Thursday, September 15, 2011

ငိုရှာလေပြီ ဧရာဝတီ . . .

ဧရာပုံရိပ်၊ ရှေးအတိတ်
လွန်ခဲ့သော သုံးနှစ်လောက်ကပင် ဤဆောင်းပါးကိုရေးရန် တာစူခဲ့သည်။ အခြေအနေစောင့်ကြည့်ရင်း အချိန်အတော် ကုန်သွားသည်။ ခုတော့ 'ငိုရှာလေပြီ ဧရာဝတီ' ကိုရေးဖြစ်ပါသည်။ မိခင်ဧရာဝတီ၏ သမိုင်းကြောင်းကား ရှည်ညောင်းလှလေပြီ။ ဧရာဝတီသည် လွန်ခဲ့သောနှစ်ပေါင်း ၄၅ သန်းကျော်ကပင် ရှိနေခဲ့သည်ဟု မြန်မာ့စွယ်စုံကျမ်းအတွဲ ၁၅ တွင် ရေးသားထားပါသည်။ မိခင်ဧရာဝတီသည် ကချင်ပြည်နယ် ပူတာအိုမြို့မြောက်ဖက် 'ထိလာ ရေခဲတောင်'၊ 'လန်ဂွေရေခဲတောင်' များတွင် ချောင်းဖျားခံ၍ မေခ၊မလိခ မြစ်နှစ်သွယ်ကို ဖြစ်ပေါ်စေခဲ့သည်။

မလိခ ဆိုသောစကားမှာ ကချင်စကား Mali Hka မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကချင်ဘိုးဘွား လေးဦး စတင်ဖြတ်သန်းခဲ့ခြင်းကြောင့်ဟု ဆိုသည်။ ကချင်ဘာသာတွင် မလီ (mali) မှာ ၄ဖြစ်၍ မင် manga မှာ ၅ ဖြစ်သည်။

ပေပေါင်း ၁၅၅၀၀ ကျော်မြင့်သော နှင်းဖုံးတောင်တန်းကြီးများမှ စတင်ခဲ့သော ဧရာဝတီသည် ပြည်ထောင်စုသား အားလုံး၏ မိခင်ကျေးဇူးရှင် ပင်ဖြစ်သည်။ စီးပွားရေး၊ လူမှုရေး၊ သယံဇာတ တူးဖော်ရေး လုပ်ငန်းအားလုံးကို မိခင်ဧရာဝတီက ပံ့ပိုးကူညီလျက်ရှိသည်။

'ဧရာ'ဟူသော အရေးအသားကို ရှာဖွေသောအခါ စစ်ကိုင်းမြို့ ရတနာစေတီ ကျောက်စာတွင် တွေ့ရ၏။ ကျောက်စာ သက်ကြာခဲ့ပါပြီ။ အင်းဝရွှေနန်းကြော့ရှင် လက်ထက် ခရစ်နှစ် ၁၄၈၅ခုကပင် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဧရာဟူသော အရေးအသားကို ထို့ထက်စော၍ ရှာမတွေ့ခဲ့ပါ။

ဧရာဝတီ၏ အဓိပ္ပာယ်
နန်ချောင်ရှမ်းတို့က 'လူပေ' ၊ မောရှမ်းတို့က 'နမ့်ကျို'ဟု အမြတ်တနိုးခေါ်ခဲ့ကြသည်။ နမ့်ကျိုဆိုသည် မှာ နမ့်=ရေ+ကျို=ကျောက်မျက်ရတနာဟူ၍ဖြစ်သည်။ သို့အတွက် ဧရာဝတီဆိုသည်ကား 'ကျာက်မျက် ရတနာများထွက်သော နေရာ' ဟု ဆိုလိုပေသည်။ တရုတ်တို့ကမူ ဤမြစ်ကြီးကို 'လိရွှေ' ဟုခေါ်သည်။ ရွှေမှုန်များဖြင့် လင်းလက်နေသော ရွှေသဲမြစ်ဟုဆိုလိုပေသည်။ တရုတ်တို့က သူတို့၏ ယန်စီမြစ်ကြီးကိုလည်း လိရွှေဟုပင်ခေါ်ကြသည်။

အချို့က ဧရာဝတီဟူသည် ဟိန္ဒီစကား ဣရ၀တီမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ အဓိပ္ပာယ်မှာ 'ဆင်မြစ်ကြီး' ဟုခေါ်ကြောင်း၊ စားသောက်ဖွယ်ရာ ရတနာမျိုးစုံကိုရစေနိုင်သဖြင့် ဆင်မြစ်ခေါ်ကြောင်း ရေးသားပြောဆို ကြလေသည်။ သင်္သကရိုက်ဘာသာတွင် ရှိသော (ပရုမတီ)မှာ အားသစ်ဖြည့်သူဟု ဆိုရာ 'ဤဧရာဝတီမှာ အားမာန်တက်စေသည့်မြစ်' ဟုသာဆိုရပေတော့မည်။
အချုပ်အားဖြင့်ဆိုပါမူဧရာဝတီသည် ရွှေသဲမြစ်၊ ရတနာမြစ်၊ လှပသောမြစ်၊ ဆင်မြစ်၊ အားသစ်ဖြစ်လာသောမြစ်ဟု ဆိုနိုင်ပေရာ သိင်္ဂါနဒီ မြန်ပြည်မြောက်ဖျားမှ ဘင်္ဂလားပင်လယ်သို့တိုင် မိုင်ပေါင်း ၁၃၅၀ ကျော်စီးဆင်းသွားသော မိခင်ကြီးတစ်ပါးသာ ဖြစ်ပေတော့သည်။

မြစ်ကျဉ်းလေးခု ဖြစ်တည်မှု
မိခင်ဧရာဝတီကို အပိုင်းသုံးပိုင်းခွဲ၍ လေ့လာနိုင်ပါသည်။ အထက်ပိုင်းဧရာဝတီ၊ အလယ်ပိုင်း ဧရာဝတီနှင့် အောက်ပိုင်းဧရာဝတီ (မြစ်ဝကျွန်းပေါ်ဒေသ) ဟူ၍ဖြစ်သည်။ အထက်ပိုင်းဧရာဝတီ တန်ဖဲဇွပ် (Tang hpe' zup)တွင် အကြာကြီး နေဖူးသည်။ Zup ဇွပ်ဆိုသော ကချင်စကားမှာ (ဆုံခြင်း၊ တွေ့ဆုံမှု) ပင်ဖြစ်သည်။ မေခနှင့် မလိခတို့ဆုံရာဖြစ်၍ တန်ဖဲဟု ခေါ်ကြသည်။ တန်ဖဲ အရှေ့ရွာများတွင် နှစ်နှစ်ခန့်စခန်းမှူး တာဝန် ထမ်းဆောင်ခဲ့စဉ်က မြစ်ဖျားဧရာ ရောင်စုံဖြာနေပုံကို နေ့စဉ်ထိုင်ကြည့်ဖူးသည်။

အလွန်လှပသောကျောက်ဆောင်၊ ကျောက်တန်းများ၊ ဝေ့၀ိုက်စီးဆင်းနေသော ရေအလျဉ်များမှာ တသသဖြင့် မေ့နိုင်စရာမရှိပါ။ မြစ်ဆုံတွင် ကချင်ကလေးငယ်များရေကစားနေပုံကို သတိရမိသည်။ တန်ဖဲမှ တောင်ဖက်သို့ ၂၆ မိုင်ဆင်းသွားလျှင် မြစ်ကြီးနားမြို့ အရှေ့ဖက်ကမ်းမှ ၀ိုင်းမော်မြို့များကိုတွေ့ရမည်။ ၀ိုင်းမော်တွင် သုံးနှစ်ကျော်စစ်ကြောင်းမှူး လုပ်ခဲ့သည်။

၁၉၅၀ ခု ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀တွင် 'ဗန်းမော်ထက်အောက်၊ ရွှေမန်းမြောက်မှတ်လောက် ပြည်အထက်'ဟု အတန်းပိုင်ဆရာမက ဧရာဝတီမြစ်ရှိ မြစ်ကျဉ်းလေးခုအကြောင်း သင်ပေးပါသည်။ သို့အတွက် လွန်ခဲ့သောနှစ်ပေါင်း ၆၀ကပင် မိခင်ဧရာဝတီကို ကောင်းကောင်းသိခဲ့ရ၏။

ပထမမြစ်ကျဉ်းသည် ဗန်းမော်မြို့ အထက်ဖက်တွင်ရှိသည်။ ဗန်းမော်မရောက်မီ ဆင်ဘိုရွာအနီး မြစ်သာနှင့်သုံးမိုင်အကွာ၌ ထိုမြစ်ကျဉ်းရှိသည်။ မြစ်နေရာမှာကျဉ်းလွန်းလှ၍ သင်္ဘောကြီးများခုတ်မောင်းသွား လာရန်အခက်အခဲရှိသည်။ မြစ်မင်းဧရာ၏ ဘေးတစ်ဖက်တစ်ချက်တွင် ကျောက်ကမ်းပါးကြီးများကို မတ်စောက်စွာတွေ့နေရသည်။ အရှေ့ဖက်နှင့်အနောက်ဖက်ကမ်းပါးနှစ်ခုမှာ ပေသုံးလေးရာကျော်သာဝေးသည်။ ကိုက်ဖြင့်တွက်လျှင်ကို ၁၀၀၊ ၁၅၀ သာရှိသည်။ ထိုမြစ်ကြောင်းအလယ်ကောင်မှသင်္ဘောများကို တဖြည်းဖြည်းချင်းမောင်းတက်ရ၏။

ဒုတိယမြစ်ကျဉ်းသည်ဗန်းမော်နှင့် ရွှေကူအကြားတွင်ရှိသည်။ ရွှေကူအနီး စင်းခန်းရွာတစ်ဝိုက်၌ ထိုမြစ်ကျဉ်းကိုတွေ့နိုင်သည်။ ပထမမြစ်ကျဉ်းလောက် ကြောက်စရာမရှိ၊ မြစ်ပြင်နည်းနည်းကျယ်သည်။ ရှုခင်းများကလည်း ကောင်းသည်။ ထိုမြစ်ကျဉ်းတွင် နတ်မျက်နှာတောင်နှင့် ဥဒေါင်းတောင်များရှိသည်။ မြတ်စွာဘုရား ဥဒေါင်းမင်းဖြစ်စဉ်က စံနေခဲ့ဖူးသဖြင့် ဥဒေါင်းတောင်ဟုခေါ်ကြသည်။ ဒုတိယမြစ်ကျဉ်းတွင် လှေငယ်တစ်စင်းဆန်တက်နေပုံကို ဓာတ်ပုံရိုက်ယူခဲ့သည်။

တတိယမြစ်ကျဉ်း၊ ဒုတိယမြစ်ကျဉ်းကိုကျော်မိလျှင်ဗန်းမော်အောက်ဖက် ၃၅ မိုင်အကွာ ရွှေကူမြို့သို့ရောက်သည်။ ဘာသာသာသနာ ထွန်းကားသောမြို့ဖြစ်၏။ ရွှေကူမှ ဆင်းသွားလျှင်ကသာ။ ထိုမှတစ်ဆင့် သပိတ်ကျင်းသို့ ရောက်သည်။ သပိတ်ကျင်းအထက်ဖက် ၁၀ မိုင်အကွာ မလည်ရွာတစ်ဝိုက်တွင် တတိယမြစ်ကျဉ်းရှိသည်။ ထိုနေရာတွင် ဧရာဝတီမြစ်အကျယ်မှာ ကိုက် ၅၀၀ သာသာရှိသဖြင့် ပထမ၊ ဒုတိယမြစ်ကျဉ်းများလို စိုးရိမ်ဖွယ်ရာမရှိ။

စတုတ္ထမြစ်ကျဉ်း - ရွှေမန္တလေးမှ အောက်သို့စုန်ဆင်းသွားလျှင် ချင်းတွင်းနှင့်ဧရာဝတီဆုံရာ ရေစကြို၊ ပခုက္ကူသို့ရောက်သည်။ မြစ်ဆုံအောက်ဖက်တွင် ချောက်၊ ရေနံချောင်း၊ မကွေးမြို့များရှိသည်။ ချောက်ရေနံချောင်းမြေလွှာမှာ ကျောက်စရစ်သဲမြေ၊ မြေကမူများဖြစ်သည်။ ရေနံများစွာထွက်၍ မြန်မာ့စီးပွားရေးကို မြှင့်တင်နေသောနေရာဟု ခေါ်ရမည်။ မကွေး၊ မင်းဘူးကျော်လျှင် ပြည်မြို့နှင့်နီးသွားသည်။ အနောက်ဖက်ကရခိုင်ရိုးမ၊ အရှေ့ဖက်က ပဲခူးရိုးမညှပ်လျက်ရှိရာ ထိုနေရာတွင် စတုတ္ထမြစ်ကျဉ်း ဖြစ်နေလေသည်။

တန်ဖဲမြစ်ဆုံ အရေးကြုံပြီ
ဧရာဝတီမြစ်ကျဉ်းများကို ဖော်ပြနေသည်မှာ မြစ်ညာဖက်အထက်ပိုင်းတွင် ရေနည်းလာလျှင်မြစ်ကျဉ်းများ၍ မည်မျှဒုက္ခရောက်နိုင်သည်ကို သိစေလို၍ဖြစ်သည်။ နွေအခါေ၏ ရေပါးချိန်ဆိုလျှင် ပြည်မြို့အနီးမြစ်ကျဉ်း၍ ရေစူးလေးပေ၊ ငါးပေသာ ရှိပါသည်။

တန်ဖဲမြစ်ဆုံ ရေကာတာစီမံကိန်းကို လွန်ခဲ့သောကိုးနှစ်၊ ၁၀နှစ်အချိန် ၂၀၀၁ခုနှစ်က စခဲ့ခြင်းဖြစ်၏။ ဤကိစ္စမှာ သာမန်မဟုတ်။ တရုတ် အင်ဂျင်နီယာ ပါရဂူများကို ခေါ်လာပြီး ပမာဏတိုင်းထွာရေး (Survey) များလုပ်ခဲ့သည်။ မြစ်ဆုံစီမံကိန်းဒေသတွင် အနည်းဆုံး ဆည်ကြီးခုနစ်ခု၊ ရှစ်ခု တည်ဆောက်မည်ဆိုသည်။ ဆည်တစ်ခုသည် အလျား ပေ ၅၀၀xအနံ ပေ ၃၀၀ နှင့်အမြင့် ပေ ၅၀၀ ရှိမည်ဆိုသည်။

ဆည်များမှာ သိုလှောင်အား အလွန်ကောင်းပြီး စီမံကိန်းပြီးဆုံးသွားပါက ဓာတ်အားကီလိုမီတာဝပ် ၆၀၀၀ ပို့ပေးနိုင်ရန် ရည်ရွယ်လျက်ရှိ၏။ တစ်နေ့လျှင် ကီလိုမီတာ နာရီသန်းပေါင်း ၂၉၄၀၀ ထိ ယူနန်သို့ ပို့နိုင်အောင် တရုတ်ပညာသည် ၁၀၀ ကျော်တို့က ဆောင်ရွက်နေကြလေသည်။ မြစ်ဆုံမှ ယူနန်အထိ ၂၆၁ မိုင်၊ မြစ်ဆုံမှ လိုင်ဇာထိ ၁၇၀ မိုင်ရှည်သော ကတ္တရာလမ်းများလည်း ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်၏။

ယခုအခါ တန်ဖဲမြစ်ဆုံ ရေကာတာများတည်ဆောက်ရေးစီမံကိန်းမှာ နိုင်ငံ၏အဓိကအရေးကိစ္စဖြစ်လာလေပြီ။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် ဦးခေါင်းပိုင်းသည် အရေးကြီး၏။ ဦးခေါင်းကိုထိခိုက်လျှင် တစ်ကိုယ်လုံး ပျက်စီးနိုင်သည်။ ယခုအခါ မြစ်ဖျားဧရာ ဦးခေါင်းပိုင်း၌ ပြဿနာများ ပေါ်နေပြီဖြစ်ရာ ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် နေထိုင်ကြသည့် ဧရာဝတီ၏သားသမီးတို့လည်း ဒုက္ခမျိုးစုံ ရောက်ကြရပေတော့မည်။ မြစ်ကြီးဝဲယာတွင် သစ်တောများပြုန်းတီးခြင်း၊ တိရစ္ဆာန်ဇီဝမျိုးစုံ သေကျေခြင်း၊ မြစ်ကြောင်းတစ်လျှောက် သဲသောင်များ ပေါ်ထွန်းပြီး ရေကြောင်းသွားလာမှုခက်ခဲခြင်း၊ မြစ်လယ်တွင် ဘော့နီဘော့နက်များ စိုက်၍ ရေကြောင်းပြပေးရခြင်းတို့ကို လုပ်ကိုင်နေကြရလေပြီ။

ပြည်မြို့မှ မန္တလေးမြို့သို့ ပြေးဆွဲနေသည့် ပြည်ကူးတို့သင်္ဘောမှာ နွေအခါတွင် ကောင်းစွာခုတ်မောင်းနိုင်ခြင်း မရှိတော့ပါ။ ကျွန်တော်တို့ မြင်းခြံသင်္ဘောဆိပ်တွင် သောင်ထွန်းနေသဖြင့် သောင်ထိုးစက်များ သုံးနေပါသည်။ ရေကြောင်းကြပ်သဖြင့် ပခုက္ကူမှဆန်တက်လာသည့် ပြည်ကူးတို့မှာ မြင်းခြံဆိပ်၌ ညမအိပ်နိုင်တော့ပါ။ မြင်းမူ၊ စစ်ကိုင်းရောက်အောင် တိုက်ရိုက်ဆန်သွားရသည်။ မြင်းခြံသင်္ဘောဆိပ်တွင် ရေစူးလေး ငါးပေသာကျန်တော့သည်။ အချို့သင်္ဘောများ သောင်တင်နေကြပါသည်။ ဤသို့ ဖြစ်ပေါ်နေသော မိခင်ဧရာဝတီ၏ အခက်အခဲများကို လေ့လာ၍ 'ငိုရှာလေပြီ ဧရာဝတီ' ဟု မိမိတင်စားခဲ့ခြင်း ဖြစ်ပါသည်။

ယခုအခါ အမိဧရာဝတီမြစ်၏ ဒုက္ခပေါင်းစုံကို မြင်တွေ့ပြီး စာရေးသူမှာလည်း ဧရာဝတီကိုချစ်သူ၊ ဧရာဝတီကို ထာဝရရှင်သန်နေစေလိုသူဖြစ်သည်။ စာရှုသူများအနေဖြင့်လည်း ဧရာဝတီ၏ကျေးဇူးကို နှလုံးသွင်းကာ မိခင်ဧရာဝတီ တည်တံ့ရေးအတွက် နှိုးဆော်လိုက်ရပေသည်။

ကျမ်းကိုး
- မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅
- သိင်္ဂါနဒီမြန်ပြည်မြောက်ဖျား (မဆလထုတ်)Written by နီငြိမ်း (အညာတက္ကသိုလ်)

ဒီမိုကရေစီရပြီလား . . .

ဒီမိုကရေစီရပြီလား"
နယ်က စာဖတ်ပရိသတ်မိန်းကလေးတွေနဲ့ လူငယ်လေးတွေ ရောက်လာတဲ့အခါတိုင်း ဒီမေးခွန်းကိုမေးတတ်ကြတယ်။ စာစုံအောင်ဖတ်လေ့ရှိတဲ့ လူငယ်တချို့ကတော့ "ရွှေပြည်ကြီး ကိုရောက်ပြီလားအဘ"လို့ မေးကြတယ်။

မှန်ရာကိုသာ ပြောချင်
တစ်ခါက လောကပါလတရားနဲ့ ပြည့်စုံတဲ့ရွှေပြည်ကြီးကို ရောက်ဖို့မဝေးတော့ပါဘူးလို့ ရေးခဲ့ဖူးတာကို ရည်ညွှန်းပြီး 'ရွှပြည်ကြီး' ရောက်ပြီလားလို့ မေးတာပါ။ သူတို့ဒီလိုမေးတာဟာ တကယ်သိချင်လို့မေးကြတာဖြစ်တယ်။ ခနဲ့ပြီး၊ ကလိပြီးမေးတာ မဟုတ်ပါဘူး။ အသက်အရွယ် ငယ်ကြသေးပြီး အတွေ့အကြုံနုနယ်ကြလေတော့ ဝေဖန်ပိုင်းခြားမှုမှာ အားနည်းကြတယ်။ ဒါကြောင့် သူတို့ယုံကြည်လေးစားမှုရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သဘောထားပြီး လာရောက်မေးမြန်းကြတာဖြစ်တယ်။ ဒီလိုလူငယ်လေးတွေကို မှားယွင်းတဲ့ မျှော်လင့်ချက်တွေမပေးချင်ဘူး။ အလိမ္မာဖက်ပြီး အဓိပ္ပာယ်နှစ်ခွထွက်တဲ့ ယောင်ဝါးဝါးစကားမျိုးလည်း မပြောချင်ဘူး။ မျက်မှန်စိမ်းတပ်ပြီး ကြည့်တဲ့အဆိုးမြင်သက်သက် စကားတွေပြောပြီး သူရဲကောင်းလည်းမလုပ်ချင်ဘူး။ သူတို့လေးတွေရဲ့ ယုံကြည်လေးစားမှုကို တန်ဖိုးထားပြီး ကိုယ်မြင်တဲ့အတိုင်း မှန်ရာကိုသာပြောချင်တယ်။

ရပ်ကြည့်နေလို့မဖြစ်ဘူး
"ဒီမိုကရေစီမရသေးပါဘူး။ အခုမှဒီမိုကရေစီလမ်းကြောင်းပေါ်ကို ခြေတစ်လှမ်းချမိရုံပဲရှိပါသေးတယ်။ ရှေ့ဆက်ပြီး ခြေလှမ်းသွက်သွက် လှမ်းနိုင်ဖို့အတွက် အားလုံးဝိုင်းပြီး လမ်းရှင်းတာတွေ၊ ချုံနွယ်ပိတ်ပေါင်း ဖယ်ရှားပေးတာတွေ လုပ်ဖို့လိုတယ်။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဘေးကရပ်ကြည့်နေလို့တော့ မဖြစ်ဘူး"
နိုင်ငံတစ်ခုတည်ဆောက်ရာမှာ တစ်တိုင်းတစ်ပြည်လုံး တက်တက်ကြွကြွနဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့လိုတယ်။ ပြည်သူလူထုမပါဝင်ရင် ဘယ်စနစ်မှ မအောင်မြင်ဘူးဆိုတာ နှစ် ၅၀ သမိုင်းကြောင်းက သက်သေပြပြီးဖြစ်တယ်။ အရင်ကတော့ မြန်မာ့ဆိုရှယ်လစ်စနစ်တို့၊ အာဏာရှင်စနစ်တို့ဆိုတာတွေကို ပြည်သူကလက်မခံတဲ့အတွက် ပူးပေါင်းပါဝင်မှုမပြုဘဲနေခဲ့လို့ အဲဒီစနစ်တွေမအောင်ခဲ့ဘူး။

စောင့်ကြည့်နေတဲ့မျက်လုံးများ
အခုတော့ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ အတိအလင်းပြောဆိုထားတာကြောင့် ပြည်သူလူထုက ရင်ထဲမှာသဘောကျနှစ်ခြိုက်နေကြတယ်။ ဒါပေမယ့် နှစ် ၅၀ အတွေ့အကြုံကရှိနေလေတော့ သံသယစိတ်ကို ဖျောက်လို့မရသေးဘူး။ စောင့်ကြည့်အကဲခတ်ချင်သေးတယ်။ အဲဒီလို စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ခြေလှမ်းမှန်မှန် လျှောက်လှမ်းနိုင်ဖို့၊ အထူးသတိထားဖို့လိုတယ်။ ခေတ်အဆက်ဆက် အတွေ့အကြုံများအရ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံလူတန်းစားဆိုပြီး ကွဲပြားခြားနားမှုရှိနေရင် ဘယ်နည်းနဲ့မှ ဒီမိုကရေစီပန်းတိုင်ကို မရောက်နိုင်ဘူးလို့ ထောက်ပြချင်တယ်။

ပြည်တွင်းစစ်နဲ့ ခြစားမှု
၁၉၄၈ က ၁၉၆၂ ခုနှစ်ကြားမှာ ဒီမိုကရေစနစ်ကျင့်သုံးတဲ့ အစိုးရပေါ်ပေါက်ခဲ့တယ်။ ဒါပေမယ့် ရည်မှန်းတဲ့အတိုင်း ဒီမိုကရေစီပန်းတိုင်ကို မရောက်ခဲ့ဘဲ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပွဲဖြစ်ပြီး အဆုံးသတ်သွားခဲ့တယ်။ ဘာ့ကြောင့်ဒီမိုကရေစီစနစ် မအောင်မြင်ခဲ့သလဲဆိုတော့ အဓိကအချက်ကြီးနှစ်ချက်ကြောင့်လို့ ယူဆတယ်။ ပထမအချက်က တစ်ပြည်လုံးအနှံ့ ပြည်တွင်းစစ်ကြီးတိုက်ခိုက်နေရတာဖြစ်တယ်။ ဒုတိယအချက်ကတော့ အာဏာရဖဆပလအဖွဲ့ကြီးအတွင်း အကျင့်ပျက်ခြစားမှုတွေ တစ်နေ့တခြား ကြီးထွားသထက်ကြီးထွားလာပြီး သူတစ်လူငါတစ်မင်းနဲ့ ထိန်းမနိုင်သိမ်းမရအခြေအနေထိ ဆိုက်ရောက်သွားတာဖြစ်တယ်။

