မဲခေါင်ကို အလှချင်းပြိုင်ဖို့ စိန်ခေါ်နေဆဲ။ ထို့အတူ ရာဇ၀င် အဆက်ဆက်မှာ တစ်သားတည်း ရှိနေခဲ့သော မြန်မာတို့အတွက် မညီးမညူ တာဝန်ယူနေဆဲ။ နောင်နှစ်ပေါင်း ဘယ်လောက်ကြာအောင် ရှင်သန်နေဦးမှာလဲ ဆိုသည့် အရေးအတွက် အဖြေက ခက်မှာ အမှန်။
http://www.news-eleven.com