ခြတွင်းကြီးတစ်ခု
အကျင့်ပျက်ခြစားမှုက ဘယ်လောက်အထိ ဆိုးဝါးသလဲဆိုရင် ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ၀န်ကြီးချုပ်ဦးနုကိုယ်တိုင်က "ဖဆပလအဖွဲ့ကြီးဟာ ခြတွင်းကြီးတစ်ခုလိုဖြစ်နေပြီ။ ထင်းရှူးသေတ္တာတစ်လုံး ပစ်ချလိုက်ရင် ခြတွေ ၀ိုင်းစားကြလို့ မျက်စိတစ်မှိတ်အတွင်းမှာ မြင်ကွင်းက ပျောက်ကွယ်သွားသလို အခြေအနေမျိုးထိ ဆိုက်ရောက်နေပြီ"လို့ ထုတ်ဖော်ပြောကြားရတဲ့အထိ ဖြစ်လာခဲ့တယ်။ အဲဒီလိုပြောပြီးတဲ့နောက် ဦးနုဟာ ၀န်ကြီးချုပ်ဘ၀က အနားယူပြီး ဖဆပလပြန်လည်တည်ဆောက်ရေးကို ဇောက်ချလုပ်ဖို့ ဖဆပလဥက္ကဋ္ဌတာဝန်တစ်ခုတည်း ထမ်းဆောင်ခဲ့တယ်။ ဒုတိယ၀န်ကြီးချုပ် ဦးဘဆွေကို ၀န်ကြီးချုပ် တာဝန်လွှဲပေးခဲ့တယ်။

စသုံးလုံးဘုတ်အဖွဲ့ကြီးဖွဲ့
အဲဒီနောက် ဦးချမ်းသာကို ဥက္ကဋ္ဌနေရာမှာ တာဝန်ပေးပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ)ဆိုတဲ့ ဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ စီးပွားရေးမသမာမှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကိုချည်း ကိုင်တွယ်စစ်ဆေးဖို့ အထူးတာဝန်ပေးခဲ့တယ်။ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းကြီးငယ်များအကြား လာဘ်ပေးလာဘ်ယူကိစ္စတွေ ဖော်ထုတ်စစ်ဆေးပြီး ထောင်ချအပြစ်ပေးခဲ့တာတွေ ရှိတန်သလောက်ရှိခဲ့ပေမယ့် ခြတွင်းကြီးကတော့ ရှိမြဲရှိနေဆဲဖြစ်တယ်။ လာဘ်ပေးလာဘ်ယူမှုတွေလည်း ရှိနေတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ခြစားမှုကိစ္စတွေက ၀န်ထမ်းအဖွဲ့အစည်းတွေကြားမှာ စတင်သန္ဓေတည်ခဲ့တာမဟုတ်ဘဲ ဖဆပလအစိုးရ အဖွဲ့ကြီးရဲ့ ထိပ်ဆုံးနေရာတွေမှာစတင် သန္ဓေတည်ခဲ့တာကြောင့်ဖြစ်တယ်။

လိုင်စင်ခေတ်
အဲဒီခေတ်က ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ပုဂ္ဂလိက စီးပွားရေးစနစ်ဆိုပေမယ့် တိုင်းပြည်ထူထောင်စအချိန် ဖြစ်တာကြောင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေကို အစိုးရက ကြီးကြပ်ထားပြီး လိုင်စင်ရသူများကိုသာ သွင်းခွင့်ထုတ်ခွင့်ပေးခဲ့တယ်။ အဲဒီမှာခြစားမှုတွေ စတင်သန္ဓေတည်ခဲ့တယ်။ ဖဆပလ၀န်ကြီးတွေက သူတို့ကို ရန်ပုံငွေဆိုပြီး ပံ့ပိုးငွေများများပေးတဲ့ မြန်မာကုန်သည်တွေနဲ့ သူတို့နဲ့နီးစပ်သူတွေကို လိုင်စင်ချပေးခဲ့တယ်။ အဲဒီလူတွေအများစုက တကယ်အရောင်းအ၀ယ် လုပ်ကြတာမဟုတ်ဘဲ၊ လိုင်စင်လျှောက်ခွင့်မပြုတဲ့ တရုတ်နဲ့ကုလားကုမ္ပဏီကြီးတွေလက်ထဲ လိုင်စင်ကို လက်လွှဲရောင်းချလိုက်ကြတယ်။

အခွင့်ထူးခံနဲ့အပယ်ခံ
အဲဒီအချိန်ကစပြီး အခွင့်ထူးခံ (လိုင်စင်ရ)လူတန်းစားနဲ့ အပယ်ခံလူတန်းစားဆိုပြီး ကုန်သည်လောကမှာ ပေါ်ပေါက်လာတယ်။ အပယ်ခံလူတန်းစားတွေကလည်း သူတို့စီးပွားရေးလုပ်နိုင်ဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ အစိုးရစက်ယန္တရားကြီးအတွင်း ထိုးဖောက်ဝင်ရောက်ပြီး အခွင့်အရေးရအောင် လုပ်ကြတယ်။ ဒီလိုနဲ့ပဲ ခြတွင်းကြီးဟာ ပြန့်သထက်ပြန့်၊ ကျယ်သထက်ကျယ်လာပြီး နှိမ်နင်းလို့မနိုင်တဲ့ အခြေအနေထိရောက်သွားတယ်။ နောက်ဆုံးကျတော့ ဖဆပလအစိုးရကြီးနဲ့အတူ ဒီမိုကရေစီပန်းတိုင်ပါ လုံးဝပျောက်ကွယ်သွားခဲ့ရတယ်။

လေမဟုတ် အလုပ်နဲ့ပြ
အခုအစိုးရသစ်က ဒီမိုကရေစီလမ်းကြောင်းပေါ် ခြေလှမ်းစတင်ချတဲ့အချိန်မှာ အကျင့်ပျက်ခြစားမှုအားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံလူတန်းစားဆိုပြီး ကွဲပြားခြားနားမှုကို အထူးသတိထား ရှောင်ကြဉ်ဖို့လိုတယ်လို့ အကြံပြုချင်ပါတယ်။ ပြည်သူတွေအားလုံးနဲ့ ကမ္ဘာတစ်ခုလုံးက စောင့်ကြည့်နေတဲ့ သံသယမျက်လုံးတွေကို ဖယ်ရှားနိုင်ဖို့အတွက် တာဝန်ရှိသူတွေအားလုံး "လေမဟုတ်အလုပ်နဲ့ သက်သေပြ"ဖို့ လိုပါတယ်။ ဒီအချိန်မှာ ဒီမိုကရေစီမရသေးပါဘူး။ ပြည်သူတွေအားလုံး ဒီမိုကရေစီအခွင့်အရေးတွေကို ပီပီပြင်ပြင်မခံစားရသေးပါဘူး။

နေစရာမရှိတဲ့ဝန်ကြီးချုပ်
ဒီလိုခြေလှမ်းပြင်စရှိသေးတဲ့ အချိန်မှာ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးဆိုတဲ့ ယန္တရားကြီးသုံးရပ်စလုံးမှာ ပါဝင်ကြသူမှန်သမျှ၊ ပြည်သူတွေ မခံစားရသေးတဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အခွင့်ထူးခံယူခွင့်မပြုဖို့ သတိထားဆင်ခြင်ကြသင့်တယ်။ အကြောင်းတိုက်ဆိုင်လို့ ခေါင်းထဲမှာစွဲနေတဲ့ အကြောင်းလေးတစ်ခုကို ပြောပြပါရစေ။ ကြာတော့ကြာပါပြီ။ နိုင်ငံခြားက သတင်းတစ်ပုဒ်ဖတ်မိခဲ့တာပါ။ အင်္ဂလန်နိုင်ငံက ၀န်ကြီးချုပ် အက်ဒ၀ပ်ဟိသ် (Edward Health) ဟာ လေဘာပါတီက ဟာရိုးဝီလဆင် (Harold Wilson)ကို ရှုံးနိမ့်ပြီး ၀န်ကြီးချုပ်ရာထူးက ဆင်းပေးရပါတယ်။ ၀န်ကြီးချုပ်စံအိမ်အမှတ် ၁၀ ဒေါင်းနင်းလမ်းက ဖယ်ပေးရမယ့်ရက်မှာ နေစရာအိမ်မရှိလို့ ဖယ်မပေးနိုင်ဘူးဖြစ်နေပါတယ်။

သူလိုဖြစ်ကြရင်ကောင်းမှာပဲ
အဲဒီအချိန်မှာ သူ့မိတ်ဆွေတစ်ယောက်က လန်ဒန်မှာရှိတဲ့ သူပိုင်အိမ်ခန်းတစ်ခန်းမှာ ခေတ္တနေထိုင်ဖို့ပေးခဲ့တာကြောင့် လူပျိုကြီးဖြစ်တဲ့ မစ္စတာဟိသ်ဟာ တစ်ယောက်တည်းပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အခန်းက ခပ်သေးသေးဆိုတော့ သူပိုင်ပစ္စည်းတွေ ထားစရာမရှိလို့ တခြားမိတ်ဆွေတစ်ယောက်ရဲ့ တောပိုင်းက စံအိမ်မှာ ပို့ထားရပါတယ်။ အဲဒီသတင်းလေး ဖတ်ခဲ့ရတာကြာလှပြီဖြစ်ပေမယ့် ခုအချိန်ထိ ခေါင်းထဲမှာမှတ်မိနေပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေအားလုံး မစ္စတာဟိသ်လို ဖြစ်ကြရင်ကောင်းမှာပဲလို့ စိတ်ထဲမှာ အောက်မေ့မိပါတယ်။

ဘယ်သူ့ကိုမှချန်မထားဘူး
နိုင်ငံရေးသမားတွေကိုသာပြောပြီး ခင်ဗျားတို့စာနယ်ဇင်းသမားတွေတော့ မပြောတော့ဘူးလားလို့ မေးနိုင်ပါတယ်။ ပြောမှာပါ။ အမြင်မတော်ရင် ဘယ်သူ့ကိုမှ ချန်မထားပါ ဘူး။ စာနယ်ဇင်းသမားတွေကို ပြောချင်တာကတော့ တိုင်းပြည်က ဒီမိုကရေစီနိုင်ငံမဖြစ်သေးပါဘူး။ ပြည်သူတွေထက်ထူးပြီး ဒီမိုကရေစီအခွင့်အရေးတွေ မယူချင်ပါနဲ့။ ပြည်သူတွေ အားလုံးလွတ်လွတ်လပ်လပ်နဲ့ သူတို့ ၀ယ်စီးချင်တဲ့မော်တော်ကား ၀ယ်မစီးနိုင်သေးတဲ့အချိန်မှာ ကိုယ်ကအခွင့်ထူး လိုချင်တာမျိုး၊ ကားဝယ်ခွင့်ပေးပါလို့ တောင်းဆိုတာမျိုးမလုပ်သင့်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အတူတူပါပဲ။ အခွင့်ထူးခံ လူတန်းစားမဖြစ်ချင်ပါနဲ့။

ကိုယ်ကျိုးရှေ့တန်းတင်လွန်း
ဒီအချိန်မှာ ကျွန်တော်တို့အားလုံးလုပ်ရမှာက ဒီမိုကရေစီပန်းတိုင်ကို မြန်မြန်ရောက်ဖို့ ၀ိုင်းကြိုးစားကြဖို့ဖြစ်တယ်။ တိုင်းပြည်က ဒီမိုကရေစီ မရသေးခင်မှာ ဒီမိုကရေစီရပြီးမှ လုပ်ရမယ့် အလုပ်တွေကို လုပ်တာဟာ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်လွန်းရာကျတယ်။ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံလူတန်းစား ကွဲပြားမှုကြီးမားလွန်းရာက ခြတွင်းကြီးအဖြစ်ရောက်ရှိသွားပြီး ဖဆပလအဖွဲ့ကြီးနဲ့ ဒီမိုကရေစီပန်းတိုင်ကြီးပါ နိဂုံးချုပ်သွားရတာကို မမေ့ကြဖို့ သတိပေးလိုက်ပါတယ်။

 မက်ခရိုစီးပွား အပြောင်းအလဲနှင့် ဖွံ့ဖြိုးမှုအရွေ့

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ သော စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာ အရင်းအမြစ်များကို ဖြေရှင်း နိုင်ရန် အစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ပြီး ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးများ ပါဝင်ဆွေးနွေးသည့် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှု ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ ထိ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းရှင်များက မက်ခရိုစီးပွားရေး ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု၊ နိုင်ငံတော်၏ စီးပွားရေး အခြေခံများ၊ ၀န်ဆောင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများဆိုင်ရာ ခေါင်းစဉ်များ အောက်တွင် ဆွေးနွေးခဲ့ကြပြီး စာတမ်း၂၅စောင် ဖတ်ကြားခဲ့ကြသည်။

ပညာရှင်များအနေဖြင့် အစိုးရ နှင့်လုပ်ငန်းရှင် နှစ်ဦးနှစ်ဖက် လုပ်သာကိုင်သာ ရှိသော အခြေအနေမျိုး ဖြစ်လာရန် လိုလားလျက်ရှိပြီး ယင်းအခြေအနေမှ တစ်ဆင့် အခြေခံလူတန်းစား နှင့် လူလတ်တန်းစားများ ဆီသို့ သင့်တင့်မျှတသော ငွေကြေးစီးဝင်မှု၊ အလုပ်အကိုင်နေရာ ဖန်တီးပေးမှုများ ဖြစ်ပေါ်စေရန် မျှော်လင့်ထားကြသည်။ ထို့ပြင် ပညာရှင်များ၏ အဆို အရ မြန်မာပြည်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ကဏ္ဍမှာ အရေးပါဆုံး အနေအထား ဖြစ်နေကြောင်း သိရပါသည်။ ပြုပြင် ပြောင်းလဲထားသော ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုမူဝါဒများသည် မပြုပြင် မပြောင်းလဲထားသော ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ကဏ္ဍနှင့် ရင်ဆိုင်ရပါက အကျိုးအာနိသင် နည်းပါးသွားစေသည်ဟု ပညာရှင်များက ထောက် ပြပါသည်။
အစိုးရနှင့် လုပ်ငန်းရှင် နှစ်ဦးနှစ်ဖက် လုပ်သာကိုင်သာရှိသော အခြေအနေမျိုးဖြစ်လာရန် လိုလားလျက်ရှိပြီး ယင်းအခြေအနေမှ တစ်ဆင့် အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများဆီသို့ သင့်တင့် မျှတသော ငွေကြေးစီးဝင်မှု၊ အလုပ်အကိုင် နေရာဖန်တီးပေးမှုများ ဖြစ်ပေါ်စေရန် မျှော်လင့်ထား . . .

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများမှာ ပြုပြင်ပြောင်းလဲပြီး လျှင်ရလဒ်ကို အချိန်တိုအတွင်း တွေ့မြင်နိုင်သော်လည်း အတွင်းကျကျ လှိုက်စားနေနိုင်သော ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ကဏ္ဍနှင့် အခြေခံ အဆောက်အဦ ကဏ္ဍသည် မက်ခရို စီးပွားရေးပတ်ဝန်းကျင်အတွက် ထပ်မံ၍ အမှားမခံနိုင်သည့် အခြေအနေဖြစ် ပေါ်နေကြောင်း ပညာရှင်များက သုံးသပ်ပါသည်။

ယခုအချိန်တွင် အမေရိကန် ဒေါ်လာဈေး အပါအ၀င် နိုင်ငံခြားငွေ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းမှု ဒဏ်ကိုလုပ်ငန်းရှင်များ၊ နိုင်ငံခြားငွေဖြင့် ၀င်ငွေရရှိသူများနှင့် ဆက်စပ်မိသားစုဝင်များ၏ ထုတ်ဖော်ပြောဆိုမှု များကြောင့် နိုင်ငံ၏ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ကဏ္ဍကို လူအများ အာရုံစိုက်လာပြီး အားနည်းချက်များ ကို အဆက်မပြတ်ဝေဖန် ထောက်ပြ လာကြသည်။ လက်ရှိ အစိုးရကလည်း မက်ခရိုစီးပွားရေး ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲနိုင်ရန် အားထုတ်လာသည်။

လက်ရှိ မြန်မာနိုင်ငံသည် အစဉ်အဆက် ဖြစ်ပေါ်ခဲ့သော ဘဏ္ဍာရေး ရ-သုံးငွေလိုငွေပြမှု၊ အစိုးရ၏ နိုင်ငံခြားငွေ အရ-အသုံး လိုငွေပြမှုတို့ကို လျှော့ချနိုင်ရန် လိုအပ်သည်။ ထို့ပြင် အများပြည်သူတို့ ခေတ်အဆက်ဆက် ကြုံတွေ့နေရသော ငွေကြေးဖောင်းပွ မှု၊ စားသုံးသူဈေးနှုန်း ဆညွှန်းကိန်း မြင့်မားမှု၊ ပြည်တွင်းကုန်ဈေးနှုန်း ကြီးမြင့်မှုစသည့် ပြဿနာများနှင့် ခေတ်သစ်ပြဿနာ တစ်ရပ်ဖြစ်လာသော အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ကျဆင်းလာမှုတို့၏ ရိုက်ခတ်မှုတို့ကို ဖြေရှင်းနိုင်ရန် လိုအပ်သလို မြန်မာ နိုင်ငံ၏ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစသည့် ကဏ္ဍများ၏ အားနည်းချက်များကို အသုံးချပြီး ၀င်ရောက်လာသော ပြည်တွင်းပြည်ပမှ စီးပွားရေးမသမာမှု များနှင့် လက်ဝါးကြီးအုပ်မှုများကို ကာကွယ်နိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များက ရှင်းပြပါသည်။

ပညာရှင်အချို့၏ အဆိုအရ မြန်မာနိုင်ငံ၏ ယခင်ကာလများတွင် စီးပွားရေးပတ်ဝန်းကျင် တည်ငြိမ်မှု အနေအထားကို ပျက်ပြားစေသည့် မူဝါဒများကို ချမှတ်မိခဲ့ကြောင်း၊ အချို့မူဝါဒများမှာ ထိုစဉ်အခါက နောက်ဆုံး နည်းလမ်းတစ်ရပ်အဖြစ် ချမှတ်ခဲ့ရသည်ဟု ယူဆနိုင်သော်လည်း ဆေးခါးကြီး တိုက်ကျွေးသလို ဖြစ်ခဲ့ရကြောင်း သိရပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဘဏ္ဍာရေးလိုငွေပြမှုကို ငွေကြေးများထပ်မံ ရိုက်ထုတ်ပြီး ဖြေရှင်းသော နည်း လမ်းကို မကြာခဏအသုံးပြုခဲ့ပြီး ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့ ထံမှလည်း ငွေကြေးချေးယူမှုများ ရှိခဲ့သည်။ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ငွေကြေးဖောင်းပွမှု၊ စားသုံးသူ ဈေးနှုန်းဆညွှန်းကိန်း မြင့်တက်မှု၊ ငွေကြေး၏၀ယ်နိုင်စွမ်းအားကျဆင်း မှုများဖြစ်လာခဲ့သည်။ ထို့အတူအစိုးရ ၏ နိုင်ငံခြားငွေအရ-အသုံးလိုငွေပြ မှုကိုဖြေရှင်းနိုင်ရန် ပုဂ္ဂလိက ကုန် သွယ်ရေးငွေထဲမှ ယူဆောင်အသုံးပြု ခဲ့ပြီးထိုကဲ့သို့ပြုလုပ်နိုင်ရန် ကုန်သွယ် ရေးကိုလိုင်စင်စနစ်ဖြင့် ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့သလို နိုင်ငံခြားငွေနှင့်လဲ လှယ်သုံးစွဲနိုင်သည့် ကြားခံငွေ(အက်ဖ် အီးစီ)များ ရိုက်နှိပ် ထုတ်ဝေခဲ့သည်။

အစိုးရ၏ ဘဏ္ဍာရေးလိုငွေပြမှုမှာ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သော်လည်း ကုန်သွယ်ရေး ကဏ္ဍတွင်မူ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းကဲ့ သို့ ပို့ကုန်တင်ပို့မှု မြင့်တက်လာခြင်းကြောင့် ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေး နှစ်မှစတင်ကာ အမေရိကန်ဒေါ်လာ သန်းထောင်ဂဏန်းအထိ ပိုငွေရရှိလာခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ပုဂ္ဂလိက ကုန်သွယ်ရေးကို လိုင်စင်စနစ်ဖြင့် ဆက်လက် ထိန်းချုပ်ထား ဆဲဖြစ်ပြီး ပို့ကုန်ရငွေနှင့် နိုင်ငံခြားငွေ ဖြင့်ရရှိသော အလုပ်အကိုင်ဝင်ငွေ ဖြင့်သာ သွင်းကုန်တင်သွင်းနိုင်သည့် စည်းမျဉ်းသတ်မှတ်ထားဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိ ကျပ်ငွေကြေးလည်ပတ်မှု ပမာဏကို သတင်း ထုတ်ပြန်မှုမရှိသောကြောင့် အတိအကျ သိရခြင်းမရှိသော်လည်း ၁၉၈၈ ခုနှစ်တွင် ကျပ်သန်း ၁၆၀၀၀ ရှိရာမှ ၁၉၉၅ ခုနှစ်တွင် ကျပ်သန်း ၁၁၀၈၀၀၀ ဖြစ်လာကြောင်း သိရပါသည်။ အဆိုပါ ပမာဏမှာ ၁၉၈၈ ခုနှစ်ကထက် အဆ ၇၀ နီးပါး မြင့်တက်လာခြင်း ဖြစ်ပြီး ယခုအချိန်ထိဆိုပါက လည်ပတ်ငွေပမာဏမှာ အဆပေါင်းများ စွာ မြင့်တက်လာနိုင်ကြောင်းနှင့် စားသုံးသူဈေးနှုန်း ညွှန်းကိန်းမှာလည်း အလားတူ လိုက်ပါမြင့်တက်လာမည် ဖြစ်ကြောင်း ပညာရှင်များ၏ တွက်ချက်မှုများအရ သိရပါသည်။

နိုင်ငံခြားငွေကြေး အနေဖြင့် မြန်မာနိုင်ငံတွင် ယခုအချိန်ထိ တရားဝင် ကိုင်ဆောင်သုံးစွဲခွင့် မပေးသေးဘဲ တရားဝင်ငွေလဲနှုန်းမှာ ၆ ကျပ်ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် စတင်ထုတ်ဝေသည့် ကြားခံငွေကြေး(အက်ဖ်အီး စီ)ကိုလည်း ဆက်လက် အသိအမှတ် ပြုထားဆဲဖြစ်ပါသည်။ ထို့ပြင် ကုန်သွယ်ရေး လုပ်ကိုင်လိုသူများအနေ ဖြင့် နိုင်ငံပိုင်ဘဏ်များမှာသာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ရပြီး ပို့ကုန် သွင်းကုန်များကိုလည်း အစိုးရက လိုင်စင်စနစ်ဖြင့် ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။ ယင်းကဲ့သို့ အခြေအနေများကြောင့် ပြည်တွင်းနိုင်ငံခြားငွေ ကြေးဈေးကွက်တွင် အစိုးရမှ တရားဝင်သတ်မှတ်နှုန်း၊ ပြင်ပဈေးကွက်ဈေး နှုန်း၊ ပို့ကုန်ရငွေဈေးနှုန်း၊ အက်ဖ်အီးစီဈေးနှုန်းကဲ့သို့ ဈေးနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေပြီး တည်ငြိမ်မှုနည်းပါးသောကြာင့် စီးပွားရေး လုပ်ငန်းရှင်များ တွက်ဆရခက်ခဲသော အခြေအနေများ ဖြစ်ပေါ်နေပါသည်။

လက်ရှိအစိုးရ အဖွဲ့အနေဖြင့် အထက်ပါ အခြေအနေများကို ပြုပြင် ပြောင်းလဲရန် ကြိုးပမ်းနေသည်ဟု ယူဆပါသည်။ နိုင်ငံ၏တရားဝင် ငွေလဲနှုန်းကို ပြင်ဆင်ရန် ဆောင်ရွက်နေခြင်း၊ ထိုသို့ဆောင်ရွက်ပါက အက်ဖ်အီးစီကို ရုပ်သိမ်းမည်ဖြစ်ပြီး နိုင်ငံခြား ငွေတရားဝင် ကိုင်ဆောင်နိုင်ဖွယ်ရှိခြင်း၊ ပို့ကုန်လုပ်ငန်း အချို့အတွက် ကုန်သွယ်လုပ်ငန်းခွန် ပယ်ဖျက်ပေးခြင်း၊ နိုင်ငံခြားငွေဖြင့် ၀င်ငွေရရှိသူများ၏ ၀င်ငွေခွန်ကို ၂ ရာခိုင်နှုန်းသို့ လျှော့ပေါ့ သတ်မှတ်ပေးခြင်း၊ လက်ခစားအပ် ကုန်စနစ်လုပ်ငန်းများမှ ပေးဆောင်ရသော ၀င်ငွေခွန်ကို ၂ ရာခိုင်နှုန်းသို့ လျှော့ချပေးခြင်း စသည့်ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိပြီး အမျိုးသားအဆင့် စီးပွားရေး အလုပ်ရုံဆွေး နွေးပွဲများမှ တစ်ဆင့်ထိရောက် ကောင်းမွန်သော မူဝါဒများ ထပ်မံချမှတ်နိုင်ရန် လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် အများ ပြည်သူတို့က မျှော်လင့်လျက် ရှိပါသည်။

အဆိုပါမျှော်လင့်ချက်များ ပြည့်ဝစေရန် အစိုးရ၏ ဘဏ္ဍာရေး အခြေအနေနှင့် စီမံခန့်ခွဲမှု အရည်အချင်းက အဓိကကျကြောင်း ပညာရှင်များက ထင်မြင်ယူဆပါသည်။ အစိုးရဘဏ္ဏာရေး လိုငွေပြမှု ဖြစ်ပေါ်စေခဲ့သော အကြောင်းအရင်း များထဲမှ အဓိက အချက်တစ်ခုဖြစ်သော အရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း အများစုကို ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ခြင်းကြောင့် ပုဂ္ဂလိက ငွေကြေးများစွာ ဘဏ္ဍာ တိုက်ထဲစီးဝင်ခဲ့သည်။ ထို့အတူ မော်တော်ယာဉ် လေလံပစ်ခြင်း၊ ဒဏ်ကြေးဖြင့် လိုင်စင်မဲ့ယာဉ်များကို လိုင်စင်ပေးခြင်း တို့ကြောင့် အစိုးရ၀င်ငွေများစွာ ရရှိခဲ့ပြီး တယ်လီဖုန်း မျိုးစုံချထားပေးမှုဖြင့်လည်း လူလတ်တန်းစားများ နှင့် အခြေခံ လူတန်းစားအချို့ထံမှ ငွေကြေးများကို သဲ့ယူခဲ့သည်။ ထို့ပြင် အခွန်ကောက်ခံမှုစနစ်တွင် လူနည်းစုထံမှများများ ကောက်သည့်စနစ်အစား လူအများထံမှ နည်းနည်းကောက်မည့် စနစ်ကို ဦးတည်ဆောင်ရွက်နေသည် ဟု ထုတ်ဖော် ပြောဆိုမှုများကြောင့် ယခုရရှိနေသည့် အခွန်နှုန်း(ယခုဂျီ ဒီပီ၏ သုံးရာခိုင်နှုန်း ၀န်းကျင်သာ အခွန်ရရှိသည်ဟု အစိုးရ၏ထုတ်ပြန် ချက်များတွင်ဖော်ပြ) ထက် ပိုမိုရရှိလာနိုင်သည်။ အခြားတစ်ဖက်တွင်လည်း အစိုးရအနေဖြင့် သဘာဝဓာတ်ငွေ့နှင့် ကျောက်စိမ်းကဲ့သို့ ထုတ်ကုန်များ ရောင်းချမှုမှ နိုင်ငံခြားငွေများရရှိလျက် ရှိနေရာ နိုင်ငံခြားငွေပြတ်လပ်မှုမရှိကဲ့ သို့ အစိုးရ၏ ဘဏ္ဏာရေး လိုငွေလျှော့ချ ရေးအတွက် အထောက်အကူပြု လျက်ရှိနေသည်။

အစိုးရအနေဖြင့် လတ်တလော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် အရေးကြီးသကဲ့သို့ ရေရှည်ကာလ အနေအထားတွင် စဉ်ဆက်မပြတ် ဆက်လက် တိုးတက်စေရန် ကြိုတင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရှင်များက ဆိုပါသည်။ ရေရှည်ကာလအတွက် နိုင်ငံခြားပို့ကုန် မြှင့်တင်ခြင်းနည်းလမ်း နှင့်တံခါးဖွင့် ဈေးကွက်စီးပွားရေး စနစ်ဖြင့်သာ အစိုးရ ရ-သုံးငွေ ဘဏ္ဍာရေး ရှင်းတမ်းနှင့် နိုင်ငံခြားငွေ ရ-သုံးငွေ စာရင်းရှင်းတမ်းကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဟု ပညာရှင်များက ယူဆပါသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ ငွေကြေးနှင့် ကုန်သွယ်ရေး ဖြစ်စဉ်အချို့

ကိုလိုနီခေတ် - ကိုလိုနီခေတ်ကာလအတွင်း မြန်မာငွေကြေးကို အိန္ဒိယရူပီးငွေနှင့် ချိတ်ဆက်ထားပြီး ငွေကြေးဖောင်းပွမှု နည်းပါးခဲ့သည်။ ကိုလိုနီခေတ်အတွင်းအုပ်ချုပ်ရေးကို မထိခိုက်စေနိုင်သော လွတ်လပ်သည့် ဈေးကွက်စနစ်ထားရှိပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခြေခံအဆောက်အဦတည် ဆောက်ထိန်းသိမ်းရေး စသည့်လုပ်ငန်းများကို အစိုးရက တာဝန်ယူထားသည်။ စိုက်ပျိုးထုတ်လုပ်မှု၊ ပို့ကုန်တင်ပို့မှု မြင့်မားခြင်းကြောင့် ၀င်ငွေမြင့်မားခဲ့ပြီး ၀င်ငွေနှင့်သုံးစွဲငွေ ထိန်းညှိနိုင်သည့် အတွက် ဘတ်ဂျက်ပိုငွေပြ၊ အခွန်အမျိုးမျိုး ကောက်ခံခဲ့ပြီး ပို့ကုန်သွင်းကုန်များမှ အကောက်ခွန်များစွာရ။ ကိုလိုနီ မြန်မာအစိုးရမှာ ဘတ်ဂျက်ပိုငွေပြသဖြင့် နယူးဒေလီရှိ ဗဟိုအစိုးရသို့ လွှဲပြောင်းပေး၊ ၁၉၃၇ နောက်ပိုင်း မြန်မာပြည် သီးခြား ကိုလိုနီဖြစ်ပြီး နောက်ပိုင်းရရှိသော ဘတ်ဂျက်ပိုငွေများကိုလည်း ပေးရန်ရှိ အကြွေးများအတွက် အိန္ဒိယပြည်သို့ လွှဲပြောင်းပေးအပ်။

ပါလီမန်ခေတ် - နိုင်ငံ၏ ဘဏ္ဍာရေးစနစ် အခြေခံကို ပြောင်းလဲသတ်မှတ်။ နိုင်ငံတော် စိုက်ပျိုးရေး ထွက်ကုန်များ ကူးသန်းရောင်းဝယ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်း။ ကမ္ဘာ့ပေါက်ဈေးထက် ဆန်ဈေးနှုန်း လျှော့ချသတ်မှတ်၍ တောင်သူများထံမှ ၀ယ်ယူ။ ကွာဟချက်အမြတ်မှာ အစိုးရအခြေခံဝင်ငွေဖြစ်လာ။ လယ်သမားများ ဈေးနှုန်းနှင့် အမြတ်မက်လုံးမရှိမှုကြောင့် စိုက်ပျိုးမှုလျော့ကျ၊ ဆန်စပါးတင်ပို့မှုနှင့် နိုင်ငံခြားငွေ ရရှိမှုကျဆင်းလာ။ အခြားတစ်ဖက်တွင်လည်း လယ်ယာ ခေတ်မီစေရေးနှင့် လူမှုစီးပွား တိုးတက်စေရေး စီမံကိန်းချ။ ပို့ကုန်ဝင်ငွေက သွင်းကုန်ဝယ်လိုအားကို လိုက်မမီခြင်းကြောင့် ကုန်သွယ်ရေး လိုငွေပြဿနာ စတင်ဖြစ်ပေါ်။ အစိုးရက နည်းနှစ်နည်းကျင့်သုံးလာ။ ပထမနည်းမှာ နိုင်ငံခြားငွေ လက်ဝယ်ရှိ ကာလများတွင် သွင်းကုန်လိုင်စင် လွတ်လပ်စွာ ပေးပြီး ဒုတိယနည်းမှာ နိုင်ငံခြားငွေ လျော့နည်းချိန်တွင် သွင်းကုန်လိုင်စင်မှတစ်ဆင့် အမျိုးအစားကန့်သတ်။ ကုန်သွယ်ရေးလိုငွေ ကျဆင်းနေချိန် အတောအတွင်း နိုင်ငံခြားမှရရှိသော ကူညီထောက်ပံ့ငွေများကို လယ်ယာ စိုက်ပျိုးသူနှင့် စီးပွားရေး လုပ်ငန်းများကို ထောက်ပံ့၊ ကုန်ဈေးနှုန်း တည်ငြိမ်အောင်ထိန်း။ အမြင့်ဆုံးဘဏ္ဍာရေး လိုငွေပြမှုမှာ ၁၉၅၅-၁၉၅၆ခုနှစ် ဖြစ်ပြီး ဂျီဒီပီ၏ ၁ဒသမ၄ ရာခိုင်နှုန်းရှိ။ ကုန်သွယ်ရေး ထိန်းချုပ်မှုပြုလုပ်သော အကျိုးဆက်အဖြစ် အဂတိလိုက်စား မှုများလာ၊ နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ အထူးအခွင့်အရေး ရလာ၊ စားသုံးသူများ ၀န်ထုပ်ဝန်ပိုးဖြစ်လာ။ ပါလီမန်ခေတ် နောက်ပိုင်းနှစ်များတွင် ထိုအဖြစ်အပျက်များ ပိုမိုဆိုးရွားခဲ့။

ဆိုရှယ်လစ်ခေတ် - ပုဂ္ဂလိကလုပ်ငန်း၊ ပုဂ္ဂလိက တစ်စိတ်တစ်ပိုင်းပါသော လုပ်ငန်းများကို ပြည်သူပိုင် သိမ်းခဲ့ခြင်းကြောင့် အစိုးရ၏ကုန်ကျစရိတ် နှစ်ဆကျော် မြင့်တက်လာ။ အစပိုင်းတွင် ဘတ်ဂျက်ရှင်းတမ်းကိုက် ညီမှန်ကန်အောင် ကြိုးစားသော်လည်း ၁၉၇၃ ခုနှစ်တွင် နိုင်ငံခြားငွေကြေး ရှားပါးမှုကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်း ဆန်စပါးဈေးနှုန်းကို မြှင့်တင်။ သွင်းကုန်တင်သွင်းမှု ကန့်သတ် လျှော့ချထားရင်း ဘတ်ဂျက်လိုငွေပြလာ၊ ကုန်ဈေးနှုန်းထိုးတက်လာ။ လူထုကြိုက်အောင်ဆွဲဆောင်သော နိုင်ငံတော် စီမံကိန်းများကြောင့် အစိုးရအသုံးစရိတ် ထပ်မံမြင့်တက်လာ။ လိုငွေပြမှုပိုများလာပြီး ငွေကြေးထပ်မံ ရိုက်ထုတ် ဖြည့်သွင်းလာ။ လိုငွေပြတိုင်းယင်းသို့ လုပ်ဆောင်မှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းများ အစဉ်အဆက် ဆက်တိုက် မြင့်မားစွာ ဖြစ်ပေါ်ခဲ့သည်။

န၀တ၊ နယကခေတ် - ဗဟိုဘဏ်မှ ငွေချေး၊ နိုင်ငံခြားငွေနှင့် လဲလှယ်သုံးနိုင်သော ကြားခံငွေကြေးထုတ်၊ ကုန်သွယ်ရေးကို လိုင်စင်စနစ်ဖြင့် ဆက်လက်ထိန်းချုပ်၊ သွင်းကုန် တင်သွင်းရန် ပို့ကုန်ရငွေကိုသာ အသုံးပြုရမည် သတ်မှတ်၊ အရေအတွက်၊ အမျိုးအစားများ ထိန်းချုပ်၊ ကုန်သွယ်ရေးလုပ်ငန်းရှင်တိုင်း နိုင်ငံပိုင်ဘဏ်တွင် စာရင်းဖွင့်ရန် သတ်မှတ်။ ကုန်သွယ်ရေး ရငွေအချို့ကို အစိုးရနိုင်ငံခြား သုံးငွေလိုအပ်ချက် အတွက် ဖြည့်ဆည်း။ လိုင်စင်နှင့် ပါမစ်စနစ်ကြောင့် နီးစပ်သူ၊ သြဇာရှိသူများ ပိုအခွင့်အရေးရ။ အစိုးရဘဏ္ဍာရေး လိုငွေ၊ ကုန်သွယ်ရေး လိုငွေများဖြစ်ပေါ်။ သဘာဝဓာတ်ငွေ့နှင့် ကျောက်စိမ်း၊ သစ်စသည့် ပို့ကုန်များကြောင့် ၂၀၀၅-၀၆ခုနှစ်မှ စတင်ကာ ကုန်သွယ်ရေး ပိုငွေပြလာ။ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်ကဏ္ဍ တို့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြားဝင်ရောက်၊ ၂၀၀၈ခုနှစ် စတင်ကာ အစိုးရပိုင် စက်ရုံအလုပ်ရုံအချို့နှင့် အိမ်ခြံမြေအချို့ကို ပုဂ္ဂလိလသို့ လွှဲပြောင်း ရောင်းချမှု။ မော်တော်ကား လေလံပစ်မှုနှင့် ဖုန်းများ ချထားပေးမှုများမှ တစ်ဆင့် ပုဂ္ဂလိကပိုင် ငွေကြေးများ အစိုးရထံသို့ အများအပြား စီးဝင်အောင်ပြုလုပ်ခဲ့။

ကောင်းကင်ပေါ်က သွားတယ် . . .

ကျွန်တော့်မိတ်ဆွေတစ်ယောက်က မကြာခဏဆိုသလို ပြောလေ့ရှိသည့် စကားတစ်ခွန်းကို မှတ်မိနေသည်။ သူက ရန်ကုန်နှင့်မန္တလေးကို တဒီးဒီးသွားနေပြီး လေယာဉ်နှင့်ပဲ သွားလေ့ရှိတော့ ကိုယ်တို့က ကောင်းကင်ပေါ်ကပဲ သွားတယ်ဟူသော စကားဖြစ်သည်။ ကျွန်တော်တို့ကတော့ လေယာဉ်နှင့် ခရီးသွားရသည့် စရိတ်ခကကြီးလွန်းသဖြင့် ကိုယ်နှင့်တန်ရာတန်ရာ ကား၊မီးရထားကိုပဲ အားကိုး၍ သွားလာကြရသည်။

တစ်ရက်ကတော့ ကောင်းကင်ပေါ်က သွားရမည့်ခရီးစဉ်တစ်ခုပေါ်လာသည်။ သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ မိနစ်၂၀ ထွက်မည့် လေယာဉ်ခရီးစဉ်ဖြင့် မန္တလေးကနေ ရန်ကုန်ကိုသွားရသည်။ လေယာဉ်လက်မှတ်ကို Hotel Mandalay ထဲတွင် ရောင်းချပေးသည့် SEVEN DIAMOND ကနေ အသွားအပြန် ၀ယ်လိုက်သည်။ သြဂုတ်လ၂၈ရက်နေ့ မန္တလေး-ရန်ကုန်၊ သြဂုတ်လ ၃၀ ရက်နေ့ ရန်ကုန်-မန္တလေး ခရီးစဉ်ဖြစ်သည်။

ဟိုတယ်မန္တလေးမှာပဲရှိသည့် အငှားကားကို ငှားလိုက်သည်။ ကားတစ်စီးလုံးကို တစ်သောင်းရှစ်ထောင် အဲကွန်းပါလျှင် နှစ်သောင်းဟု ဆိုသည်။ မန္တလေးတွင် မိုးရွာနေတာကြောင့် အဲကွန်းမသုံးဘဲ တစ်သောင်းရှစ်ထောင်ပေးကာ ငှားလိုက်သည်။ လေယာဉ်က သတ်မှတ်ထားသည့် ၁၀း၂၀ နာရီတွင် အတိအကျထွက်သည်။ လေယာဉ်စီးရချိန် ၅၅ မိနစ်ကြာသည်။ မန္တလေးမြို့တွင်းကနေ တံတားဦးလေဆိပ်ထိ တစ်နာရီလောက်စီးရသည်။

မန္တလေးကနေ တံတားဦးလေဆိပ်ကို တစ်နာရီ၊ လေဆိပ်မှာ စောင့်ရတာက တစ်နာရီ၊ လေယာဉ်စီးရတာက ၅၅ မိနစ်၊ ရန်ကုန်လေဆိပ်ကနေ မြို့ထဲသွားတာက ၄၅ မိနစ် စုစုပေါင်း ၃ နာရီ မိနစ်၄၀ဖြင့် ရန်ကုန်က တည်းခိုမည့် စီးတီးစတား ဟိုတယ်ကို ရောက်သွားသည်။ သြဂုတ်လ၂၉ ရက်နေ့ မွန်းလွဲ ၁နာရီတွင် ဆရာပါရဂူ၏ စာမူမူပိုင်ခွင့်ကော်မတီ အစည်းအဝေးရှိသဖြင့် ကော်မတီတွင်ပါသည့် ပန်းချီဦးမျိုးခင် (ထန်းရိပ်ညို) နှင့် အဖော်လိုက် သွားရခြင်းဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့ လေယာဉ်ကွင်းချိန်းက ၇ နာရီဖြစ်ပြီး ၈ နာရီတွင် လေယာဉ်ထွက်မည်ဖြစ်သဖြင့် ဟိုတယ်က ငှားပေးသည့် အငှားကားဖြင့် နံနက် ၆နာရီတွင် ဟိုတယ်က ခွာခဲ့ကြသည်။ ရန်ကုန်မနက်ပိုင်းက လမ်းတွေရှင်းလင်းနေသဖြင့် လေဆိပ်ကိုနာရီဝက်နှင့် ရောက်သွားသည်။ နံနက် ၇ နာရီခွဲကျော်တော့ လေဆိပ်အတွင်းဘက်ထွက်ခွာရာဌာနကို ၀င်ခွင့်ရသည်။

လေဆိပ်ထဲရှိသည့် ကော်ဖီဆိုင်မှာပဲ နံနက်စာစားလိုက်ကြသည်။ ကောင်းကင်ပေါ်က ခရီးသွားရသည်မှာ အဆင်ပြေလှသည်။ သတ်မှတ်ထားသည့် အချိန်ထွက်တော့ ကြာရှည်စောင့်ဆိုင်းစရာမလိုပေ။ ရာသီဥတုကောင်းလျှင် လေယာဉ်ခရီးက အဆင်ပြေစွာရောက်သွားရတာပဲဖြစ်သည်။ ယခင်ကတော့ ရန်ကုန်ထားဝယ်ခရီးစဉ်ကို လေယာဉ်ဖြင့် ခဏခဏသွားဖူးသည့် ဂျက်၊ ဖော်ကာ လေယာဉ်များဖြင့် သွားရသည်။
ယခုအခါမှာတော့ မြန်မာ့လေကြောင်းအပြင် ပုဂ္ဂလိကလေကြောင်းတစ်လိုင်းကနေ လေယာဉ်လက်မှတ်ကို အသွားအပြန် ၀ယ်ထားသဖြင့် လက်မှတ်ကိစ္စကတော့ အဆင်ပြေသည်။ ကောင်းကင်ပေါ်က ခရီးသွားရတာ အချိန်တွက်ဆ၍ ရလာသဖြင့် မန္တလေးတွင် စာအုပ်မိတ်ဆက်ပွဲ တစ်ခုကို သြဂုတ်လ ၃၀ ရက်နေ့မှာပင် ကျွန်တော်စီစဉ်ထားခဲ့သည်။ မိတ်ဆက်ပွဲကို ညနေ ၄ နာရီမှ စတင်မည်ဆိုတော့ နံနက် ၈ နာရီ လေယာဉ်နှင့် မန္တလေးကိုပြန်လာမည့် ကျွန်တော့်အတွက် အဆင်ပြေလေသည်။

လေယာဉ်သတ်မှတ်ထားသည့် အတိုင်းပင် နံနက် ၈ နာရီတွင် မင်္ဂလာဒုံလေဆိပ်ကနေ စတင်ထွက်ခွာလာသည်။ ရာသီဥတုကလည်း အသွားတုန်းကထက် ပိုကောင်းနေသည်။ ကောင်းကင်က ကြည်လင်နေသည်။ လေယာဉ်အောက်က လေထုကလည်း ကြည်လင်နေသည်။ ကျွန်တော်တို့ လိုက်ပါလာသည်။ ခရီးစဉ်အမှတ် ၀၁၁ ဂျက်လေယာဉ်သည် ကောင်းကင်တွင်လွတ်လပ် ပေါ့ပါးစွာပျံသန်းလျက်ရှိသည်။
လေယာဉ်ထွက်ခွာပြီး မိနစ် ၃၀ လောက်တွင် လေယာဉ်မယ်ကလေးတွေက မုန့်နှင့် လက်ဖက်ရည်၊ ကော်ဖီတွေ လိုက်ချပေးသည်။ အအေးသောက်လိုသူတွေကို အအေးလိုက်ချပေးသည်။ ကျွန်တော်တို့ခုံရှေ့က တင်စရာကလေးကိုချပြီး ဗန်းကလေးကို တင်လိုက်သည်။ မုန့်ဗန်းကလေးကို ဖောက်မည်ပြင်လိုက်စဉ် မုန့်ဗန်းကလေးက အောက်ကိုလျှောကျသွားသည်။ ပုံမှန်ပြေးနေသည့် လေယာဉ်မှာ အောက်ကိုဇောက်ထိုး ကျသွားခြင်းဖြစ်သည်။

ကျွန်တော်တို့ ခေါင်းပေါ်က ၀ုန်းခနဲအသံတွေကြားရပြီး အောက်ဆီဂျင်ရှူမည့် ပိုက်တွေပြုတ်ကျလာသည်။ အသက်ရှူကျပ်စပြုလာသည်။ ခေါင်းပေါ်က လေအေးဝင်နေသည့် အပေါက်ကလေးတွေက လေမ၀င်တော့ပေ။ လေယာဉ်ပေါ် ပါလာသည့် ခရီးသည်တွေအထိတ်တလန့် ဖြစ်သွားကြသည်။ လေယာဉ်မှူး၏ အသံပေါ်လာသည်။ လေယာဉ်တွင် လေဖိအား ပြဿနာပေါ်လာသဖြင့်မင်္ဂလာဒုံလေဆိပ်ကို ပြန်လည်ဆင်းသက်မည့်အကြောင်း စိုးရိမ်စရာမလိုကြောင်း ကြေညာသည်။

ကျွန်တော်တို့လည်း လေယာဉ်ထဲတွင်ပူလာပြီး အသက်ရှူရကျပ်သလိုဖြစ်လာသဖြင့် အောက်ဆီဂျင်ပိုက်ကို လှည့်ယူပြီးတပ်လိုက်သည်။ အောက်ဆီဂျင်ပိုက်က ဘာမှမလာပေ။ လေယာဉ်မယ်ကလေးတွေကလည်း စိုးရိမ်စရာမရှိကြောင်း လိုက်ပြောနေရင်းက မျက်နှာတွေက စိုးရိမ်ပူပန်မှုတွေ ပေါ်လွင်နေသည်။

တချို့အောက်ဆီဂျင်ပိုက်တွေက သုံး၍ရနေသဖြင့် နေရာရွှေ့ပြောင်းဖို့ပြောနေသည်။ လေယာဉ်ထဲတွင် အပူချိန်မြင့်တက်လာသည်။ နားတွေအူလာပြီး လက်နှင့်ပိတ်ထားရသည်။ နားဆို့ရသည့် ဂွမ်းလုံးကလေးတွေလည်း လေယာဉ်ပေါ်တွင် ပါမလာပေ။

"ရန်ကုန်ကို ပြန်မောင်းတယ်ဆိုတော့ မန္တလေးဆက်သွားတာက ပိုမနီးဘူးလား"

ခရီးသည်တစ်ဦးက လေယာဉ်မောင်ကို မေးလိုက်သည်။ နာရီဝက်မောင်းလာပြီးဖြစ်၍ နောက်ထပ် မိနစ် ၂၀ လောက် မောင်းလိုက်လျှင် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာပြီး ရန်ကုန်ကို ပြန်လှည့်တာက အနည်းဆုံးနာရီဝက် ကြာပေဦးမည်။

"အောက်ဆီဂျင်က ၁၅ မိနစ်ပဲရတယ်။ ရန်ကုန်ပြန်ဆင်းတာက ပိုအဆင်ပြေလို့ပါ"

"နေပြည်တော်နဲ့ နီးနေတာပဲ။ နီးတဲ့နေရာ ဆင်းလို့မရဘူးလား" လေယာဉ်မောင်က ဘာဆက်ပြောရမှန်း မသိဘဲ စိတ်ချပါ၊ အန္တရာယ်မရှိပါဘူးဟုသာ ပြောနေသည်။ လေယာဉ်မယ်ကလေး တစ်ယောက်ကကျတော့ ခရီးသည်တွေကို လေယာဉ်လေပိုင်းဆိုင်ရာ ကိစ္စတွေကို ပြောနေသည်။

"ကေဗင်ထဲမှာအတွင်းက လေနဲ့အပြင်ကလေကို ဆက်သွယ်တည်ဆောက်ထားတဲ့ စစ္စတမ်ရှိပါတယ်။ အပြင်ကလေကိုယူပြီး အတွင်းဘက်မှာပြုပြင်သုံးတာပါ။ အမြင့်ပေ နှစ်သောင်းကျော်ရောက်နေတော့ အပြင်လေကရှူလို့ မရပါဘူး။ နောက် ၁၅ မိနစ်လောက်ဆိုရင် လေဆိပ်ကို ဆင်းနိုင်ပါမယ်"

လေယာဉ်မယ်ကလေးက ကိစ္စတွေကို ရှင်းပြနေသည်။ အောက်ဆီဂျင်ပိုက်တွေက အလုပ်မလုပ်တာကိုလည်း ပိုက်တွေကို ဆွဲဆွဲဆောင့်နေသည်။ ဒီလိုမျိုးအောက်ဆီဂျင်ပိုက်တွေ အောက်ကိုပြုတ်ကျလာတာကို သူတို့လည်း မကြုံဖူးသေးကြောင်း ပြောနေသည်။ အလုပ်မလုပ်သည့် အောက်ဆီဂျင်ပိုက်တွေကို ဆွဲဆွဲဆောင့်နေတာက ပိုက်သာပြုတ်ပြတ်ကုန်မည်၊ အောက်ဆီဂျင်ကထွက်မလာပေ။

တချို့ခရီးသည်တွေ လေတဖျပ်ဖျပ်ယပ်ခပ်နေရသည်။ တချို့က ရင်ဘတ်ကိုဖိနေပြီး၊ တချို့က နားပေါက်တွေကို လက်ဖြင့်ပိတ်နေကြသည်။ ကျွန်တော်တို့ ချွေးတွေပြန်လာသည်။ မွန်းကြပ်လာသည်။ အသက်ရှုမ၀သလိုဖြစ်သည့် ခရီးသည်တွေက အနီးဆုံးလေဆိပ်ကိုမဆင်းဘဲ ရန်ကုန်ပြန်နေတာကို ပြောနေကြသည်။

အပေါ်က လေအေးထွက်နေသည့် အပေါက်တွေက လေလုံးဝမ၀င်တော့ပေ။ လေယာဉ်ထဲတွင် လေနည်းနေပြီး အသက်ကိုလုရှူနေရသည်။ လူတွေက မျက်လုံးစုံမှိတ်ပြီး ပါးစပ်ကတတွတ်တွတ်ရွတ်နေကြသည်။ မင်္ဂလာဒုံလေဆိပ်ကိုဆင်းခါနီးကျတော့မှ လေပေါက်တွေကaန လေထွက်လာပြီး အသက်ရှူရတာပြန်ပြီး အဆင်ပြေလာသည်။ လေယာဉ်ပြေးလမ်းပေါ် လေယာဉ်ဆင်းလိုက်တော့မှ ခရီးသည်တွေလည်း ဟင်းချနိုင်ရတော့သည်။

လေဆိပ်ထွက်ခွာခရီးတွင် ကျွန်တော်တို့ ပြန်နားကြရသည်။ ပုဂ္ဂလိကလေကြောင်းလိုင်းကကျွေးသည့် လက်ဖက်ရည်၊ ကော်ဖီနှင့်မုန့်ကိုစားပြီး စောင့်ရသည်။ လေကြောင်းလိုင်းမှ ၀န်ထမ်းများက နောက်ထပ်တစ်နာရီခွဲလောက်စောင့် ရမည်ဟု လာပြောသည်။

"လေယာဉ်ပြန်ပြင်နေတာလား"

"ဟုတ်ပါတယ်။ တစ်နာရီ လောက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်"

"ဒီလေယာဉ်ပြင်ပြီးတော့မှ ဒီလေယာဉ်နဲ့ ပြန်သွားရမှာလား"

"ဟုတ်ပါတယ်ခင်ဗျား"

ခရီးသည်တွေမှာထိုလေယာဉ်ဖြင့် ပြန်သွားရမှာကိုပင် လန့်နေကြပုံရသည်။ မန္တလေးထွက်မည့် လေယာဉ်ခရီးစဉ်တွေထဲက ဂိုးရှိုးလိုက်လို့ရမရ၊ လက်မှတ်လက်ကျန်ရှိ မရှိကို စုံစမ်းသူက စုံစမ်းသည်။ ၁၂ နာရီလောက်မှ လေယာဉ်ခရီးစဉ်က ရှိတော့သည်ဟု ဆိုသည်။ တချို့ကကျတော့လည်း ကားငှားပြီး သွားရင်ကောင်းမလားမသိဘူးဟု တိုင်ပင်နေကြသည်။

ခရီးသည်တွေက အကျိုးအကြောင်းသတင်းအတိအကျ သိချင်နေသည်။ ထိုပုဂ္ဂလိကပိုင် လေကြောင်းလိုင်းကတ်ပြားတွေ ဆွဲထားသည့် ၀န်ထမ်းတွေကို မေးနေကြသည်။ ၀န်ထမ်းတွေက တိတိကျကျ မသိတော့ ပြောရခက်နေသည်။ တချို့ကကျတော့လည်း ခရီးသည်မေးတာကို အဖြေပေးနေသည်။ သူတို့ပေးနေသည့် အဖြေတွေက သူတို့ထင်တာတွေ များနေတာကို တွေ့ရသည်။

လေဆိပ်တွင်တာဝန်ကျသည့် ထိုလေကြောင်းလိုင်းက ၀န်ထမ်းတစ်ယောက်က ကျွန်တော်တို့စီးသည့် ဂျက်လေယာဉ်မှာ မနေ့ကမှ စင်ကာပူကနေ Check လုပ်ပြီး ပြန်လာသည့် လေယာဉ်ဟု ပြောနေသည်။ စင်ကာပူကနေ ရန်ကုန်ကိုလာပြီးမှ ရန်ကုန်ကနေ မန္တလေးပျံသန်းချိန်တွင် ဖြစ်တာက ဘယ်လိုဖြစ်တာလဲဟု မေးနေသည်။

ထားဝယ်-ကော့သောင်းခရီးစဉ်၊ ဟဲဟိုး-ပုဂံ-မန္တလေးခရီးစဉ်များသို့ လိုက်ပါစီးနင်းမည့် ခရီးသည်တွေ ၀င်လာသည်။ ထွက်ခွာခန်းမတွင် လူတွေပြည့်လာပြန်သည်။ ကျွန်တော်တို့လေယာဉ်က ခရီးသည်တွေက သူတို့အိမ်တွေကို ဖုန်းဆက်နေကြတော့ ထိုခရီးသည်များကို နောက်ဝင်လာသည့် ခရီးသည်တွေက စိတ်ဝင်စားသွားသည်။ မေးကြ၊ မြန်းကြ၊ စုပ်တသပ်သပ်ဖြစ်နေကြသည်။

"အာက်ဆီဂျင်ပိုက်တွေက အလုပ်မလုပ်တော့လူတွေကပိုပြီး ထိတ်လန့်သွားကြတာပေါ့။ အောက်ဆီဂျင်ပိုက်ကို ဘယ်လိုသုံးရမယ်ဆိုတာတော့ လေယာဉ်ထွက်တာနဲ့ သရုပ်ပြတာပဲ။ ဒါတွေ ကောင်းမကောင်းကျတော့ စစ်မထားကြဘူး လား။ နီးတဲ့လေဆိပ်ကို မဆင်းဘဲ ရန်ကုန်ကို မရောက်ရောက်အောင် ပြန်လာတာ။ ခရီးသည်တွေတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဘာမှစိတ်မပူနဲ့ဆိုပေမယ့် အသက်ရှူရတာ ကျပ်လာနေပြီလေ။ အောက်ဆီဂျင်ပိုက်ကလည်း သုံးမရဘူး။ စိတ်ပူတာပေါ့။ ခုထိရင်ထဲ အောင့်တောင့်တောင့်ဖြစ်နေသေးတာ"
ခရီးသည်အမျိုသမီးက သူ့နံဘေးမှ အခြားလေယာဉ်စီးမည့် ခရီးသည်တွေကို ပြောပြတော့ ထိုခရီးသည်များကပါ ဘုရားတနေကြသည်။ မွန်းလွဲ ၁ နာရီတွင် ကျွန်တော်တို့ ခရီးသည်များကို နှစ်သုတ်ခွဲကာ ဖော်ကာလေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။ မန္တလေးသို့ ချောမောစွာပြန်ရောက်တော့မှ ရင်မောပြေရတော့သည်။

အငှားကားတစ်စီးငှားပြီး မြို့ထဲဝင်တော့ ကားခက ကျပ် ၁၂၀၀၀ ပေးရသည်။ အသွားတုန်းက ကျပ် ၁၈၀၀၀ပေးခဲ့ရပြီး အပြန်ကျတော့ ၁၂၀၀၀ ပေးရလေရာ အငှားကားလိုင်းတွေကလည်း တောင်းချင်သလို တောင်းနေကြတာပါလားဟု သိရတော့သည်။

ကောင်းကင်ပေါ်က ခရီးသွားရတာ ကုန်ကျစရိတ်များပြီး သက်သောင့်သက်သာရှိပါသည်။ အချိန်ကိုလည်း ချုံ့၍ရပါသည်။ သို့သော်လည်း ကျွန်တော်တို့ခရီးသည်တွေအတွက် ဘယ်လောက်ယုံကြည် စိတ်ချရမလဲဆိုတာက စဉ်းစားစရာဖြစ်နေသည်။ တိကျသေချာသည့် သတင်းထုတ်ပြန် ဖြေရှင်းချက်မရှိသည်ကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာပင်။ ကားကိုလမ်းဘေးထိုးဆိုက်ပြီး ဆင်းချသွားလို့ မရလေတော့ ကောင်းကင်ပေါ်က ခရီးသွားရခြင်း၏ စိတ်ချယုံကြည်ရမှုကို ယခုတစ်ခေါက်နှင့်ပင် ကျွန်တော်လန့်သွားရသည်။

ဘွဲ့ဖြူလက်နက်အန္တရာယ်

အကျင့်ပျက်ခြစားမှုပပျောက်ရေးနဲ့ တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ခြင်းမပြုဘဲနဲ့ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်မှုမရနိုင်ကြောင်း အစိုးရတာဝန်ရှိပုဂ္ဂိုလ်များက နေ့စဉ်နှင့်အမျှ ထုတ်ဖော်ပြောကြားနေကြတာများကို စာနယ်ဇင်းတွေမှာ အခုတလော မပြတ်ဖတ်ရှုနေရတယ်။

ကြောက်စရာချောက်ကြီး

ဒီပြောကြားချက်များဟာ သွေးထွက်အောင်မှန်တဲ့ စကားများဖြစ်တယ်။ တစ်ပါတီ တစ်ဖွဲ့တစ်စည်း အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်ခဲ့လေတော့ နိုင်ငံအိမ်ကြီးကို ထောက်မထားတဲ့ တိုင်ကြီးလေးလုံး မဏ္ဍိုင်ကြီးလေးခုစလုံးဟာ အတွင်းလှိုက်စားတဲ့ ခြပုန်းတွေလက်ချက်ကြောင့် မြင်မကောင်း ရှုမကောင်းဖြစ်အောင်ကို ယိုင်နဲ့နေတာ တွေ့ရတယ်။ မငြိမ်မသက်ဖြစ်မှုတွေနဲ့ ဆူပူအုံကြွမှုတွေရဲ့ ရေခံမြေခံဖြစ်တဲ့ ဆင်းရဲချမ်းသာကွာဟမှု ဒါမှမဟုတ် အပယ်ခံနဲ့ အခွင့်ထူးခံ ကွာဟမှုချောက်ကြီးကလည်း ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းလာခဲ့တယ်။ အင်မတန်အန္တရာယ်ကြီးတဲ့ ချောက်ကြီးဖြစ်တယ်။

တောမီးလောင်သလို

အခုတလော တောမီးလောင်သလို တစ်နေရာက တစ်နေရာကို ရုတ်တရက် ချက်ချင်း ကူးစက်ပျံ့နှံ့သွားတဲ့ အရှေ့အလယ်ပိုင်းဒေသက တော်လှန်ရေးမုန်တိုင်းကြီးကို ကြည့်ပြီး ကောင်းကောင်းကြီး သင်ခန်းစာယူသင့်တယ်။ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံအားလုံးလိုလိုဟာ မူလက အင်မတန်ဆင်းရဲကြတယ်။ စာတတ်မြောက်မှုရာနှုန်းလည်း အင်မတန်နိမ့်ကျတယ်။ ခြောက်ဆယ်ခုနှစ်များအတွင်းရောက်မှ ရေနံတွင်းတွေ ရှာဖွေတွေ့ရှိပြီး လူရာဝင်လာကြတာမြန်တယ်။ လူချမ်းသာတွေ အများကြီး ပေါ်ထွက်လာခဲ့တယ်။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်က အာဏာရှင်စနစ်ဖြစ်တယ်။ တချို့နိုင်ငံတွေမှာ ဘုရင်တွေ၊ ပဒေသရာဇ်တွေ အုပ်ချုပ်ပြီး တချို့နိုင်ငံတွေကျတော့ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေကြတာ ဖြစ်တယ်။ ဒေသတစ်ခုလုံးမှာ ဒီမိုကရေစီနိုင်ငံလို့ လက်ညှိုးထိုးပြစရာဆိုလို့ အစ္စရေးနိုင်ငံ တစ်ခုပဲရှိတယ်။

ရေနံဝင်ငွေတွေ

ရေနံဝင်ငွေ ဒလဟောလှိမ့်ဝင်လာပေမယ့် တိုင်းပြည်ရဲ့ လူဦးရေအများစုက ဆင်းရဲမြဲ ဆင်းရဲနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ရသမျရေနံဝင်ငွေတွေဟာ ဘုရင်တွေ၊ ဆူလတန်တွေရှိတ်တွေနဲ့ ဆက်ဒမ်ဟူစိန်လို၊ ကဒတ်ဖီလို အာဏာရှင်တွေရဲ့ နိုင်ငံခြားက ဘဏ်စာရင်းတွေထဲပဲ စီးဝင်သွားကြတာကိုး။ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေရဲ့ ချမ်းသာသမျှတွေဟာ အဲဒီနိုင်ငံတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတဲ့ ကုဋေကြွယ်သူဌေးကြီးများရဲ့ လက်ထဲမှာ ၇၀ ရာခိုင်နှုန်း လောက်ရှိနေပြီးကျန် ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့ တိုင်းပြည်သူပြည်သူသားများက လှည့်ပတ်သုံးစွဲနေရတာဖြစ်တယ်လို့ ပညာရှင်များက ထောက်ပြကြတယ်။

လက်ဆုပ်မဖြေကြ

ဓနခွဲဝေမှုကို သင့်တင့်မျှတတဲ့ အချိုးအဆရောက်အောင် ပြုပြင်ဖို့လိုတယ်။ ဒီလိုမလုပ်ရင် ထိန်းမနိုင်သိမ်းမရ အုံကြွမှုတွေဖြစ်လာနိုင်တယ်လို့လည်း သတိပေးကြတယ်။ ဒါပေမယ့်ဘုရင်ကြီးတွေ၊ ဆူလတန်ကြီးတွေနဲ့ အာဏာရှင်ကြီးတွေက လောဘမသတ်နိုင်ဖြစ်ပြီး လက်ဆုပ်ကို မဖြေကြဘူး။ ရုရှားက၊ တရုတ်က၊ အမေရိကန်က၊ ဂျာမနီက၊ ပြင်သစ်နဲ့ အီတလီက ၀ယ်ထားတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေက သူတို့ကို ကာကွယ်မှုပေးလိမ့်မယ်လို့ ယုံကြည်ပြီး ရေနံဝင်ငွေတွေကို တိုင်းသူပြည်သားများကို မျှဝေခံစားစေမယ့်အစား နိုင်ငံပေါင်းစုံက လက်နက်ကုန်သည်ကြီးတွေ လက်ထဲသာ ထိုးအပ်လိုက်ကြတယ်။

နှင်းဘောလုံးလို

လူတွေဆင်းရဲတွင်း နက်သထက်နက်နေရတဲ့အထဲ ကြီးနိုင်ငယ်ညှဉ်း နိုင်ထက်စီးနင်းပြုမူမှုတွေက လွန်သလက်လွန်ကဲလာလေတော့ နောက်ဆုံးမှာ မခံမရပ်နိုင်ဖြစ်ကြပြီး ဒီနေ့အခြေအနေမျိုးထိ ရောက်ရှိသွားတော့တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အဓိက အကြောင်းအရင်းကတော့ ဓနခွဲဝေမှု တစ်ဖက်စောင်းနင်းဖြစ်ရတဲ့အချက် ဖြစ်တယ်။ ဒီအချက်က သိပ်ကြောက်စရာကောင်းတယ်။ တစ်ဖက်စောင်းနင်းဖြစ်မှု စရှိနေပြီဆိုတာနဲ့ တောင်စောင်းကလှိမ့်ချလိုက်တဲ့ နှင်းဘောလုံးများလို ကြာလေကြီးလေ ဖြစ်လာလေ့ရှိတယ်။ လျော့ပါးသွားတယ်လို့ ဘယ်တော့မှမရှိဘူး။ ငွေတွေကအာဏာရှိသူနဲ့ ပိုက်ဆံရှိသူတွေလက်ထဲကိုသာ ပုံစံအမျိုးမျိုးနဲ့ ရောက်သွားကြတယ်။ တကယ်လိုအပ်တဲ့ ဆင်းရဲသားတွေလက်ထဲ ဘယ်တော့မှရောက်တယ် မရှိဘူး။ဒီလို ဓနဥစ္စာကွာဟချက်ကြီးမားခြင်းက သြဇာအရှိန်အ၀ါကွာခြားချက်ကို ပေါ်ပေါက်စေတယ်။ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံလူတန်းစားဆိုပြီး ဖြစ်ပေါ်စေတယ်။ အခွင့်ထူးခံတွေက နေရာတိုင်းမှာ အခွင့်ထူးတွေ ခံစားရရှိကြပြီး အပယ်ခံတွေကတော့ တစ်နေ့တခြားဘေးကို ရောက်သထက်ရောက်ကုန်ကြတယ်။
နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ မကြာမီကပြောကြားခဲ့ကြတဲ့အတိုင်း တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှာမရှိစေရေးဆိုတဲ့ အချက်ကို တိတိကျကျမှန်မှန်ကန်ကန် လက်တွေ့ကျင့်သုံးကြဖို့ လိုပါတယ်၊ စကားအဖြစ် လေထဲမှာ ကွယ်ပျောက်သွားတာမျိုး မဖြစ်စေသင့်ဘူး . . .


ငွေများတရားနိုင်

အပယ်ခံတွေကလည်း ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက် ချမ်းသာချင်တယ်။ အခွင့်အရေးတွေ ရချင်တယ်။ အဲဒီတော့ ချမ်းသာကြွယ်ဝတဲ့ အခွင့်ထူးခံ စီးပွားရေးသမားများ လုပ်ခဲ့ကြတဲ့ နည်းလမ်းတွေအတိုင်း အခွင့်ထူးခံစားရဖို့ လာဘ်ပေးလာဘ်ယူတွေ လုပ်လာကြတယ်။ ဒီလိုနဲ့ အကျင့်ပျက်ခြစားမှုတွေ လူတန်းစားအားလုံးဆီ ပျံ့နှံ့သွားပြီး နောက်ဆုံးမှာ ငွေများတရားနိုင်ဆိုတဲ့ အခြေအနေ၊ ငွေက အရာရာကို ဖန်တီးတယ်။ (money makes everything) ဆိုတဲ့ အခြေအနေမျိုးတွေ အထိရောက်ရှိ သွားတော့တယ်။

လှုပ်လေမြုပ်လေ

ဆင်းရဲသားအပယ်ခံတွေမှာတော့ ငွေကအရာရာကို ဖန်တီးတဲ့ခေတ်မှာ လူနဲ့သူနဲ့တူအောင် နေထိုင်နိုင်ဖို့ကို တစ်နေ့တခြား ခက်ခဲသထက် ခက်ခဲလာကြတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လှုပ်လေမြုပ်လေဆိုသလို ဆင်းရဲတွင်းကြီးထဲ နစ်သထက် ပိုနစ်နေကြရတယ်။ ဘယ်လိုမှမတတ်နိုင်ကြလေတော့ အံတကြိတ်ကြိတ်နဲ့ နာကြည်းမုန်းတီးမှုတွေပဲ ရင်ထဲမှာ တစ်နေ့တခြား ကြီးထွားလာကြတယ်။ အဲဒီလိုနဲ့ ကြာလာတော့ သေမထူးနေ မထူးစိတ်ဓာတ်မျိုးတွေ ဖြစ်လာတယ်။ ခါးသီးတဲ့ အမုန်းဆူးတောင်ကြီးတွေ တစ်ချောင်းပြီး တစ်ချောင်းပေါက်လာတယ်။ နောက်ဆုံးတော့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး သွေးရူးသွေးတန်းနဲ့ ထင်ရာဆိုင်းရင်း လုပ်ချင်တာတွေ လျှောက်လုပ်တော့တယ်။ လူသတ်ရမှာလည်း မကြောက်တော့ဘူး။ ကိုယ့်အသက် သေမှာလည်း မကြောက်တော့ဘူး။

သွေးရူးသွေးတန်းလူများ

အဲဒီလို အကြောက်တရားကို လွန်မြောက်သွားတဲ့ သွေးရူးသွေးတန်း (desperate) ဖြစ်နေတဲ့ လူမျိုးတွေကို (desperatedos) လို့ခေါ်ကြတယ်။ သိပ်ကြောက်စရာကောင်းတယ်။ ဒီလိုလူမျိုးတွေကို ဘာနဲ့ ခြောက်ခြောက် မကြောက်တော့ဘူး။ ဘယ်လိုတားတား မရတော့ဘူး။ ထင်ရာလုပ်တော့တာပဲ။ အဲဒါကြောင့်လူတွေကို အဲဒီအဆင့်ရောက်မသွားအောင် ကြိုတင်ကာကွယ်တားဆီးဖို့ လိုပါတယ်။ ဓနခွဲဝေမှု တစ်ဖက်စောင်းနင်းဖြစ်နေတာကိုလည်း ပြုပြင်ဖို့လိုတယ်။ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံ လူတန်းစားဆိုပြီး ရှိနေသမျှကာလပတ်လုံး အကျင့်ပျက်ခြစားမှုတွေနဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိနေဦးမှာ ဖြစ်တယ်။

အဓိကတာဝန်ရှိသူ

အခွင့်ထူးခံလူတန်းစားမရှိဖို့နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့အတွက် အဓိကတာဝန်ရှိတာက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်တို့ ဖြစ်တယ်။

- တရားဥပဒေအပိုင်းက လက်ရှိတည်ဆဲဥပဒေတွေနဲ့တင် လုံလောက်တယ်လို့ ဆိုနိုင်တယ်။ ရှိနေတဲ့ ဥပဒေတွေကို လိုက်နာစောင့်ထိန်းတဲ့အပိုင်းက ပျက်ကွက်လို့သာ ဒီလိုအခြေအနေမျိုးကို ရောက်နေတာဖြစ်တယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်နှစ်ခုက ဒီပျက်ကွက်မှုကို ပြုပြင်ဖို့လိုတယ်။ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ မကြာမီက ပြောကြားခဲ့ကြတဲ့အတိုင်း တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိစေရ ဆိုတဲ့အချက်ကို တိတိကျကျမှန်မှန်ကန်ကန် လက်တွေ့ကျင့်သုံးကြဖို့ လိုပါတယ်၊ စကားအဖြစ်လေထဲမှာ ကွယ်ပျောက်သွားတာမျိုး မဖြစ်စေသင့်ဘူး။

စံနမူနာပြသင့်

တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ၀န်ကြီးဌာနနှစ်ခု ပူးတွဲကိုင်ဆောင်ရတဲ့ ၀န်ကြီးများကိုယ်တိုင်က ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အကျိုးကြည့်တဲ့အနေနဲ့ လစာနှစ်ခု ထုတ်ယူခံစားခြင်းမပြုဘဲ လစာတစ်ခုသာ ထုတ်ယူတယ်လို့ သိရပါတယ်။ အင်မတန်ကောင်းပါတယ်။ အားလုံး အတုယူကြပြီး ၀န်ကြီးဖြစ်လို့ လွှတ်တော်အမတ်ဖြစ်လို့၊ အရာရှိကြီးဖြစ်လို့၊ တရားသူကြီးဖြစ်လို့၊ အာဏာရပါတီဖြစ်လို့ဆိုပြီး အထူးအခွင့်အရေးများ ရယူတာမျိုးမလုပ်ဘဲ စံနမူနာ ကောင်းပြသသင့်တယ်။ အစိုးရဆိုတာ သမ္မတကစပြီး အောက်ဆုံးအဆင့်ဝန်ထမ်းလေးအထိ ပြည်သူကပေးတဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြတယ်။ ပြည်သူလူထုဟာ ကျေးဇူးရှင် ထမင်းရှင်များဖြစ်တယ်။ ကိုယ့်ကို ထမင်းကျွေးထားတဲ့ ကျေးဇူးရှင်များထက် အခွင့်ထူးပိုယူတာမျိုး မရှိသင့်ဘူး။

ပြည်သူက ကျေးဇူးရှင်

လွှတ်တော်အမတ်ဆိုတာလည်း ပြည်သူလူထုက သူတို့ကိုယ်စား တိုင်းရေးပြည်မှု ဆောင်ရွက်ဖို့ ရွေးချယ် တင်မြှောက်ထားသူများဖြစ်တဲ့အတွက် ပြည်သူလူထုကို ဦးထိပ်ထားလေးစားရမှာ ဖြစ်တယ်။ ရရှိခံစားရတဲ့ အခွင့်အရေး အဆောင်အယောင်မှန်သမျှ ပြည်သူ့ဘဏ္ဍာငွေက ထုတ်ယူသုံးစွဲတာဖြစ်တဲ့အတွက် ပြည်သူလူထုကို ကျေးဇူးရှင်အဖြစ် ခံယူစွဲမှတ်ရမှာဖြစ်တယ်။ သာမန်ပြည်သူတိုင်း ခံစားရရှိတဲ့ အခွင့်အရေးများထက်ပိုပြီး အခွင့်ထူးခံစားခွင့်မရှိဘူး။ ကိုယ်ကျိုးထက် တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေး လုပ်ဆောင်ပါမယ်လို့ ကတိက၀တ် ပဋိညာဉ်ပြုပြီး အရွေးချယ်ခံခဲ့သူများဖြစ်တာကြောင့် ကိုယ်ကျိုးမကြည့်ရာမှာ အခွင့်ထူးမခံစားရာမှာ ရှေ့ဆောင်လမ်းပြ စံနမူနာကောင်းဖြစ်စေရမယ်။
ပြည်သူလူထုကြီးရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှ မကြည့်တဲ့ ဘယ်သူ့စပွန်ဆာတို့ စတိုင်ပင်နဲ့ စကောလားရှစ်တို့ ဂရန့်တို့ကိုမှ လုံးဝလက်မခံတဲ့ သတင်းမီဒီယာကိုသာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်တာဖြစ်တယ်။ အဲဒါတွေတစ်ခုခုနဲ့ မလွတ်ကင်းရင် စတုတ္ထမဏ္ဍိုင်လို့ မခေါ်နိုင်ဘူး . . .


ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံး

နောက်ဆုံးကျန်ရှိနေတဲ့ မဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာလည်း ပြည်ကြီးဝန်ကို ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံးအဖြစ် ထမ်းဆောင်ကြရသူများဖြစ်တဲ့အတွက် တစ်နည်းအားဖြင့် ပြည်သူ့ဝန်ထမ်းများပင် ဖြစ်ကြတယ်။ တခြားပြည်သူ့ဝန်ထမ်းများလိုပဲ ပြည်သူကို ဦးထိပ်ထားလေးစားရမှာ ဖြစ်တယ်။ ပြည်သူ့ အထက်ကနေချင်လို့ မဖြစ်ဘူး။ ပြည်သူ့ရှေ့က အခွင့်ထူးရယူချင်လို့လည်း မဖြစ်ဘူး။ အလားတူပဲ သတင်းသမားဟာ အစိုးရတစ်ရပ်ရဲ့ လက်ကိုင်တုတ်မဖြစ်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းနဲ့ နိုင်ငံရေးသမားများရဲ့ အသုံးချခံလည်း မဖြစ်ရဘူး။ စီးပွားရေးသမားများရဲ့ကျေးဇူးခံကျေးဇူးစားလည်း မဖြစ်စေရဘူး။ ဒီခေတ်မှာ ခေတ်စားတဲ့ စပွန်ဆာဆိုတာဟာ စီးပွားရေးသမားက သတင်းမီဒီယာသမားကို လာဘ်ထိုးတဲ့ သဘောဖြစ်တယ်။ စပွန်ဆာလက်ခံရယူတဲ့ သတင်းမီဒီယာသမားဟာ စပွန်ဆာရှင်ရဲ့ မျက်နှာကို အမြဲကြည့်နေရမှာဖြစ်တဲ့အတွက် ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား လုံးဝမဖြစ်နိုင်တော့ဘူး။

ဘွဲ့ဖြူလက်နက်

စပွန်ဆာတွေထဲမှာ အဆိုးဝါးဆုံးကတော့ သံရုံးတွေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ စပွန်ဆာဖြစ်တယ်။ စတိုင်ပင်၊ စကောလားရှစ်၊ ဂရန့်စတဲ့ အမည်အမျိုးမျိုးပေးထားတဲ့ ထောက်ပံ့ကြေးမှန်သမျှဟာ သံရုံးတွေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေက သူတို့ရဲ့ သစ္စာတော်ခံများအဖြစ် မွေးမြူသိမ်းသွင်းဖို့ အသုံးပြုတဲ့ ''ဘွဲ့ဖြူလက်နက်'' ဖြစ်တယ်။ ''အဏုမြူလက်နက်''လို အလွန်ကြောက်စရာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ သစ္စာခံဆိုတာ ''ပဉ္စမံတပ်သား'' အငယ်စား (Junior fifth Column) တွေဖြစ်ကြလို့ပါပဲ။ အကြောင်းကြီးငယ်ရှိလာခဲ့ရင် သစ္စာခံများဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးထက် သူတို့သစ္စာခံထားတဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကိုသာ ထမ်းရွက်ကြလို့ဖြစ်တယ်။

နားခွက်ကမီးတောက်ပြီးသား

ပြည်သူလူထုကြီးရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှ မကြည့်တဲ့ ဘယ်သူ့စပွန်ဆာတို့ စတိုင်ပင်နဲ့ စကောလားရှစ်တို့ ဂရန့်တို့ကိုမှ လုံးဝလက်မခံတဲ့ သတင်းမီဒီယာကိုသာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်တာဖြစ်တယ်။ အဲဒါတွေတစ်ခုခုနဲ့ မလွတ်ကင်းရင် စတုတ္ထမဏ္ဍိုင်လို့ မခေါ်နိုင်ဘူး။ ကိုယ့်ဟာကိုယ် စတုတ္ထမဏ္ဍိုင်လို့ ဆိုင်းဘုတ်တပ်ပြီး ဘာတွေပဲပြောနေနေ၊ ဘာတွေပဲရေးနေနေ မြန်မာစာဖတ်ပရိသတ်ကို လိမ်လို့မရပါဘူး။ ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ဖူးတဲ့ မြန်မာစာဖတ်ပရိသတ် ပြည်သူတွေက ''ချက်ဆိုနားခွက်က မီးတောက်ပြီးသား'' ဖြစ်တယ်။ ဘယ်သူတွေဟာ စတုတ္ထမဏ္ဍိုင်ပီသတယ်။ ဘယ်သူတွေကတော့ ''သစ္စာတော်ခံ'' တွေဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီး သိထားပြီးသားဖြစ်ပါတယ်။

နောက်လိုက်မှု အနုပညာ

အလက်ဇန်းဒါးဟာ အိန္ဒိယကို အောင်နိုင်ခဲ့တယ်။
သူတစ်ယောက်တည်းနဲ့လား။
ဆီဇာဟာ ဂေါလ်တွေကို အနိုင် တိုက်ခဲ့တယ်။
သူ့တပ်မှာ ထမင်းချက် တစ်ယောက်တောင် မပါဘဲနဲ့လား။
စပိန်ဘုရင် ဖိလစ်ဟာ သူ့ရေတပ်မတော်ကြီး နှစ်မြှုပ် ဖျက်ဆီးခံရချိန်မှာ မျက်ရည် ကျသတဲ့။ အခြားသော မျက်ရည်များရော မရှိခဲ့လေသလား။
ဘားထရော့ ဘရီချက်

၁၉၃၀ ပြည့်နှစ်တွေတုန်းက ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ခ်ျအော်ဝဲလ် ရေးခဲ့သောမြန်မာပြည်အကြောင်း ၀တ္ထုတစ်ပုဒ်။ ထိုစဉ်က ဗြိတိသျှ နေမ၀င်အင်ပါယာ၏ အရာရှိလေးတစ်ဦး ဖြစ်ခဲ့ဖူးသော အော်ဝဲလ်သည်
ကိုယ်တွေ့ကြုံခဲ့ရသော ဖြစ်ရပ် တစ်ခုကို 'ဆင်ပစ်ခြင်း' (Shooting an Elephant) အမည်ဖြင့် ရေးခဲ့ဖူးသည်။

တစ်နေ့မှာ ဂျော့ခ်ျအော်ဝဲလ်ထံ ဖုန်းဝင်လာသည်။ မဝေးလှသော တစ်နေရာမှာ ခိုင်းဆင် တစ်ကောင် စိတ်ရိုင်းဝင်ပြီး ဈေးတစ်ဈေးကို ဖျက်ကာ လူတစ်ယောက်ကို နင်းသတ်သွားခဲ့သည်။ ဒီအခြေအနေကို အော်ဝဲလ်
ကိုင်တွယ်ရတော့မည်။

သူရောက်သွားသော အချိန်တွင် လူအုပ်ကြီးက သူ့ကို ၀ိုင်းလာကြသည်။ ရိုင်ဖယ်ကို လွယ်ထားသော သခင်ကြီး၏ ဆင်ပစ်ပွဲကို ကြည့်ဖို့။ဒီအချိန်မှာ ဆင်ကြီးက ပုံမှန် ပြန်ဖြစ်နေပြီ။ ဂျော့ခ်ျအော်ဝဲလ် ရေးထားသည့်အတိုင်း ဆိုလျှင် ''မြက်ဖုတ်ကို ဆွဲဆုတ်ပြီး သူ့ဒူးကို သန့်စင်နေသည်။ယင်းမြက်တို့ကိုပင် မြိန်ရည်ယှက်ရည် စားနေပြန်သည်''ဟူ၍ ဖြစ်သည်။ ပုံမှန် ပြန်ဖြစ်နေသော ခိုင်းဆင်တစ်ကောင်ကို သတ်ပစ်ဖို့ သူ့မှာ အကြောင်း မရှိတော့။

သို့ပေမဲ့ သူ့နောက်က လူအုပ်ကြီး၏ ဆန္ဒက ပြင်းပြလွန်းလှသည်။ လူက နှစ်ထောင်လောက် ရှိလာသည်။ သူတို့ နားလည်ထားသည်က ဒီဆင်ကို ပစ်ရမည်၊ ပစ်မည့်သူက အော်ဝဲလ်။ သူ့မှာ ရွေးချယ်စရာမရှိ။ ပစ်လိုက်ရသည်။ အာဏာပိုင်သည် ဆိုသော အနေအထားကို ရယူထားသူ၊ ရိုင်ဖယ် သေနတ်ကြီးကို ကိုင်ထားသူ အော်ဝဲလ်သည် ''သူ့ကို ရှေ့ဆက်ရန် ဖိအားပေးနေသော တွန်းလှန်မရနိုင်လောက်အောင် ကြီးမားလှသော လူနှစ်ထောင်၏ ဆန္ဒ''အောက်တွင် ရောက်သွားခဲ့သည်။

သူလွန်ဆန်ခဲ့လျှင် ဒီလူအုပ်ကြီးကသူ့ကို တစ်စစီ ဆွဲဖြဲပစ်မှာကိုလည်း သူကြောက်မိခဲ့သည်ဟု ဆိုသည်။ အော်ဝဲလ် ရေးသွားသော ၀တ္ထု နောက်ဆုံး စာသားမှာ ''သေနတ်ကို ကိုင်ပြီး လက်နက်မဲ့ ဒေသခံတို့ရှေ့တွင် ရပ်နေသော လူဖြူ ကျွန်တော်သည် ဒီဇာတ်လမ်း၏ ဇာတ်လိုက်ကျော်ကြီးဟု ထင်နေရသည်။ စင်စစ်တွင်ကား နောက်တွင်ရှိသော မျက်နှာဝါတို့ ဆန္ဒအရ ကြိုးဆွဲရာကရသည့် ရုပ်သေးရုပ်မျှသာ ဖြစ်နေတော့သည်'' ဟူ၍ ဖြစ်သည်။ဒီဇာတ်လမ်းသည် မည်သူက နောက်လိုက်၊ မည်သူက ခေါင်းဆောင် ဆိုခြင်းအတွက် တွေးစရာတွေ အများကြီး ပေးနေသည်။ကျွန်တော်တို့ တစ်တွေက ခေါင်းဆောင်မှု အကြောင်းကိုပဲ ပြောနေကြသည်။ နောက်လိုက်မှု အကြောင်းကိုတော့ မေ့လျော့ထားကြသည်။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖြစ်သည်။ အားလုံးလိုလို၏ ငယ်ငယ်တုန်းကလည်း ဒီလိုပဲဖြစ်မည် ထင်သည်။ စူပါမင်း၊ ဘတ်မင်န်း၊ မျောက်မင်းဝူခုန်း စသော စသော စူပါဟီးရိုးတွေ။ ကျွန်တော်တို့ သိပ်ကြိုက်ခဲ့ကြသည်။
ဝါးလုံးကလေးကို အချောသပ်၊ တိုအောင်ဖြတ်ပြီး ၀ူခုန်းကြိမ်လုံး လုပ်ကြသည်။
သင်္ချာပုစ္ဆာတစ်ပုဒ် လိုပဲ မသိကိန်းကို ရှာရာမှာ ညီမျှခြင်းချဖို့ လိုပါသည်။ တူရာတွေကို တွဲဖို့ လိုပါသည်။ညီမျှခြင်း ဟိုဘက်ဒီဘက် ချေသင့်တာတွေ ချေရပါမည်။သို့မှသာ မသိကိန်း အဖြေထွက်မည် ဖြစ်ပါသည်

မျက်နှာသုတ်ပ၀ါကိုယူ၊ ကျောမှာချည်ပြီး စူပါမင်းန် လုပ်ကြသည်။ အကုန်လုံး ၀ူခုန်း၊ အကုန်လုံး စူပါမင်းန် ဖြစ်သည်။ မှတ်မိသလောက်ကတော့ ပါကျဲ လုပ်ချင်သည့်သူက အတော်ရှားသား။ နောက်ပိုင်းမှာ ပါဝါရိန်းဂျားလို
အဖွဲ့လိုက်ပါသော သူရဲကောင်းတွေ ပေါ်လာတော့ နည်းနည်း အဆင်ပြေသည်။ အနီကောင်၊ အစိမ်းကောင်၊ အ၀ါကောင် ခွဲလုပ်လု့ရသည်။ ဒါတောင်အနီကောင် လုပ်ချင်သည့်သူက များသည်။သူက ခေါင်းဆောင်ဖြစ်သည်
မဟုတ်ပါလား။(တစ်ချို့ ဇာတ်လမ်းတွေမှာတော့ ပါဝါရိန်းဂျားက ခြောက်ယောက် ရှိပြီး အဖြူကောင်ပါ ပါလာသည်။ သူက ဟိုငါးယောက်စာလောက် စွမ်းတော့ အဖြူကောင်ပါလျှင် အားလုံးက အဖြူကောင် ဖြစ်ချင်ကြပြန်သည်) သူရဲကောင်းလုပ်တမ်း ကစားခဲ့ဖူးသည်။ ကမ္ဘာကြီးကို ကယ်တင်သော ဇာတ်လိုက်ကျော်ကြီးတွေ ကျွန်တော်တို့ ကလေးဘ၀ အိပ်မက်ထဲမှာ ရှိခဲ့သည်။

စာလေးဘာလေး တူတူတန်တန် ဖတ်လာတော့လည်း သူရဲကောင်း ဖြစ်ခဲ့သော ခေါင်းဆောင်တွေကို ကျွန်တော်တို့ အားကျကြသည်။ ကြည်ညိုကြသည်။ထို့ထက်ပိုလျှင် သူတို့လို ဖြစ်လိုကြသည်။ ဗိုလ်ချုပ်အောင်ဆန်းမှစပြီး ဂန္ဒီ၊ လင်ကွန်း၊ အလက်ဇန်းဒါး၊ ဒီကနေ့ခေတ် အိုဘားမား အထိ ဖြစ်သည်။ ယခုကာလမှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရေးထားသည့် စာအုပ်တွေ အရမ်း ရောင်းကောင်းလှသည်။ ခေါင်းဆောင်မှု၊ အုပ်ချုပ်မှု အကြောင်း ရေးထားတာတွေ ဖတ်ကြသည်။ အဓိကက လူငယ်တွေ ဖြစ်သည်။ ကျွန်တော်တို့ အပါအ၀င် ဖြစ်သည်။ကျွန်တော်တို့တွေ အားကျကြသည်။ သူတို့လို ဖြစ်လိုကြသည်။ သူတို့လို ခေါင်းဆောင်မျိုးကို တောင့်တကြသည်။ အနာဂတ်အတွက် ကောင်းသည့်လက္ခဏာ ဖြစ်သည်။

တစ်ခုတော့ရှိသည်။လက်တွေ့ဘ၀မှာ ကျွန်တော်တို့အားလုံး ခေါင်းဆောင်လုပ်လို့မရ။ ကြည်ညိုရုံကြည်နေရုံနဲ့လည်း မရ။
ခေါင်းဆောင်ဖြစ်ဖို့ အတွက် အနည်းဆုံး နောက်လိုက်တစ်ယောက်တော့ ရှိဖို့ လိုသည်။ ခေါင်းဆောင်မှုသည် နယ်ပယ် အသီးသီးမှာ အဆင့်လိုက် ရှိနေသည်။ ကျွန်တော်က ဒီလူတွေကို ခေါင်းဆောင်ရပေမဲ့ ကျွန်တော့်အထက်မှာ ကျွန်တော်တို့ကို ပြန်ပြီး ခေါင်းဆောင်သူတွေ အဆင့်ဆင့် ရှိနေနိုင်သည်။ နယ်ပယ်စုံမှာ ဖြစ်သည်။ တစ်ခါတစ်ရံကျတော့ ကျွန်တော်တို့ နောက်လိုက်လုပ်ဖို့ လိုလာသည်။ ခေါင်းဆောင် ဖြစ်ချင်တာလား၊ ဖြစ်စေချင်တာကို ဖြစ်သွားစေချင်တာလား ဆိုတာကို စဉ်းစားရသည့် အခါမျိုးတွေ ရှိလာသည်။

တကယ်တမ်းကျတော့ နောက်လိုက်တို့၏ အစွမ်းအစကို လျော့တွက်မိကြခြင်း ဖြစ်သည်။ ကမ္ဘာပေါ်မှာတောင် နောက်လိုက်မှုနှင့် ပတ်သက်ပြီး ရေးထားသော စာအုပ်က များများစားစား မရှိလှ။သိပ်မရှိတာက ဖတ်မဲ့သူ မရှိလို့လည်း ဖြစ်သည်။ ခေါင်းဆောင်မှုကို သရုပ်ခွဲသလောက် နောက်လိုက်မှုကို ကျတော့ သရုပ်ခွဲပြတာက နည်းလှသည်။

လွတ်လပ်သော ခွဲခြမ်းစိတ်ဖြာတတ်သော အတွေးအခေါ်၊ မှီခိုတတ်သော ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း မရှိသော အတွေးအခေါ် ဆိုသော ပုံစံနှစ်မျိုးကို တက်ကြွသော မတက်ကြွသော ဆိုသော ပုံစံနှစ်မျိုးကို တွဲလိုက်သောအခါ
လေးမျိုးရလာသည်။ဒါက ရောဘတ်ကယ်လီ၏ပုံစံ ဖြစ်သည်။လွတ်လပ်သော ခွဲခြမ်းစိတ်ဖြာတတ်သော ဆိုသော နာမ၀ိသေသနနှင့် တက်ကြွသောကို ပေါင်းလိုက်လျှင် စံနမူနာပြ နောက်လိုက်ကောင်း ဟူ၍ ဖြစ်လာသည်။

မှီခိုတတ်သောနှင့် တက်ကြွသောကို ပေါင်းလိုက်လျှင်လည်း ခိုင်းသည့် အတိုင်း လုပ်တတ်သော သစ္စာရှိ နောက်လိုက်ကောင်း ဖြစ်လာသည်။ မတက်ကြွသော ဆိုသော နာမ၀ိသေသနနှင့် လွတ်လပ်သော အမြင်ကိုပဲ ပေါင်းလျှင်လည်း ဘေးလူလို ဖြစ်သွားသည်။မှီခိုတတ်ရသည့်အထဲ မတက်ကြွလျှင်တော့ ခပ်ညံ့ညံ့ပဲ ဖြစ်သွားနိုင်သည်။ ဒီလေးမျိုးစလုံး ဖြစ်သွားနိုင်သော လက်တွေ့ပဓာန ၀ါဒီများလည်း ရှိသည်။ရောဘတ်ကယ်လီ၏ ပုံစံ အရ ဖြစ်ပါသည်။ သူ့ပုံစံက နားလည်ဖို့ နည်းနည်းရှုပ်သည်။

ဒီဆောင်းပါး ဖြစ်လာစေသည့် မူရင်းစာအုပ်ကို ရေးသူ ဘာဘရာကဲလားမင်းန် ကတော့ ငါးမျိုး ခွဲပြသည်။ တစ်သီးတခြား ဘေးထွက်ထိုင်နေသူများ(Isolates)၊ မပါဝင်ဘဲဘေးမှ ရပ်ကြည့်သူများ(Bystanders)၊ ပါဝင်သူများ
(Participants)၊ တက်ကြွ လှုပ်ရှားသူများ(Activist)၊ ယုံကြည်မှုအရ အဆုံးစွန် စွန့်လွှတ်ရဲသူများ (Diehard) ဟူ၍ ဖြစ်သည်။ ဘယ်လို လူမျိုးတွေက သက်ဆိုင်ရာ လူ့အဖွဲ့အစည်း အတွက် သင့်တော်မည် ဆိုသည်ကတော့ ရှင်းပြစရာမလိုဟု ထင်သည်။

ပြဿနာက ကျွန်တော်တို့သည် မလုပ်ချင်ဘဲ နောက်လိုက် ဖြစ်လာရသော အခါမှာ ဘေးထွက်ထိုင်ဖို့၊ ရပ်ကြည့်နေဖို့ ရွေးတတ်သည်က များနေသည့် ကိစ္စ ဖြစ်သည်။ သည့်အတွက်ကလည်း အကြောင်းပြချက်တွေက ခိုင်ခိုင်လုံလုံ ရှိနေတတ်သည်။ နောက်ကလိုက်လျှင်လည်း မျက်စိမှိတ်ပြီး လိုက်တတ်ကြသည့် ပြဿနာ ဖြစ်သည်။

နောက်လိုက် မလုပ်ချင်ကြသူများ၏ အကြောင်းကို စပြောရလျှင် ပထမတစ်မျိုးက ငါပါလည်း မထူးပါဘူး။ ဖြစ်လာမှမဟုတ်တာ ဆိုသော သူမျိုး ဖြစ်သည်။ အစက တို့မပြောဘူးလား ဆိုပြီး ဖြစ်မလာမှု အပေါ် ကျေနပ်တတ်ကြသည်။ မရေရာသော လောကကြီးဝယ် လုပ်မကြည့်ဘဲနှင့် မဖြစ်နိုင်ဟု ဘယ်လိုမှပြော၍ မရ။

ငါတတ်ထားသော ပညာတွေနဲ့ ငါ့လောက် မတတ်သူဆီမှာ နောက်လိုက် မလုပ်နိုင် ဆိုသော အတွေးအခေါ်မျိုးကလည်း ရှိသည်။ မှန်ပါသည်။ ကိုယ်ကိုယ်တိုင် ဖြစ်စေချင်တာလည်း မဟုတ်ရင်တော့ ကိုယ့်လောက်မှ မတတ်သူထံမှာ ဘာအကြောင်းနဲ့မှ နောက်လိုက် လုပ်စရာမလို။ သို့ပေမဲ့ ရင်ခုန်သံချင်း တူရင်တော့ လက်တွဲဖို့ လိုကောင်းလိုနိုင်သည်။ကိုယ်တတ်ထားတာ ဘာလဲ ဆိုတာလဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုသည်။ ဒီလူတွေ အသုံးမှ မကျတာ၊ ငါသာ ဆိုရင်တော့ဟု ပြောဖို့က လွယ်ပါသည်။ သူတို့ ပြောသလို အသုံးမကျသည် ဆိုခြင်းကလည်း မှန်သည့်အခါ မှန်ပါသည်။

''ကျွန်တော် ၀င်ပါမယ်။ ထိပ်တန်း တစ်နေရာရဖို့ ကျွန်တော့်မှာ ထိုက်တန်တယ်'' ဆိုတာမျိုးကလည်း အပြောနှင့်လုပ်လို့မရ။ တရုတ်သိုင်းကားတွေ၊ သိုင်းဝတ္ထုတွေထဲကလို ချောက်ထဲကျ၊ သိုင်းကျမ်းကြီးရပြီး လူဆိုးတွေကို
တစ်ယောက်တည်းချမယ် ဆိုသော စိတ်ကူးမျိုး ဖြစ်သည်။ အောက်ခံဘောင်းဘီ အပြင်ထုတ်ဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် စူပါမင်း ထင်နေကြသူမျိုး ဖြစ်သည်။

နောက်တစ်မျိုးက နောက်လိုက်ကောင်းပင် ဖြစ်သော်လည်း အလုပ်မဖြစ်နိုင်သည့် ပြဿနာ ဖြစ်သည်။အထက်က ညွှန်ကြားချက်ကို စောင့်သည်။သစ္စာရှိသည်။သို့ပေမဲ့ အဖြေထွက်ရေးသည် ကိုယ့်ကိစ္စ မဟုတ်ဟု ခံယူထားသည်။ဟိုတလောက ကျွန်တော့်အဖေ ပြောဖူးသည်။သူ့သူငယ်ချင်း အသက် ၆၀ နီးပါး ရှိပြီ။ကိစ္စတစ်ခု ဖြစ်လာတော့ အဖေက စိတ်ဝင်စားလို့ ဖုန်းဆက်မေးသည်။''အဲဒါ လူကြီးတွေ လုပ်နေတယ်၊ ငါတော့ မသိသေးဘူး''လို့ သူပြန်ဖြေတော့ အဖေက ''မင်း ဒီလောက် အသက်ကြီးတာတောင် လူကြီး မဟုတ်သေးဘူးလား''ဟု ပြန်မေးခဲ့ရသည့် အကြောင်း အားမလိုအားမရ ပြောပြဖူးသည်။

ဘေးထွက်ထိုင်ပြီး ဘုပြောသည့် လူတန်းစားနှင့် လူဦးရေ မတိမ်းမယိမ်း ရှိသည်က နောက်တစ်မျိုး ရှိသေးသည်။ ငယ်စဉ်ကတည်းက မည်သည့် အချိန်တွင် လက်ညှိုးထောင်ရမည်ကို ကောင်းစွာ သိရှိပြီး ကြီးပြင်းလာသောအခါ ခေါင်းကို လျင်မြန်စွာ ညိတ်တတ်လာသော လက်ခုပ်တီးရာတွင် ကျွမ်းကျင်လိမ္မာသည့် နောက်လိုက်များ ဖြစ်သည်။

ခေါင်းဆောင်မလုပ်ဘဲ နောက်လိုက်လုပ်ဖို့ပဲ ပြောနေခြင်းဟုတော့ မထင်စေလိုပါ။ အမေရိကန် သမ္မတစနစ်နှင့် ခေါင်းဆောင်မှု အကြောင်း ဖတ်ဖူးသော စာအုပ်တစ်အုပ် ရှိသည်။ဆစ်ဒနီမီလ်ကစ်၏ The American Presidency: Origins and Development, 1776-1993 ဆိုသော စာအုပ် ဖြစ်သည်။ ၁၇၈၇ ခုနှစ်တုန်းက အမေရိကန်တို့၏ နိုင်ငံသစ် တစ်ခုကို မွေးဖွားရေး ကြိုးပမ်းမှု အကြောင်း ဒီအထဲမှာ ဖတ်ရသည်။ အဲဒီတုန်းက ခေါင်းဆောင် လုပ်နိုင်သူတွေက များလှသည်။ ပြည်နယ် အသီးသီးမှ တက်လာသော ခေါင်းဆောင်တွေ အားလုံးသည် အမေရိကသစ်ကို ဦးဆောင် နိုင်ကြသူတွေချည်း ဖြစ်သည်။ အသက်အကြီးဆုံး
ဘင်ဂျင်မင်ဖရင်ကလင် (၈၁ နှစ်)ကလွဲပြီး အားလုံး လူရွယ်တွေ၊ လူငယ်တွေက များသည်။ ဒီအထဲမှ ထင်ရှားသည်က ဗြိတိသျှ တို့ကို တွန်းလှန်ခဲ့ရာတွင် ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ၀ါရှင်တန် ဖြစ်သည်။သူ့ကို လူပိုသိသည်။ ဒါကြောင့်ပဲ သူ့ကို ပထမဆုံး သမ္မတ အဖြစ် ရွေးကောက် လိုက်ကြသည်။ သမိုင်းတွင်မည့် အခွင့်အရေးကို ၀ါရှင်တန်ကို ပေးလိုက်ကြသည်။ သမိုင်းအတွက် အရေးကြီးသော ကာလတွင် ခေါင်းဆောင်နေရာ လုခြင်းဖြင့် အချိန် မဖြုန်းဘဲ၊ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး မဖောက်ဘဲ ပိုသင့်တော်သူကို ခေါင်းဆောင်နေရာ ပေးခဲ့ကြသည်။

နိုင်ငံရေး၊ သိပ္ပံ၊ ဂီတစွယ်စုံရ သုခမိန် ဖြစ်သော ဘင်ဂျမင်ဖရင်ကလင်လို ပုဂ္ဂိုလ်ကြီးမျိုး ပါသည်။ အမေရိကန် အခြေခံဥပဒေ၏ ဖခင်ကြီး၏ သမိုင်းမှတ်တမ်း တင်ခံရမည့် ဂျိမ်းစ်မက်ဒီဆင်လည်း ပါသည်။လူတော်တွေ များလှသည်။ ထိုစဉ်က အငယ်ဆုံး ကိုယ်စားလှယ်က ၂၆ နှစ် ဖြစ်သည်။ အခြားအခြားသော ခေါင်းဆောင်နိုင်စွမ်း ရှိသူတွေလည်း အမေရိကသစ်ကို တည်ထောင်မည့် စုဝေးမှုမှာ ပါခဲ့ကြသည်။ ၀ါရှင်တန် နှစ်ကြိမ် သမ္မတ လုပ်ပြီး ဆင်းပေးသည့်နောက် အဲဒီတုန်းက လွတ်လပ်ရေး တိုက်ပွဲမှာ ပါခဲ့ကြသည့် ခေါင်းဆောင်တွေ တစ်ယောက်ပြီး တစ်ယောက် သမ္မတ ဖြစ်လာကြသည်။ ဂျွန်အဒမ်၊ သောမတ်စ်ဂျက်ဖာဆင်၊ ဂျိမ်းစ်မက်ဒီဆင်၊ ဂျိမ်းစ်မွန်ရိုး။ ဒီအချိန်တွင်တော့ အချင်းချင်း ပြိုင်ကြရသည် ဆိုတာ ရှိလာခဲ့သည်။

ခေါင်းဆောင်ဖြစ်နိုင်စွမ်း ရှိသူတို့သည် တစ်ချိန်တွင် ခေါင်းဆောင် ဖြစ်လာနိုင်ပါသည်။ ခေါင်းဆောင်ကောင်းတို့သည် နောက်လိုက်ကောင်းလည်း ဖြစ်ဖူးသည်ကို မေ့မထားရန် လိုပါသည်။

သင်္ချာပုစ္ဆာတစ်ပုဒ်လိုပဲ မသိကိန်းကို ရှာရာမှာ ညီမျှခြင်းချဖို့ လိုပါသည်။ တူရာတွေကိုတွဲဖို့ လိုပါသည်။ ညီမျှခြင်း ဟိုဘက်ဒီဘက် ချေသင့်တာတွေ ချေရပါမည်။သို့မှသာ မသိကိန်း အဖြေထွက်မည် ဖြစ်ပါသည်။
ဘ၀များနှင့်ဆိုင်သော ပုစ္ဆာ တို့ကို အဖြေထုတ်ရာမှာလည်း ဒီလိုပဲ ဖြစ်သည်။ အဖြေထုတ်ရာမှာ ခေါင်းဆောင် အနေဖြင့် ပါဝင်ခွင့် ရချင်မှ ရပါလိမ့်မည်။ သို့ပေမဲ့ နောက်လိုက်လုပ်ခွင့် ဆိုသည်ကတော့ ရှိနေပါသည်။
နောက်လိုက်တို့သည် အပြောင်းအလဲ၏ တမန်များ ဖြစ်သည် ဆိုခြင်းကိုတော့ မေ့လျော့မထားဖို့ လိုပါလိမ့်မည်။ နောက်လိုက်တို့သည် ခေါင်းဆောင် တို့ကို စေ့ဆော်ပြီး အပြောင်းအလဲကို ဖန်တီးနိုင်သည် ဆိုခြင်းကို ယုံကြည်မှုရှိရန် လိုပါသည်။

ကျွန်တော်လည်း ဂျိမ်းစ်မက်ဒီဆင်ကို အားကျပါသည်။သူ့လို ဖြစ်လိုလှပါသည်။အခုနေအခါမှာတော့ နောက်လိုက်ကောင်းဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ပါသည်။

Ref: Follwership: How Followers are Creating Change and Changing Leaders by Barbara Kellerman
(စာကြွင်း။ ဆရာမြသန်းတင့်က အင်ဒရေမော်ရွိုင်း၏ The Art of Living ကို ဘ၀နေနည်း အနုပညာဟု ပြန်သည်ကို နှစ်သက်သောကြောင့် နောက်လိုက်မှုကို အတတ်ပညာဟု မယူဘဲ အနုပညာဟု ယူပါသည်)PDF Print Written by ဇေဝင်းနောင်

 'နိုင်ငံ့ဝန်ထမ်းများနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်'

လွတ်လပ်တဲ့ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းများဟာ နိုင်ငံတိုင်းနဲ့ လူမျိုးတိုင်း အတွက် အင်မတန် အရေးကြီးတယ် ဆိုတာကို တစ်ကမ္ဘာလုံး သိကြတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှသိတာ မဟုတ်ဘူး။ အာဏာရှင်တွေလည်းသိ၊ ဖက်ဆစ်တွေလည်း သိတယ်။

စံတင်လောက်အောင်တော်တဲ့ ဟစ်တလာ
သိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို အာဏာသိမ်းပွဲတစ်ခု ဖြစ်ပြီ ဆိုရင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကို အစိုးရရုံး သမ္မတအိမ်တော်၊ လွှတ်တော်တို့နဲ့အတူ အရင်ဆုံး သိမ်းပိုက်ကြတယ်။ ဒီမိုကရေစီ အစိုးရတွေက
သတင်းမီဒီယာရဲ့တန်ဖိုးကို သိပေမယ့် တန်ဖိုး သိပ်ထားလေ့ မရှိကြဘူး။ သူတို့အတွက် အသုံးချလို့ ရရုံလောက်သာ နေရာပေးကြတယ်။ အာဏာရှင်တွေနဲ့ နာဇီတွေ ဖက်ဆစ်တွေကတော့ သတင်းမီဒီယာရဲ့ တန်ဖိုးကို
ကောင်းကောင်းသိသလို ကောင်းကောင်းလည်း အသုံးချကြတယ်။ ဂျာမန်အာဏာရှင်ကြီး ဟစ်တလာဟာ သတင်းမီဒီယာကို အသုံးချတဲ့ နေရာမှာ စံတင်လောက်အောင် တော်တဲ့သူ ဖြစ်တယ်။ စစ်အတွင်း နာဇီ အသံလွှင့်ဌာနက လွှင့်လိုက်တဲ့ သတင်းတွေဟာ နာဇီတို့ရဲ့ စစ်ရေး အောင်မြင်မှုတွေကို အများကြီး အထောက်အကူ ပြုခဲ့တယ်။ ဒီအသံလွှင့်ချက်တွေကြောင့် ဂျာမန်တွေ ရေလက်ကြားကိုဖြတ်ပြီး နက်ဖြန်ပဲ လန်ဒန်မြို့ကြီးကို ရောက်တော့ မလိုလို၊ သန်ဘက်ခါပဲ လေထီးတပ်တွေ ရောက်လာတော့ မလိုလိုနဲ့ အင်္ဂလန် တစ်ကျွန်းလုံး ထိတ်လန့်ချောက်ချား ဖြစ်ကုန်ကြရတယ်။ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး တာဝန်ခံ ပြန်ကြားရေးဝန်ကြီး ''ဂိုဘယ်''ကို ဂျာမန်ပြည်သူတွေ အားလုံးနဲ့ နာဇီတပ်တွေကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတယ်။

ဟောရောရှိနဲ့ ဘန်ဇိုင်း
အာရှတိုက်က ဂျပန်ဖက်ဆစ်တွေလည်း အလားတူ အသံလွှင့်ဝါဒဖြန့် လုပ်ငန်းကို ကောင်းကောင်းကြီး အသုံးချခဲ့တာပါပဲ။ ''အာရှတိုက် သာတူညီမျှရေး'' နဲ့ ''မဟာအာရှ ထူထောင်ရေး''ဆိုတဲ့ တိုကျို အသံလွှင့်ဌာနရဲ့ ၀ါဒဖြန့်ချိရေး မှိုင်းလုံးကြီးတွေဟာ ဗြိတိသျှရဲ့ ကိုလိုနီ ထမ်းပိုးအောက်က ရုန်းထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့ကြတဲ့ အာရှနိုင်ငံအားလုံး အပေါ်မှာ အများကြီး ရိုက်ခတ်ခဲ့တယ်။ကျွန်တော်တို့ဆီမှာ ဘယ်လောက်ထိ သြဇာလွှမ်းမိုးခဲ့သလဲ ဆိုရင် ပါးရိုက်နားရိုက် အလုပ်ခံနေရတဲ့ကြားကတောင် လက်သီးဆုပ်ကို ဆန့်တန်းပြီး ''နီပွန်ဘိရုမာ ဘန်ဇိုင်း၊ ဘန်ဇိုင်း''လို့ အော်တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဂျပန်စကား မတတ်ပေမယ့် မြန်မာလူမျိုးတိုင်း ''ယောရောရှိ'' နဲ့ ''ဘန်ဇိုင်း''တော့ ကောင်းကောင်း ပြောတတ်နေကြတယ်။

ဝန်ကြီးနဲ့ တန်းတူ
စစ်အေးကာလ တစ်လျှောက်လုံးမှာလည်း အရှေ့ဥရောပ နိုင်ငံအားလုံးမှာ သတင်းမီဒီယာလုပ်ငန်းကို ကောင်းကောင်း အသုံးချခဲ့တယ်။ ပရာဗဒါလိုတပ်စ်လို သတင်းစာနဲ့ သတင်းဌာနကြီးတွေရဲ့ အယ်ဒီတာချုပ်တွေဟာ
ဝန်ကြီးတွေလောက်နီးပါး အာဏာ ရှိခဲ့ကြတယ်။ နိုင်ငံခြားကို စေလွှတ်တဲ့ သတင်းထောက်တွေ ဆိုရင်လည်း သံအမတ်ကြီးတွေနဲ့ တန်းတူလောက် သဘောထားကြတယ်။ တချို့ သတင်းထောက်တွေဆို
သံအမတ်ကြီးတွေထက်တောင် သြဇာ ရှိကြတယ်။ စိတ်ချရတဲ့ လက်ရွေးစင်တွေကိုမှ ရွေးပြီး နိုင်ငံခြား သတင်းထောက် အဖြစ် စေလွှတ်တာ ဖြစ်တယ်။ အဲဒါကြောင့် ဒီလူတွေဟာ တော်လည်းတော်ကြတယ်။ နှမြောစရာ
ကောင်းတာက လူတော်တွေရဲ့ အရည်အချင်းတွေ လုပ်ရည်ကိုင်ရည်တွေဟာ ပြည်သူလူထု အတွက် ဖြစ်ရမယ့်အစား သူတို့ပါတီရဲ့ အကျိုးစီးပွား အတွက် သက်သက် အဟောသိကံ ဖြစ်ပြီး ဆုံးရှုံးသွားရတာပဲ။
အစိုးရလုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ် . . .

ပြည်သူလူထုမှတစ်ပါး
ဒီမိုကရေစီ နိုင်ငံတွေက သတင်းစာဆရာ စစ်စစ်တွေကတော့ သူတို့ကို သတင်းစာဆရာအဖြစ် သတ်မှတ်လေ့ မရှိကြဘူး။ ၀ါဒါဖြန့်ချိရေး အရာရှိတွေလို့ပဲ သဘောထားကြတယ်။ သတင်းသမား ဆိုတာ ပြည်သူလူထုမှ တစ်ပါး ဘယ်သူ့သစ္စာခံမှ မဖြစ်ရဘူး ဆိုတဲ့ ပြဋ္ဌာန်းချက်ကို သိပ်အလေးထားကြတယ်။ သတင်းသမားစစ်စစ်ဟာ ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်ရဘူး။ အစိုးရရဲ့ မျက်နှာကို မကြည့်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ မျက်နှာကိုလည်း မကြည့်ရဘူး။ ဘယ်သူ့ အထောက်အပံ့ကိုမှလည်း မခံယူရဘူး။ တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်ပါတီ တစ်ဖွဲ့တစ်စည်းရဲ့ အထောက်အပံ့ကို ရယူ လက်ခံမိရင် ဘယ်နည်းနဲ့မှ ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား မဖြစ်နိုင်တော့ဘူး။ ထောက်ပံ့ ကူညီတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်ရဲ့ မျက်နှာကို ငဲ့ကြည့်ရတော့မှာ အသေအချာ ဖြစ်တယ်လို့ ထောက်ပြလေ့ ရှိကြတယ်။

တန်ဖိုးထားလေးစား
ဒီလို ကျင့်ဝတ်တွေကို လိုက်နာ စောင့်ထိန်းတဲ့ သတင်းမီဒီယာတွေ ဆိုရင် စာဖတ်ပရိသတ် ပြည်သူလူထုကသာ မဟုတ်ဘူး အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေကလည်း တန်ဖိုးထား လေးစားကြတယ်။ ထိုက်တန်တဲ့နေရာကို
ပေးကြတယ်။ ရှေးက နယူး ယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်တို့လို သတင်းစာတွေနဲ့ တိုင်းမ်မဂ္ဂဇင်းလို သတင်းမဂ္ဂဇင်းကြီးတွေက အယ်ဒီတာတွေ သတင်းထောက်တွေ မော်စကို သွားရင် ကရင်မလင်က ခေါင်းဆောင်ကြီးတွေ
ကိုယ်တိုင်က လက်ခံ တွေ့ဆုံလေ့ ရှိတယ်။ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်က ကျင်းပတဲ့ အလုပ်သမား ညီလာခံ တောင်သူလယ်သမားညီလာခံ ဆိုတဲ့ ညီလာခံကြီးတွေမှာ ဆရာကြီးရွှေဥဒေါင်းလို၊ ဆရာဇ၀နလို၊ ဆရာလူထုဦးလှလို အယ်ဒီတာကြီးတွေကို ရှေ့ဆုံးတန်း ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးပြီး ထိုင်စေတာ ဖြစ်တယ်။

သီလ၊သမာဓိ၊ သိက္ခာရှိရှိ
အခု အစိုးရ လက်ထက်မှာလည်း သမ္မတသစ် ဦးသိန်းစိန်ရဲ့ တိုင်းပြည်ကို ပြောကြားတဲ့ ပထမဆုံး မိန့်ခွန်းမှာတောင် စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါပုံကို အသိအမှတ်ပြု တန်ဖိုးထားပြီး ပြောကြားသွားခဲ့တယ်။ နောက်ပြောကြားတဲ့ မိန့်ခွန်းတိုင်းမှာလည်း စတုတ္ထမဏ္ဍိုင် အကြောင်း အမြဲလိုလို ပါခဲ့တယ်။ အစိုးရကိုယ်တိုင်က အခုလို အလေးအနက်ထား ပြောကြားနေချိန်မှာ သတင်းမီဒီယာသမားများ ဘက်ကလည်း သီလ၊ သမာဓိ၊ သိက္ခာရှိရှိနဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးခံခဲ့ရတဲ့ သတင်းစာဆရာကြီးတွေလို သတင်းသမား ဒီနေ့ ဘယ်နှယောက်များ ရှိသလဲသို့ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်ကြဖို့ လိုတယ်။ အနာပေါ်တုတ်ကျ ဖြစ်ကြရင်လည်း မတတ်နိုင်ဘူး။ မှန်တဲ့အတိုင်း ပြောရမယ် ဆိုရင် လက်ချိုး ရေကြည့်တဲ့အခါမှာ လက်တစ်ဖက်တောင် ပြည့်အောင် မရှိပါဘူးလို့ပဲ ပြောလိုက်ပါရစေ။

ဒါလောက်မညံ့ဘူး
အစိုးရက အသိအမှတ်ပြု နေရာပေးတယ် ဆိုရင် ကိုယ့်ဘက်ကလည်း ထိုက်တန်အောင်တော့ ကြိုးစားရမှာ ဖြစ်တယ်။ အစိုးရ လုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့ သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ်။ ဥပမာအနေနဲ့ ပြောရရင် ဒီနေ့ အစိုးရက လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲဖို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ကောင်းတယ်။ ဒါကြောင့် ကောင်းတယ်လို့ ပြောရဲရမယ် ရေးရဲရမယ်။ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်ကြီးတွေ ကိစ္စကို ပြန်လည် သုံးသပ်လေ့လာနေပါတယ်လို့ ပြောတာ ကောင်းတယ်။ ကောင်းတယ်လို့ ထောက်ခံရဲရမယ်။ သမ္မတဦးသိန်း စိန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံတာဟာ အင်မတန် ကောင်းတယ်။ ထောက်ခံကြိုဆိုရမယ်။ အထူးသဖြင့် ဗိုလ်ချုပ်ဓာတ်ပုံ ချိန်ဆွဲထားတဲ့ နေရာမှာ ဓာတ်ပုံတွဲ ရိုက်ပြီး တိုင်းပြည်က သိအောင်ပြလိုက်တာဟာ အစိုးရအနေနဲ့ ချစ်ကြည်ရင်းနှီးလိုစိတ် ရှိကြောင်း ပြသတဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ၀မ်းသာအားရ ကြိုဆို ထောက်ခံရမယ်။

မကြောက်မရွံ့ထောက်ပြ
အလားတူပဲ မသင့်လျော်ဘူးလို့ ထင်မြင် ယူဆစရာများ ရှိရင်လည်း မကြောက်မရွံ့ ထောက်ပြရမှာ ဖြစ်တယ်။ ဥပမာ စက်မှု(၁)က မော်တော်ကားရောင်းတဲ့ကိစ္စမျိုး ဆိုပါတော့။ လောလောဆယ် လွှတ်တော် ကိုယ်စားလှယ်တွေကို ရောင်းပေးတယ်။ နောက်ကျရင် တတ်သိ ပညာရှင်တွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ စာရေးဆရာတွေနဲ့ စာနယ်ဇင်းသမားတွေကို ရောင်းပေးမယ် ဆိုတဲ့ ကိစ္စမျိုးဟာ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဘူး။ အခွင့်ထူးခံ လူတန်းစား မရှိစေရဘူး ဆိုတဲ့ သမ္မတကြီးနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ ပြောကြားခဲ့တဲ့ စကားတွေနဲ့ ဆန့်ကျင်နေတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့လည်း ဖီလာ ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားဆိုတာ လုံးဝ မရှိရဘူး။ စာရေးဆရာမို့ စာနယ်ဇင်းသမားမို့ သာမန် ပြည်သူတွေထက် ပိုပြီး အခွင့်အရေး မယူသင့်ဘူး ဆိုတာကို ထောက်ပြရမယ်။

ဘယ်မှမသွားသူတွေ ပြန်လာစေသင့်
ပလက်ဖောင်းပေါ်က လမ်းဘေးဈေးသည်တွေ အားလုံးကို ရှင်းလင်း ဖယ်ရှားပစ်နေချိန်မှာ မီဒီယာကော်နာဆိုတဲ့ ဆိုင်ကြီးတွေက ထီးထီး ကျန်ရှိနေတာက မတင့်တယ်ဘူး။ အခွင့်ထူးခံတွေလို ဖြစ်နေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ ရောက်သွားသူတွေကို ပြန်လာခွင့် ပြုမယ်လို့ ပြောပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိုချစ်လို့ ဘယ်မှထွက်မသွားဘဲ နေရစ်ခဲ့သူတွေကို ပြန်လာခွင့် မပေးသေးတာကတော့ မသင့်တော်ပါဘူးလို့ ထောက်ပြရမယ်။ ဒီလူတွေကို အိမ်ပြန်ခွင့် ပေးလိုက်မယ် ဆိုရင် တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားကြရမှာ ဆိုတာကိုလည်း ရေးရဲရမယ်။

ဝန်ထမ်းကြီးငယ်များပါ
နောက်ဆုံး ပြောချင်တာကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ ရေးသားခွင့် ဆိုတာက ရိုးရိုး အရပ်သူ၊ အရပ်သားများသာ ခံစားခွင့်ရှိတာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေထဲမှာ ပါဝင်နေတဲ့ အရာထမ်း
အမှုထမ်းတွေမှာလည်း ခံစားခွင့်ရှိကြောင်း ၀န်ထမ်းကြီး ၀န်ထမ်းငယ် အားလုံး သိရှိအောင် လုပ်ပေးဖို့ လိုကြောင်း ထောက်ပြသင့်တယ်။ ရပ်ကွက်တစ်ခုမှာ လူသတ်မှု၊ ဒါမှမဟုတ် လုယက်မှု ဖြစ်တယ် ဆိုရင် ရပ်ကွက်မှာ
တာဝန်ယူထားရတဲ့ ရဲစခန်းကို သတင်းထောက်က သွားမေးလိမ့်မယ်။ အဲဒီအခါ ရဲစခန်းက တာဝန်ရှိသူ ဘယ်သူမဆို ဖြစ်စဉ်အတိုင်း ဒါမှမဟုတ် ''ပထမ သတင်းပေး တိုင်ကြားချက်(FIR)မှာ ရေးမှတ်ထားတဲ့ အတိုင်း
ပြောခွင့်ပေးထားလိုက်ရင် အထက်ဆင့်တွေထိ မလိုအပ်ဘဲ အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့။

အလေ့အကျင့်လုပ်
အလားတူပဲ ရပ်ကွက်ထဲက မီးလောင်တဲ့သတင်းကို သက်ဆိုင်ရာ မီးသတ်ဌာနက တာဝန်ရှိသူက ဖြေလိုက်ပေါ့။ ဒီမိုကရေစီနိုင်ငံတွေမှာ ဗဟိုက ချုပ်ကိုင်တဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ဆိုတာမျိုး ထားလေ့မရှိပါဘူး။ ဌာနဆိုင်ရာ ၀န်ထမ်းတိုင်း သူတို့ရဲ့ ၀တ္တရားနဲ့ တာဝန်ယူမှုကို မှန်မှန်ကန်ကန် ကျင့်သုံးတတ်အောင် အလေ့အကျင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ၀န်ထမ်းတွေနဲ့လည်း အကျုံးဝင်ကြောင်း ထောက်ပြသင့်တယ်လို့ ထောက်ပြ လိုက်ရပါတယ်။

မျက်နှာနှစ်ခုနဲ့လူ

တချို့ကပြောကြတယ်။ စစ်တုရင် ကစားနည်းဟာ အတော်ရှုပ်တာတဲ့ ဟုတ်ကဲ့။ စတုရန်း ၆၄ ကွက်။ တစ်ဖက်မှာ ကစားကောင်က ၁၆ ရုပ်စီ။ အမျိုးအမည် ၆ မျိုး။ နယ် ၈ ရုပ်၊ မြင်း ၂ ရုပ်၊ ဘုန်းကြီး ၂ ရုပ်၊ မိဖုရား ၁ ရုပ်၊ မင်းကြီး ၁ ရုပ်။ အနက် ၁၆ ရုပ်၊ အဖြူ ၁၆ ရုပ်။

ကစားတတ်ဖို့က အခြေခံအနေနဲ့ အရုပ်တွေ ရွှေ့ကွက်နဲ့ စားကွက်တွေ နားလည်ရမယ်။ ကစားတတ်ပြီ ဆိုရင် စနစ်တကျ ကစားတတ်ဖို့ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေကို သိရမယ်။ ပြိုင်ပွဲဝင်ဖို့ အတွက်ကျတော့
ပြိုင်ပွဲစည်းကမ်းတွေ ရှိလာတယ်။

ပြောရရင် စစ်တုရင်ကစားရာမှာ လိုက်နာရမယ့် 'စည်းကမ်း'ရယ် ကျင့်သုံးရမယ့် 'ကျင့်ဝတ်'ရယ် ဆိုတာ ရှိတယ်။ တကယ့် အဖြစ်အပျက်တွေဟာ စိတ်ကူးယဉ်ထက် ဆန်းကြယ်တယ်လို့ ဆိုကြတယ်။ ဒီနေ့ခေတ် ကလေးတွေကို အကြွေစေ့တွေ အကြောင်း ပြောရင် ယုံချင်မှာ မဟုတ်ဘူး။ တစ်လမှာ လစာခြောက်ဆယ်သာသာရတဲ့ ရုံးလုလင်တစ်ယောက် ၀င်ငွေဟာ မိသားစု ရှစ်ယောက် လောက်ငတယ်။ မနက်တိုင်း ကော်ဖီကြမ်းနဲ့ ပဲပြုတ် ထမင်းကြော် စားနိုင်တယ်ဆို ပုံပြင်လို့ ထင်မှာ။ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ နှိုင်းယှဉ်မှာကိုး။ သူတို့ခေတ်နဲ့ စားနိုင်
တယ်ဆို ပုံပြင်လို့ ထင်မှာ။ သူတို့ခေတ်နဲ့ ထင်ဟပ်ကြမှာကိုး။

မစင်တွင်းထဲမှာ ပေါက်ဖွား ကြီးပြင်းလာတဲ့ သတ္တ၀ါတွေ အတွက် မွှေးရနံ့ထုံတဲ့ စန္ဒကူးတောကြီးဟာ လက်လှမ်းမမီတဲ့နေရာ။ မတော်တဆများ စန္ဒကူးနံ့ ရခဲ့ရင်တောင်မှ 'ဘာနံ့ကြီးလဲဟ' ဖြစ်ချင်ဖြစ်နေမှာ။ စန္ဒကူးတောဟာ
မွေ့လျော်စရာ ကောင်းတဲ့နေရာ။ စန္ဒကူးရနံ့ဟာ နှစ်လိုဖွယ်ရာရယ်လို့ ပြောလာတဲ့ မစင်တွင်းသူ၊ မစင်တွင်းသားတွေများ မတော်တဆ ပေါ်လာကြမယ် ဆိုရင်တောင် ကျန်တဲ့သူတွေက အရူးဆိုကြမှာ။

စန္ဒကူးတောသူ၊ စန္ဒကူးတောသားတွေ အတွက် ပြောရရင် မစင်တွင်း အသံကြားတာနဲ့ မူးဝေပျို့အန်ကြမှာ။ ထူးထူးဆန်းဆန်း ထွေထွေပြားပြား အိပ်မက်တွေ မက်တာနဲ့ ကောသလ မင်းကြီး ကြောက်လန့် ခြောက်ခြားစွာ
ဘုရားရှင်ဆီကို ပြေးပြီး လျှောက်ထားတော့တာ။ ဘုရားရှင်ရဲ့စကားကို ကြားနာရပြီးတော့မှသာ ဆောက်တည်ရာရခဲ့တာ။

အယ်လဘတ်တိုလို့ခေါ်တဲ့ စပိန်လူယ်တစ်ယောက် ရှိတယ်။ ၁၁ နှစ်သား အရွယ်မှာ စစ်တုရင်ပြိုင်ပွဲတစ်ခု ၀င်ပြိုင်စဉ်မှာ သူတစ်သက်တာ မမေ့နိုင်စရာ အတွေ့အကြုံတစ်ခု ရခဲ့တယ်။ သူနဲ့သူ့ထက် ငါးနှစ်လောက်ကြီးတဲ့
ပြိုင်ဘက်တစ်ယောက် ပြိုင်ပွဲ ကစားတုန်းကပေါ့။ ကစားနေရင်းနဲ့ ပွဲက ရှုပ်ထွေးတဲ့ အနေအထား ရောက်လာတယ်။ လုံးဝ အမှားမခံတဲ့ အခြေအနေ။ ပွဲကလည်း သိပ်ပြီး အရေးကြီးတဲ့ပွဲစဉ်၊ နောက်ဆုံးပွဲ၊ ထပ်ပြောရရင်
သူတို့နှစ်ယောက်က အမှတ်အများဆုံး လေးယောက်ထဲက နှစ်ယောက်။ အားလုံးက ၇ မှတ်စီ ရထားကြတာ။ ပြိုင်ပွဲ ပွဲစဉ်ကို ဆွစ်စနစ်နဲ့တွဲတယ်။ တစ်ပွဲပြီးတစ်ပွဲ ပွဲစဉ်တွဲရာမှာ အမှတ်တူသူတွေကို ကစားစေတဲ့ စနစ်။
ပွဲစဉ်များလာလေ အမှတ်များသူ နဲလာလေ။ ပိရမစ်လို ဖြစ်လာတယ်။
တကယ့် အဖြစ်အပျက်တွေဟာ စိတ်ကူးယဉ်ထက် ဆန်းကြယ်တယ်လို့ ဆိုကြတယ်။ ဒီနေ့ခေတ် ကလေးတွေကို အကြွေစေ့တွေ အကြောင်း ပြောရင် ယုံချင်မှာ မဟုတ်ဘူး။ တစ်လမှာ လစာခြောက်ဆယ်သာသာရတဲ့ ရုံးလုလင်တစ်ယောက် ၀င်ငွေဟာ မိသားစုရှစ်ယောက် လောက်ငတယ်။ မနက်တိုင်း ကော်ဖီကြမ်းနဲ့ ပဲပြုတ် ထမင်းကြော် စားနိုင်တယ်ဆို ပုံပြင်လို့ ထင်မှာ . . .

အယ်လဘတ်တို ပြိုင်နေတဲ့ပွဲမှာ ပြိုင်ပွဲဝင် ၁၅၀ လောက် ရှိတယ်။ ဆုကပေးမှာ ပထမ၊ ဒုတိယ၊ တတိယ ၃ ယောက်ပဲ။ ကျန်တဲ့နှစ်ယောက်က စောစောစီးစီး သရေကျသွားတယ်။ ၇ မှတ်ခွဲစီ ရသွားပြီး အယ်လဘတ်တို တို့ပွဲရဲ့ အဖြေကို စောင့်နေကြတာပေါ့။

အိမ်သာသွားချင်စိတ် ပေါ်လာတဲ့ အယ်လဘတ်တို ဒိုင်လူကြီးကို သတင်းပို့ပြီး အိမ်သာသွားတက်တယ်။ ရွှေ့လှည့်က သူ့ပြိုင်ဘက်ရဲ့ ရွှေ့လှည့်။ သူကိစ္စ၀ိစ္စပြီးလို့ ပြန်ရောက်ပြီး ကစားပွဲမှာလည်း ပြန်ထိုင်ရော သူ့ပြိုင်ဘက်က နာရီကိုရပ်ပြီး လက်ကိုဆန့်ပေးတယ်။ အရှုံးပေးတယ်ပေါ့။ လက်ဆွဲ နှုတ်ဆက်မယ်ပေါ့။

အယ်လဘတ်တို အံ့အားသင့်သွားတယ်။ သူ့အစ်ကိုကြီးနဲ့မှ အသက် အတူတူလောက်ရှိမယ့် ပြိုင်ဘက်လေ။ ဘာဖြစ်ပါလိမ့်ပေါ့။
''မင်းအိမ်သာတက်နေချိန်မှာ ငါစဉ်းစားတယ်။ ဒီအကောင်ကို ရွှေ့ရင်တော့ ရှုံးတော့မယ် တွေးရင်းနဲ့ ရွှေ့ကိုရွှေ့ရမှာ။ အဲဒါကြောင့်ပေါ့''တဲ့။
ဒိုင်က နှစ်ယောက်ဘဲရှိတာ။ ဘယ်သူ့မှ မြင်ခဲ့တာ မဟုတ်ဘူး။ ဘယ်မြင်မလဲ။ ဒီလောက်များတဲ့ ကစားသမားတွေကို ဒေါင့်စေ့အောင် မကြည့်နိုင်ဘူးလေ။ ပြဿနာရှိရင် ဖြေရှင်း၊ ဆုံးဖြတ်စရာရှိရင် ဆုံးဖြတ်၊ ဒီလောက်ဘဲ
တတ်နိုင်တာ။ ခပ်တည်တည်နေပြီး ဆက်ကစားလည်း ရသားနဲ့ ပြောချင်တဲ့သူ ရှိမလားဘဲ။
အံ့အားသင့်မှုနဲ့ မင်သက်မိနေတဲ့ အယ်လဘတ်တို လှုပ်ရှားလာခဲ့တယ်
''ဟင့်အင်း၊ ဘာမှဖြစ်တာမှ မဟုတ်တာ၊ ပုံမှန်ဘဲ ဆက်ကစားကြတာပေါ့။ ဒီလိုမျိုးကြီးနဲ့ ကျွန်တော် အနိုင်မယူချင်ပါဘူး''
ပြိုင်ဘက်အစ်ကိုကြီး သူ့ခေါင်းကို ညင်သာစွာရမ်းတယ်။ ညာဘက်လက်ကို လေထဲဆန့်မြှောက်လိုက်တယ်။ ဒိုင်လူကြီးတစ်ယောက် ရောက်လာတယ်။ ပြိုင်ပွဲရဲ့အဖြေကို သတင်းပို့တယ်။ ရွှေ့ကွက်မှတ်တမ်းမှာ လက်မှတ်ထိုးတယ်။
ပွဲကပြီးသွားပြီ။ ရှစ်မှတ်နဲ့ အယ်လဘတ်တို ပထမရသွားတယ်။ သရေကျတဲ့နှစ်ယောက်က အမှတ်တစ်ဝက်စီလျော့ပြီး ဒုတိယနဲ့ တတိယ။ ကီလို ၅၀၀ ကျော် ခရီးဘတ်စ်ကား စီးလာပြီး အရှုံးပေးခဲ့တဲ့ အစ်ကိုကြီးတော့ လိပ်ပြာသန့်စွာ ဆုနဲ့ဝေးခဲ့တယ်။
ပထမရတဲ့ အယ်လဘတ်တို၊ ဆုယူစင်မြင့်မှာ မျက်ရည်တွေဝဲလို့။ သူ့ဘ၀ရဲ့ပထမဆုံးရတဲ့ ပထမ အတွက် ၀မ်းသာတဲ့မျက်ရည်လား။ ရှုံးသွားတဲ့ အစ်ကိုကြီးအတွက် ၀မ်းနည်းတဲ့ မျက်ရည်လား။

အယ်လဘတ်တိုလေးက အသက်ကြီးလာတော့ အယ်လဘတ်တိုကြီး ဖြစ်လာတယ်။ ဂရင်းမာစတာတော့ ဖြစ်မလာဘူး။ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ဒိုင်လူကြီး ဖြစ်လာတယ်။ စစ်တုရင်ပြိုင်ပွဲတွေမှာ ဒိုင်လုပ်တယ်။
အပြည်ပြည်ဆိုင်ရာ စစ်တုရင်နည်းပြ ဖြစ်လာတယ်။ ကျောင်းသားလူငယ်လေးတွေကို စစ်တုရင် သင်ပေးတယ်။
ကျောင်းသားလူငယ်ပြိုင်ပွဲ တစ်ခုမှာ ဒိုင်လုပ်ချိန်မှာပေါ့။ ဒါလဲ အိမ်သာနဲ့ ပတ်သက်မှုလေး ရှိတယ်။ အိမ်သာတက်ချင်လွန်းတဲ့ ကလေး တစ်ယောက် ကမန်းကတန်းထပြီး ဒိုင်လူကြီးကို ခွင့်တောင်းတယ်။ အိမ်သာကို ပြေးသွားခဲ့တယ်။
လမ်းမှာ ပြိုင်ပွဲကစားနေတဲ့ ကစားခုံ တစ်ခုကို ပွတ်တိုက်သွားတယ်။ အရုပ်တွေ လဲကျမသွားခဲ့ပေမယ့် နဲနဲစီ ရွေ့သွားတယ်။ အဲဒီအချိန်မှာ ရွှေ့လှည့်ကျနေတဲ့ ရွှေ့ရမယ့် ကျောင်းသားကလေးက အရုပ်ကို စနစ်တကျ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်စီတယ်။
ရွှေ့ကာနီးမှာ စားပွဲလှုပ်သွားတယ်။ အိမ်သာပြေးတဲ့ကလေးကြောင့် အရုပ်တွေ မလဲပေမယ့် ရွေ့သွားတယ်။ အနားက ကစားခုံတွေလဲ မြင်တယ်။ ဟိုကလေးက ဆောရီးဆိုပြီး ဆက်ပြေးသွားတယ်။ အရုပ်တွေစီတယ်။ ဒါလောက်ဆို ဒီလို ရေးစရာအကြောင်း မရှိဘူး။

အကြောင်းရှိတာက ပြိုင်ဘက် ချာတိတ်။ နာရီကို ရပ်လိုက်တယ်။ ညာလက်ကို လေထဲ ဆန့်တန်းပြီး မြောက်လိုက်တယ်။ အယ်လဘတ်တို ရောက်လာတယ်။ ''ဘာဖြစ်လဲ''
''သူအရုပ်တွေ အများကြီးကိုင်တယ်။ မြင်းကိုပထမဆုံး ထိကိုင်တာ။ အဲဒါမြင်းရွှေ့ဖို့ ပြောတာ''
''ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်အရုပ်တွေ ပြန်ညှိတာ'' ကျောင်းသားလေးရဲ့ အဖြေ။
ဟုတ်တယ်။ အယ်လဘတ်တို မလှမ်းမကမ်းကနေ မြင်ခဲ့တယ်။
''ဟုတ်ပြီ။ မင်းအရုပ်တွေကို မညှိခင် ညှိမယ့်အကြောင်း ပြောခဲ့လား။ ခွင့်တောင်းခဲ့လား''
''မပြောခဲ့မိဘူး။ မတောင်းခံဘူး။''
''သူဘာမှမပြောခဲ့ဘူး''
ရှင်းသွားပြီ။ ဘာတတ်နိုင်မှာလဲ။ စည်းမျဉ်းဥပဒေက ရှိပြီးသား။ အယ်လဘတ်တို အဆုံးအဖြတ် ပေးလိုက်တယ်။ ပထမဆုံး ထိကိုင်မိတဲ့ အကောင်ကို ရွှေ့စေ။
ဟိုချာတိတ်ကတော့ ခပ်တည်တည်ဘဲ။ ကိုင်ကောင်ရွှေ့ရမှာ ရွှေ့ပေါ့ကွ ဆိုတဲ့ မျက်နှာပေးနဲ့။ ငါဘာမှ မဟုတ်တာ မလုပ်ဘူး ဆိုတဲ့ အသွင် ဆောင်လို့။
ကျောင်းသားကလေး မျက်ရည်ဝဲသွားတယ်။ နှုတ်ခမ်းနှစ်ခုကို တင်းတင်း စေ့လိုက်တယ်။ အကောင်းဆုံး ကြိုးစားကစားခဲ့တယ်။ ရှုံးသွားခဲ့တယ်။ ရှုံးမှာပေါ့။ အကောင်းဆုံးရွှေ့ဖို့ စဉ်းစားပြီးသား အကွက်ကို မရွှေ့ခဲ့ရဘဲ မြင်းရွှေ့ခဲ့ရတာ။
အဲဒီကတည်းက နိမ့်သွားတဲ့ ကစားကွက်က ဘယ်လိုမှ ပြန်အဖတ်ဆည် မရခဲ့ဘူး။''
လုပ်ရမှာနဲ့ ပတ်သက်ပြီး အဲသလိုပြောတယ်။ မလုပ်ရမှာနဲ့ ပတ်သက်လို့ သူဒိုင်လူကြီးအနေနဲ့ အဆုံးအ ဖြတ်ပေးခဲ့တဲ့ ပွဲကို ဥပမာပေးတယ်။
''ဟိုချာတိတ်သာ ငါ့တပည့်ဖြစ်ခဲ့ရင် ဒီလိုမျိုးအခြေအနေမှာ ဒါမျိုး အရေးဆိုတာမျိုးရှိမှာ မဟုတ်ဘူး။ ဒါမျိုးမလုပ်ရဘူး။ ၀ံပုလွေကို မကောက်ကျစ်ရဘူး''

မောင်စံပေါ ကျောင်းသားတုန်းက စစ်တုရင်ပြိုင်ပွဲ တစ်ခုကို သတိရမိတယ်။ ရန်ကုန်တက္ကသိုလ် ကောလိပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲမှာပါ။ ၁၉၈၀ ပြည့်နှစ် ဆိုတော့ တော်တော်ကြီး ကြာခဲ့ပါပြီ။ အဲဒီမှာ ကိုင်ကောင်ရွှေ့ ပြဿနာ ဘာညာ အကြောင်း ပြောကြရင်းက ကိုအောင်သွင် ပြောပြတဲ့ အဖြစ်ကလေးတစ်ခုကို စွဲစွဲထင်ထင် မှတ်မိနေတယ်။

''မင်းတို့ကွာ ငါပြောပြမယ်။ ဟိုတစ်နှစ် တိုင်းနဲ့ပြည်နယ် စစ်တုရင် ပြိုင်ပွဲမှာကွာ။ မင်းတို့ ခုနကပြောတဲ့ ဆရာကြီးပေါ့။ သူ့ပြိုင်ဘက်က အရုပ်ပေါ်မှာ ပုရွက်ဆိတ်တက်လို့ လေနဲ့မှုတ်လိုက်တာ အရုပ်လဲသွားတယ်ကွာ။ အဲဒါကို အဲဒီအရုပ် ရွှေ့ရမယ် ဆိုပြီး အတင်းရွှေ့ခိုင်းပြီး အနိုင်ယူသွားတာ။ သူတို့ အသင်းလဲ ဒိုင်းရသွားတယ်ကွ။ သူတို့အသင်းကို ပွဲတွေဘာတွေ တခမ်းတနားနဲ့ ဂုဏ်ပြုတာ မောင်ဗမာ စက်ဘီးတောင် တစ်ယောက်တစ်စီးစီ ရသကွ''တဲ့။

ထူးဆန်းပါပေ့ ဆရာတွတ်ရယ်။ လောကကြီးမှာဗျာ။ ဒီကိစ္စမျိုး ရှိသလား။
ပညာတတ်ဆရာကြီး။ မြန်မာပြည်တွင်းသာမက နိုင်ငံခြားဘွဲ့တွေပါ ရထားတာ။ သူ့ပညာရပ်မှာ တန်းကုန်ပြီ။ ဘွဲ့ကုန်ပြီ။ ထပ်ယူစရာ ထပ်ရစရာ ဘာဘွဲ့မှမကျန်တော့ဘူး ဆိုသူ။
စစ်တုရင် နည်းပြဆရာ အယ်လဘတ်တို ကျောင်းသား လူငယ်လေးတွေကို စစ်တုရင် သင်ပေးနေရာမှ ဂန္ထ၀င်မြောက် စစ်တုရင်ပွဲတွေကို ပရိုဂျက်တာနဲ့ ထိုးပြီးပြတယ်။
''ဒီပွဲက ၁၈၃၄ မှာ ကစားခဲ့တာ။ ဒီလာဘိုနွန်နိုင်းက မက်ဒေါ်နယ်ကို နိုင်ခဲ့တာ။ ဒါက ၁၉၁၈ မှာ ကာပါဘလင်ကာ ကမာရှယ်ကို ဒီလို အနိုင်ယူခဲ့တာ'' စသဖြင့်ပေါ့လေ။ ပွဲတွေအများကြီး တစ်ပွဲပြီးတစ်ပွဲ ပြတယ်။ ကောင်းကွက်၊ မှားကွက်တွေ သုံးသပ်ပြတယ်။ သင်ခန်းစာ အပြီးမှာ ကျောင်းသားလေးတွေနဲ့ အမေးအဖြေ လုပ်တယ်။
''ပြောင်မြောက်လှပစွာနိုင်တဲ့ စစ်တုရင်ပွဲမှာ နိုင်သူနဲ့တွဲပြီး ရှုံးသူကိုလဲ မှတ်မိနေတတ်ကြတယ်။ မင်းတို့အနေနဲ့ နိုင်သူအဖြစ် မှတ်တမ်း တင်စေချင်သလား။ ရှုံးသူထဲမှာ စာရင်းဝင်ချင်သလား''
အားလုံးက အနိုင်ရသူဘဲ ဖြစ်ချင်ကြတယ်။
''ညစ်ပြီး ရမယ့်အနိုင်ဆိုရင် ကောကွာ။ ဘယ့်နှယ်လဲ။ ယူကြမှာလား''။ တစ်ဆက်တည်းမှာဘဲ ဥပမာ တစ်ချို့ ပြောပြတယ်။
''ငါမသေမချင်း စစ်တုရင်သင်တဲ့အလုပ် လုပ်နေမှာ။ ဒိုင်လူကြီးလဲ လုပ်နေမှာ။ နောင်လာမယ့် ကျောင်းသားတွေကို စစ်တုရင်အကြောင်း ပြောတဲ့အခါမှာ၊ စစ်တုရင်သင်တဲ့အခါ ဒီကောင်တွေပေါ့ကွာ ဒီလိုညစ်ပြီး အနိုင်ယူခဲ့တာပေါ့လို့
ဥပမာပေးရာမှာ မင်းတို့ နာမည်တွေ ပါမလာစေဖို့၊ ငါသင်ပေးလိုက်တဲ့ ကျောင်းသားလေးတွေကို လူညစ်လေးတွေ အနေနဲ့ ကဗ္မည်းမတင်စေဖို့ ငါဆုတောင်းတယ်။
အယ်လဘတ်တို ပြောလေ့ရှိတယ်။
''ငါက ဒိုင်လဲလုပ်တယ်။ နည်းပြဆရာလဲ လုပ်တယ်။ ငါ့မှာမျက်နှာ နှစ်ခုရှိတယ်'' တဲ့။

တကယ်ဆိုရင် . . .

သုဿုသံ လဘတေ ပညံ-ပညာရဖို့အတွက် နားထောင်ရမည်၊ (၀ါ) နားထောင်တတ်လျှင် ပညာရ၏။ (ဗုဒ္ဓ)

လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် ခပ်ငယ်ငယ်တုန်းကတော့ ရပ်ထဲရွာထဲ ဟိုနေရာသည်နေရာ မြန်ပြည်တစ်နံတစ်လျား ဒေသ အနှံ့အပြား ကြားခဲ့ရသည့် ဂီတ တစ်ပိုင်းတစ်စကား ''ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမည်'' ဆိုသည့် ဂီတ တစ်ပိုင်းတစ်စ ဖြစ်သည်။ ယနေ့လည်း နှစ်ဆယ်ကျော် လူလတ်ပိုင်း အများစု၏ နှုတ်ထဲ၌ ရှိနေပါလိမ့်ဦးမည်။

ယခုနှစ်ပိုင်းမှာတော့ ရပ်ထဲရွာထဲသွားလျှင် နေရာ အနှံ့အပြား အမြဲလိုလို ကြားနေရသည့် ဂီတ တစ်ပိုင်းတစ်စကား ''တကယ်ဆိုရင် အချစ်ပဲလိုတယ်'' ဆိုသည့် ဂီတ တစ်ပိုင်းတစ်စပင် ဖြစ်သည်။ ထင်းခွေသော မိန်းကလေး၊
ထမင်းချက်သော မိန်းကလေး၊ တောထဲက ကောက်စိုက် ကောက်ရိတ်နေသည့် မိန်းကလေး၊ မြို့က မိန်းကလေး၊ တောကမိန်းကလေး စသည် စသည် ''တကယ်ဆိုရင် အချစ်ပဲလိုတယ်'' ဆိုသည့် အပိုဒ်ကလေးကို ညည်း၍ နေနိုင်သည်။ မိန်းကလေးမှမဟုတ် စာသားက ထိမိလှသည့် အဓိပ္ပာယ် ရှိလှသည့် စာသား၊ နှလုံးသားထဲမှာ စူးနစ်ဝင်သွားနိုင်သော စာသား ဖြစ်သဖြင့် ယောက်ျားလေးအချို့လည်း ညည်းကောင်းညည်းနေနိုင်သည်။ (အနုပညာ ဓာတ်ခံရှိသူများ၌သာ)

အဆိုတော်အများစုက ပညာသည် ဖြစ်သည်။ တေးပြုစာဆိုတွေကမှ ပညာရှင်အစစ် ဖြစ်သည်။ (ပညာရှင်ကတော့ ပိုက်ဆံသိပ်မရ၊ ပညာသည်ကသာ အရပ်တကာ လည်ရောင်းသူ ဖြစ်သဖြင့် ပိုက်ဆံ ပို၍ရသည်)၊ ကျော်တာက အဆိုတော်၊ တကယ် တော်တာက ဂီတစာဆို ဖြစ်သည်။ အများစုက အဆိုတော်ကိုပဲ သိကြသည်။ တေးရေးတေးပြုကို သိပ်ပြီး သိကြတာမဟုတ်။ အများစုက အဆိုတော်ကိုပဲ စိတ်ဝင်စားကြသည်။ တေးပြုစာဆိုကို သိပ်ပြီး စိတ်ဝင်စားကြတာ မဟုတ်။တကယ်တော့ အဆိုတော်က နှုတ်ဖျားလေးနှင့်ပဲ ဆိုသွားသည်။ ရင်ထဲ အသည်းထဲက စိုက်ထုတ်စရာမလို၊ တေးပြုစာဆိုက ရင်ထဲ အသည်းထဲက ယိုစိမ့်ထွက်လာသော ဂီတသံစဉ်များဖြင့် ဖွဲ့ကြရ၊ နွဲ့ကြရသည်။

ပွဲဆိုတာ ''ကြည့်တတ်ရင် ဘာဝနာ'' ဟု ဆိုစကားရှိ၏။ ဂီတ ဆိုတာလည်း တချို့ အပိုင်းအစလေးတွေက နားဆင်တတ်ပါက 'ပညာ' ဖြစ်နိုင်စရာ အကြောင်းရှိသည်။ အဘယ်ကြောင့် ဆိုသော် ဂီတစာဆို အများစုသည် ဘ၀သမားတွေ ဖြစ်ကြ၏။ ဒဿန သမားတွေ ဖြစ်ကြ၏။(အနုပညာ ဟူသည်မှာလည်း ဒဿနပါမှသာ အနုပညာမြောက်သည်)စာပေသမား စစ်စစ်၊ အနုပညာသမားစစ်စစ် တို့သည် သစ္စာတရားကို ရှာဖွေသူတွေ ဖြစ်ကြ၏။ သစ္စာတရားကို ကိုးကွယ်သူတွေ ဖြစ်ကြ၏။ ရပ်ထဲရွာထဲက ဘ၀တွေကို ကြည့်ပြီး ခံစားပြီး သစ္စာတရားတွေရင်ထဲက ပွင့်အန်ကျလာကြ၏။ ထို့ကြောင့် ဂီတမှာလည်း တချို့ အပိုင်းအစတွေက နားဆင်တတ်လျင် 'ပညာ'ဟု ခြွင်းချက်နှင့်ဆိုနိုင်သည်။

အချစ်ဟူသည်
အထက်၌ဆိုခဲ့သော ဂီတနှစ်ပုဒ်လုံးတွင် ပါရှိသည့် အချစ် ဟူသည်မှာ သိင်္ဂါရရသ အချစ်မျှသာမဟုတ်၊ သန္တရသ အချစ်တိုင်အောင် အဓိပ္ပာယ် သက်ရောက်သည်။ အများစုက အချစ်ဆိုလျှင် သိင်္ဂါရရသ အချစ်လောက်ပဲ သိကြသည်။ တေးပြုစာဆိုသည် ထိုမျှသာ ရည်ရွယ်သည် ဟုတ်ဟန်မတူ၊ သန္တရသ အချစ်တိုင်အောင် ရည်ရွယ်ပြီး တေးပြုခြင်း ဖြစ်လိမ့်မည်ဟု ယူဆမိ၏။

အချစ်ဟူသည်မှာ နက်နဲ၏၊ ခက်ခဲ၏၊ ရောထွေးမှု ရှိ၏၊ အချစ်ဆိုသည့် ဝေါဟာရထဲ၌ စိတ်စေတနာ အမျိုးမျိုး ပါဝင်နေ၏။ စာနာမှု၊ ထောက်ထားမှု၊ ညှာတာမှု၊ ဂရုစိုက်မှု၊ အလေးထားမှု၊ အလိုက်တသိရှိမှု၊ စိတ်ဝင်စားမှု၊ ခင်မင်မှု၊ ကြည်ဖြူမှု၊ ကြင်နာမှု၊ မြတ်နိုးမှု၊ ကြည်ညိုမှု၊ ကိုးကွယ်မှု၊ လေးစားမှု၊ တန်ဖိုးထားမှု၊ ရက်ရောမှု၊ လိုက်လျောမှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ အနစ်နာခံမှု၊ စွန့်လွှတ်မှု တို့သည် အချစ်ဟူသော ဝေါဟာရထဲ၌ ရောနှော ပါဝင်လျက် ရှိကြ၏။

အချစ်ကို အကြမ်းဖျင်းခွဲလိုက်လျှင် 'မီးနှင့်တူသောအချစ်၊ နေနှင့်တူသောအချစ်၊ လနှင့်တူသော အချစ်' ဟူ၍ သုံးမျိုးရှိကြောင်း ဆရာကြီးဦးတက်တိုးက သူ၏ 'အချစ်နှင့်စိတ်ပညာ' စာအုပ်၌ ဆိုခဲ့၏။ မိမိတို့ ပါဠိစာပေနှင့်
တိုက်ဆိုင်ကြည့်သော် မီးနှင့်တူသော အချစ်ဟူသည် 'တဏှာပေမ-တဏှာရာဂ အချစ်'ဖြစ်၏။ နေနှင့်တူ၍ နွေးထွေးသောအချစ် ဟူသည် 'ဂေဟသိတပေမ-သံယောဇဉ်ချစ်' ဖြစ်၏။ လနှင့်တူသောအချစ် ဟူသည် 'မေတ္တာပေမ-အေးမြသော အချစ်' အချစ်စစ် အချစ်မှန် ဖြစ်၏။ ယင်းတို့ သုံးမျိုးခွဲသော်လည်း သူတို့သည် သီးသန့်အခါမျိုး ရှိသလို ရောထွေး၍ နေသောအခါလည်း ရှိ၏။
'အခြားသူတို့၏ ပျော်ရွှင်မှု၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိမှု တို့သည် မိမိ၏ ပျော်ရွှင်မှု၊ ချမ်းသာမှုကဲ့သို့ပင် အရေးကြီးတာပါလား'ဟု နားလည် ခံစားတတ်သူ၏ နှလုံးသား၌သာ အချစ်စစ် အချစ်မှန်တရားက ပေါက်ဖွားရှင်သန် နားခိုနိုင်လေ၏ . .

အချစ်ဟူသည် ယဉ်ကျေးမှု မြင့်မားလာသောအခါမှသာ ပေါ်ပေါက်၍ လာရသဖြင့် ယဉ်ကျေးမှုကို နားလည်သူ၊ ယဉ်ကျေးသူတို့ နှလုံးသား၌သာ အချစ် ဟူ၍ ရှိနိုင်သည်။ ဘုရားကလည်း 'စိတ္တံ ဒန္တံ သုခါဝဟံ-ယဉ်ကျေးသော စိတ်ကသာ ချမ်းသာကို ဆောင်နိုင်သည်' ဟု မိန့်သဖြင့် ယဉ်ကျေးမှု ဟူသည် အထူးသဖြင့် စိတ်ယဉ်ကျေးမှု ဖြစ်၏။ စိတ်ယဉ်ကျေးမှု ဟူသည် မိမိ၏လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ဣဿာမစ္ဆရိယ စသည်တို့ကို နှိမ်နင်းနိုင်သဖြင့် ယင်း တရားဆိုးတို့ အစွန်းမထွက်သော ယင်းတရားဆိုးတို့နှင့် သူတစ်ပါးအပေါ် ထိခိုက်နစ်နာအောင် ကြံစည်မှုမရှိသောစိတ်မျိုး ဖြစ်၏။

တစ်ကိုယ်ကောင်းစိတ် ရှိသူတို့၌ အချစ်ဟူ၍ မရှိနိုင်။ တစ်ကိုယ်ကောင်းစိတ် မရှိသူတို့၌သာ အချစ်ဟူ၍ ရှိနိုင်သည်။ ''အခြားသူတို့၏ ပျော်ရွှင်မှု၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိမှု တို့သည် မိမိ၏ပျော်ရွှင်မှု၊ ချမ်းသာမှု ကဲ့သို့ပင်
အရေးကြီးတာပါလား''ဟု နားလည်ခံစားတတ်သူ၏ နှလုံးသား၌သာ အချစ်စစ် အချစ်မှန်တရားက ပေါက်ဖွားရှင်သန် နားခိုနိုင်လေ၏။ အများစုက စားစရာမရှိအောင် ဆင်းရဲနေသည့် အခါကာလ၌ တစ်စုံတစ်ဦးက
ထားစရာမရှိအောင် ချမ်းသာနေသည် ဆိုလျှင် ထိုပုဂ္ဂိုလ်မျိုး၏ နှလုံးသား၌အချစ် ဟူ၍ မရှိနိုင်။ ဘာရှိမလဲဆိုလျှင် အတ္တသာ ရှိနိုင်၏။

မေတ္တာဟူသည်
'မိဇ္ဇတိ သိနိယှတီတိမေတ္တာ'ဟု သဒ္ဒါဆရာတို့ ၀ိဂြိုဟ်ပြုကြ၏။ သူတစ်ပါးတို့အပေါ် အစိုဓာတ်၊ အစေးဓာတ်၊ အအေးဓာတ်ဖြင့် မြေးယှက်ခြင်း ဖြစ်၏။ တစ်ဦးနှင့်တစ်ဦး အစေးကူးဖို့ အချင်းချင်း စည်းစည်းလုံးလုံးရှိဖို့ မေတ္တာ
အစေးဓာတ်က ဂဟေဆက်၍ ပေးခြင်း ဖြစ်၏။ အားလုံး အေးအေးချမ်းချမ်းရှိဖို့ မေတ္တာ အအေးဓာတ်က ဖျန်းပက်ပေးခြင်း ဖြစ်၏။အသက်အိုးအိမ်စည်းစိမ် စသည် အားလုံး လုံလုံခြုံခြုံရှိဖို့ မေတ္တာကွန်ရက်က လွှမ်းခြုံပေးခြင်း ဖြစ်၏။

မေတ္တာဟူသည် ပါဠိ ဝေါဟာရ ဖြစ်၏။ မြန်မာက မွေးစားယူထားခြင်း ဖြစ်၏။ မေတ္တာဟူသည် ရေတွင်းထဲက ရေကန်သို့ ဖြစ်၏။ အယူမရှိ၊ အရကိုမမျှော်၊ အပေးသက်သက်သာ ရှိ၏။ ဗုဒ္ဓဟူသည် မေတ္တာနှင့်ကရုဏာ တို့၏ 'အမတေ' ဖြစ်၏။ သတ္တ၀ါ အများ ကောင်းကျိုးကို လိုလားသော မေတ္တာ၊ သတ္တ၀ါအများကို ကြင်နာသနားသော ကရုဏာတို့၏ တွန်းအားကြောင့် ဗုဒ္ဓဟူ၍ ဖြစ်လာရ၏။

မေတ္တာကို ပါဠိစာပေက ဤသို့ ဖွင့်ဆို၏။ 'မေတ္တာသည် သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို လိုလားသော အချင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာရှိ၏။ သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို ဆောင်ကြဉ်း၍ ပေး၏။ အာဃာတကို ပယ်ဖျောက်၍ ပေး၏။ မေတ္တာဖြစ်ဖို့အတွက် လိုအပ်သော အကြောင်းနှစ်ချက် ရှိ၏။ သူတစ်ပါး အကျိုးစီးပွားကို အာရုံပြုခြင်းနှင့် သူတစ်ပါးတို့၏ မြတ်နိုးဖွယ် အဖြစ်၊ မြတ်နိုးဖွယ် အနေအထားကို မြင်လိုကြည့်လိုခြင်း ဖြစ်၏။

ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမည် . . .
'မိခင်လုပ်သူသည် တစ်ဦးတည်းသောသားကို အသက်နှင့်ထပ်တူ စောင့်ရှောက်သကဲ့သို့ သတ္တ၀ါအားလုံး အပေါ်၌ ထိုမိခင်မေတ္တာမျိုး ပွားများရမည်၊ ထားရှိရမည်'ဟု မေတ္တသုတ်၌ ဘုရားမိန့်ခဲ့၏။ မိမိတို့မေတ္တာကို အကန့်အသတ်နှင့် ဘောင်ခတ်မထားဖို့၊ မကျဉ်းမြောင်းဖို့၊ ဒေါသရန်သူ မရှိဖို့လည်း ထပ်ဆင့်၍ မှာတော်မူခဲ့၏။

မိဘတို့သည် သူတို့၏အချစ် နှင့် သားသမီး တို့ကို အရာရာ၌ အကောင်းဆုံးဖြစ်အောင် ဖန်တီး၍ ပေးကြ၏။ ကျန်းမာရေးကောင်းဖို့၊ ပညာကောင်းကောင်းတတ်ဖို့၊ အလုပ်ကောင်းကောင်းရဖို့၊ ၀င်ငွေကောင်းကောင်းရှိဖို့၊
ကောင်းကောင်းစားနိုင်ဖို့၊ ကောင်းကောင်းဝတ်နိုင်ဖို့၊ ကောင်းကောင်းနေနိုင်ဖို့၊ အကောင်း ဟူသမျှ သားတို့ သမီးတို့ ပိုင်ဆိုင်ဖို့ မိဘမေတ္တာနှင့် ဖြည့်ဆည်း၍ ပေးကြ၏။

မိဘဟူသည် များရာကိုလိုက်၍ ဆိုခြင်း ဖြစ်သည်။ မိဘစိတ်ရှိသူတိုင်း မိမိနှင့် သက်ဆိုင်လာသူတို့အပေါ် မိဘမေတ္တာမျိုးနှင့် အရာရာကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်၍ ပေးကြသည်။ ဤအချက်ကို ဧက ကနိပါတ်တော်၊ ကုရုင်္ဂ၀ဂ်၊ ကုက္ကုရ ဇာတ်တော်ကို ထောက်ဆ၍ သိရ၏။

ဘုရားရှင်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း ပါရမီဖြည့်ခဲ့ရာ ဘ၀တစ်စိတ်တစ်ဒေသလို စပ်မိစပ်ရာ ပြန်ပြောင်းပြောပြသော ငါးရာငါးဆယ် ဇာတ်နိပါတ်တော် ဟူ၍ ရှိသည်။ ငါးရာငါးဆယ်ဟု ဆိုသော်လည်း စင်စစ် ငါးရာလေးဆယ့်ခုနစ် ဇာတ်တော်သာ ဖြစ်သည်။ ထိုဇာတ်တော် ငါးရာလေးဆယ့်ခုနစ်မျိုးကို တူရာပေါင်းလိုက်တော့ ဘ၀ အမျိုးအစား ခြောက်ဆယ့်ခုနစ်မျိုးသာ ရှိသည်။ ထိုအထဲတွင် ခွေးဖြစ်ရသည့် ဘ၀က တစ်ဘ၀ ပါဝင်၏။

ဘုရားအလောင်းတော်သည် ပါရမီနုစဉ် ဘ၀ တစ်ခု၌ ခွေးအပေါင်းတို့၏ ခေါင်းဆောင် ခွေးမင်း ဖြစ်ရ၏။ သုသာန်ကြီးတစ်ခု၌ နေကြ၏။ တစ်နေ့သောအခါ ဗာရဏသီမင်းသည် မင်းဥယျာဉ်တော်၌ အပန်းဖြေပြီး
နေ၀င်ချိန်ရောက်သော် နန်းတော်သို့ ပြန်ခဲ့၏။ ရထားထိန်းတွေက ရထားတွေကို အမှတ်တမဲ့ မင်းရင်ပြင်မှာပဲ ထားမိကြ၏။

ညအခါ မိုးရွာတော့ သားရေတွေ စိုပြီး အနံ့ထွက်သောအခါ နန်းတွင်းခွေးတွေ ထွက်၍ စားကြ၏။ နံနက်မိုးသောက် မင်းကြီး သိသဖြင့် အမေးတော်ရှိရာ အရပ်ထဲကခွေးတွေ လာစားကြောင်း လျှောက်တင်ကြ၏။ မင်းကြီးလည်း အမျက်ထွက်ကာ ''လမ်းပေါ်မှာတွေ့တဲ့ ခွေးအားလုံး သတ်စေ''ဟု အမိန့် ချမှတ်၏။

လမ်းပေါ်က လမ်းသလားနေသောခွေးတွေ အသတ်ခံကြရ၏။ ကျန်ရှိသည့် ခွေးတွေလည်း ထွက်ပြေးကြပြီး သုသာန်က အလောင်းတော်ခွေးမင်းထံ ခိုလှုံကြလေ၏။ အလောင်းတော်က ''ငါ့ဆွေတော်မျိုးတော်တွေတော့ ဒုက္ခရောက်ပြီ။ ငါ့အသက်ပေးပြီး ကယ်ဆယ်မည်'' ဟု ဆုံးဖြတ်ချက် ချပြီး ပါရမီတော် တို့ကို ဆင်ခြင်သည်။ မေတ္တာဘာဝနာကို ပွားများသည်။ ငါ့ကို မည်သူမျှ မနှောင့်ယှက်နိုင်ဘဲ ရှိစေဟု အဓိဋ္ဌာန် ပြုလိုက်သည်။ ထို့နောက် . . .။

အချစ်အတွက်နဲ့ အသက်ပင်သေသေ
အလောင်းတော်သည် သူ့အမျိုးအနွယ်ကိုချစ်သော မျိုးချစ်စိတ်ကြောင့် အချစ်အတွက်နှင့် အသက်ပင်သေသေ နန်းတော်သို့ အသက်စွန့်၍ ၀င်လေ၏။ အလောင်းတော်၏ အဓိဋ္ဌာန်ကြောင့် ခဲနှင့်ထုသူ၊ တုတ်နှင့်ရိုက်သူ၊
နှုတ်နှင့်ခြောက်လှန့်သူ မည်သူမျှ မရှိပေ။ အလောင်းတော်သည် အဟန့်အတားမရှိ နန်းတွင်းသို့ ရောက်သွားလေ၏။ နန်းတော်ထဲ မင်းကြီး တရားစီရင်ဆုံးဖြတ်ရာ ပလ္လင်ရှေ့တည့်တည့်၌ ၀ပ်နေလိုက်၏။

မင်းချင်းတို့က တအံ့တသြနှင့် ခွေးကို မောင်းထုတ်ဖို့ လုပ်သောအခါ မင်းကြီးက တားမြစ်လိုက်၏။ အလောင်းတော်သည် မင်းကြီးအား အရိုအသေပေးပြီး ''အရှင်မင်းကြီး ခွေးတွေကို ဘာလို့ သတ်ရတာပါလဲ''ဟု မေးလျှောက်လေ၏။ (တိရစ္ဆာန်က လူစကားပြောသည် ဆိုရာ၌ အလောင်းတော်တို့သာများသည်။ ပါရမီတော် အနန္တကြောင့် အထူးသဖြင့် ပညာပါရမီ ကြီးမားသောကြောင့် ပြောခြင်း ဖြစ်သတဲ့။)

မင်းကြီးက ''ရထားက သားရေတွေကိုစားလို့ သတ်ရတာ''ဟု ဖြေ၏။ ထိုအခါ အလောင်းတော်က ''အရှင်မင်းကြီး သားရေတွေကို ဘယ်ခွေးစားတာရယ်လို့ အတိကျ သိပါရဲ့လား'' ဟုမေး၏။ မင်းကြီးက ''အတိအကျတော့
ဘယ်သိနိုင်ပါ့မလဲ'' ဟု ဖြေသော် အလောင်းတော်က ''အရှင်မင်းကြီး အတိအကျ မသိပါဘဲနှင့် မြင်မြင်သမျှခွေးကို သတ်တာဟာ လျော်ကန်ပါရဲ့လား'' ဟုမေးလေ၏။

ထို့နောက် ဆက်၍ ''အရှင်မင်းကြီး အရပ်ထဲကခွေးတွေကို သတ်စေ၊ နန်းတွင်းထဲကခွေးတွေတော့ လွတ်စေ ဆိုတာ တရားနည်းလမ်း ကျပါရဲ့လား။ အကြီးအကဲဆိုတာ အဂတိလေးပါး ရှောင်ရှားရပါတယ်။ ချိန်ခွင်လို ကျင့်ရပါတယ်။ တရားမျှတရပါတယ်''ဟု လျှောက်လေ၏။

မင်းကြီးက ''ပညာရှိခွေးမင်း သားရေတွေကို ဘယ်ခွေးတွေစားတယ်ဆိုတာ သင်ကသိလို့လား''ဟု မေးတော့ ဘုရားအလောင်းတော်က သူသိကြောင်း ဖြေကြား၏။ မင်းကြီးက''လက်တွေ့ပြပါ''ဟု တောင်းဆိုသောအခါ
အလောင်းတော်က နန်းတွင်းခွေးတွေကိုခေါ်ပြီး နို့ရည် ရက်တက်ရည်နှင့် မြေဇာမြက် ရောထောင်း၍ တိုက်သောအခါ သားရေဖတ်တွေ အန်ထုတ်ကြလေ၏။ ထိုအခါကျမှ မင်းကြီးလည်း ယုံကြည်သွားလေ၏။

မင်းကြီးက ''သဗ္ဗညုတဘုရားရှင်၏ အဖြေတော်နှင့်တူလှစွာပါတကား'' ဟု ဥဒါန်းကျူးပြီး အလောင်းတော်ကို ထီးဖြူဆောင်းပေး၍ ပူဇော်လေသည်။ အလောင်းတော်က မင်းကြီးကို ''တရားသဖြင့် မင်းလုပ်ဖို့၊ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်ဖို့၊ တိုင်းသူပြည်သားတို့အား ရင်ဝယ်သားသို့ စောင့်ရှောက်ဖို့၊ ကျောသားရင်သား မခွဲခြားဖို့၊ အဂတိတရား ကင်းဖို့၊ အနိစ္စ ဒုက္ခ အနတ္တတရား ဆင်ခြင်နှလုံးသွင်းဖို့'' မှာကြားပြီး သူ၏ မူလနေရာ သုသာန်သို့ ပြန်သွားလေသည်။

လူမျိုးကိုချစ်သော ခေါင်းဆောင် တို့သည် မိမိတို့လူမျိုးကို အကောင်းဆုံး အနေအထား၌ ရှိအောင် (ပြည့်စုံချမ်းသာအောင်)၊ တိုင်းပြည်ကိုချစ်သော ခေါင်းဆောင် တို့သည် မိမိတိုင်းပြည်ကို အကောင်းဆုံး အနေအထား၌ ရှိအောင် အစွမ်းနိုင်ဆုံး စီမံဖန်တီး၍ ပေးကြလေသည်။ သာသနာတော်ကို ချစ်သော ဆရာတော်ဘုရားကြီးတို့သည်လည်း သာသနာတော်ကို အကောင်းဆုံး အနေအထား၌ရှိအောင် အစွမ်းကုန် ပြုစုသွားတော်မူကြ၏။

လောက၌ သက်ရှိ ဖြစ်စေ၊ သက်မဲ့ ဖြစ်စေ အကောင်းဆုံးသောအရာ တို့သည် များသောအားဖြင့် ချစ်မေတ္တာကြောင့်သာ ဖြစ်တည် ပေါ်ပေါက်ရလေ၏။ မေတ္တာကြောင့် ခန္တီအားကောင်း၏။ ခန္တီကြောင့် ကျန်းမာ၏။ အသက်ရှည်၏။

ရုပ်ချော၏။ ရုပ်လှ ၏။ မေတ္တာကြောင့် ဒါနအားကောင်း၏။ ဒါနကြောင့် စည်းစိမ်ဥစ္စာ ကြွယ်ဝ၏။ အခြား သက်မဲ့အရာဝတ္ထု အကောင်းဟူသမျှလည်း မေတ္တာသမားတို့က တည်ဆောက်၍ ထားခဲ့ကြသည်က များသည်။ အချစ်သည် အရာရာကို အကောင်းဆုံး ဖြစ်စေသည်။

တကယ်ဆိုရင် အချစ်ပဲလိုတယ်
အချစ်စစ် အချစ်မှန်သည် အနန္တတန်ခိုး ရှိ၏။ အနန္တဣဒ္ဓိပါဒ်နှင့် ပြည့်စုံ၏။ အနန္တစွမ်းအားကို ပိုင်ဆိုင်၏။ မိသားစုအကျိုး၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်း နိုင်ငံ စသည် လူမှုအဖွဲ့အစည်း အသီးသီးတို့ အကျိုးကို ဆောင်ရွက်ကြရာ၌
''ဘယ်အရာသည် အဓိက အလိုအပ်ဆုံးလဲ''ဟု ကြည့်လိုက်တော့ ''တကယ်ဆိုရင် အချစ်ပဲလိုတယ်''ဆိုသည့် စာသားကို သွား၍တွေ့ရ၏။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ရမည်။ တကယ်လုပ်လျှင် တကယ်ဖြစ်ပါသည်။

အဟုတ်လုပ်လျှင် အဟုတ်ဖြစ်ပါသည်။ တကယ် မဖြစ်ခြင်း၊ အဟုတ် မဖြစ်ခြင်းသည် တကယ်မလုပ်ခြင်း၊ အဟုတ်မလုပ်ခြင်းကြောင့် ဖြစ်သည်။ ထို့အတူပင် တကယ်ချစ်လျှင် တကယ်လုပ် အဟုတ် ဖြစ်ပါသည်။
မှန်ပါသည်။ လူ့အဖွဲ့အစည်း အသီးသီးအတွင်း လူ့ဝန်းကျင်တစ်ခွင် မငြိုမငြင် လွယ်ကူချောမွေ့စွာ အသက်မွေးနိုင်ဖို့၊ ငြိမ်းချမ်းဖို့၊ သာယာဖို့၊ အားလုံး ပြေပြေလည်လည်၊ ပြည့်ပြည့်စုံစုံရှိဖို့၊ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာရှိဖို့ ဆိုရာ၌ မေတ္တာပဲလိုပါသည်။ မေတ္တာချစ်ပဲ လိုပါသည်။ မေတ္တာဟူသော အချစ်နှင့် အရာရာကို အကောင်းတိုင်း ဖြစ်စေမည်။

ပွဲတော်များနှင့် ပုဂံ

သာသနာဖြိုးစည်
တို့--ပုဂံပြည်ဝယ်
စေတီအပေါင်း
ဂူတစ်သောင်း၌
နရည်၊ စည်းသံ
သောသောညံသည်
ပွဲတော်ကာလ...သည်ချိန်ခါ။
(၀ါခေါင်လပြည့်နေ့)

''မြန်မာမှန်လျှင် ဇာတ်ပွဲ ကြည့်ဖူးရမည်။ မြန်မာမှန်လျှင် ပုဂံရောက် ဖူးရမည်။'' အထက်ပါစကားကို ပုဂံရောက် စာရေးဆရာတစ်ဦး ပြောဖူးပါသည်။ မြန်မာမှန်လျှင် အပျော်အပါးကို နှစ်သက်သည်။ ဘာသာတရား ကိုင်းရှိုင်းမည်။ ယဉ်ကျေးမှုကို ခုံမင်မည်။ အနုပညာကို မြတ်နိုးမည် စသော သဘောတို့ဆောင်မည် ထင်ပါသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် အခြေချ နေထိုင်သော ပုဂံသူ၊ ပုဂံသားတို့ကား မြန်မာစင်စစ် ဖြစ်ကြသည်မို့ ဘာသာတရားကိုလည်း ကိုင်းရှိုင်း၏။ ယဉ်ကျေးမှုကိုလည်း မြတ်နိုး၏။ ဘာသာ၊ သာသနာကို အခြေခံ၍
ကျင်းပသော ပျော်ပွဲ၊ ရွှင်ပွဲ၊ ဇာတ်ပွဲ တို့ကိုလည်း သူ့ထက်ငါ အပြိုင်အဆိုင် ကျင်းပကြ၏၊ သူ့ဘုရား၊ ကိုယ့်ဘုရားပြိုင်သည်။ သူ့အရပ်၊ ကိုယ့်အရပ် သူ့ဇာတ်၊ ကိုယ့်ဇာတ် ပြိုင်ကြသည်။ သူ့အသွင်း၊ ကိုယ့်အသွင်း ပြိုင်တတ်ကြသည်။

ပုဂံတွင် ၀ါဝင်ပြီ ဆိုသည်နှင့် ကိုယ့်ရပ်၊ ကိုယ့်ရွာ ဘုရားပွဲအတွက် တိုင်ပင်ကြသည်။ ဆွေးနွေးကြသည်။ ၀ယ်ခြမ်းကြသည်။ တစ်နယ်တစ်ကျေး ရောက်နေသူများက ပွဲတော်အမီ ကိုယ့်ရပ်ဌာနီသို့ ပြန်လာကြသည်။ ပုဂံပွဲတော်တို့သည် ၀မ်းရေး အတွက် ဝေးတစ်မြေရပ်ခြား ပြေးလွှား ခွဲခွာနေရသော မိသားစုဝင်များ၊ မိတ်ဆွေသင်္ဂဟများကို ပြန်လည် တွေ့ဆုံစေရာ ဆုံဆည်းရာလည်း ဖြစ်သည်။ သူရပ်၊ ကိုယ့်ရပ်သူ့အိမ်၊ ကိုယ့်အိမ်၊ လူမှု၊ စီးပွားရေချိန် တိုင်းထွာရာ ပြဒါးတိုင်ပမာလည်း ဖြစ်သည်။ မျက်မှောက်၊ သံသရာ နှစ်ဖြာအကျိုးအတွက် ဒါနမိုးတို့ ရွာသွန်းဖြိုးရာ နေရာလည်း ဖြစ်သည်။
ပုဂံပွဲတော်တို့သည် ၀မ်းရေးအတွက် ဝေးတစ်မြေရပ်ခြား ပြေးလွှား ခွဲခွာနေရသော မိသားစုဝင်များ၊ မိတ်ဆွေ သင်္ဂဟများကို ပြန်လည် တွေ့ဆုံစေရာ ဆုံဆည်းရာလည်း ဖြစ်သည်။ သူရပ်၊ ကိုယ့်ရပ် သူ့အိမ်၊ ကိုယ့်အိမ်၊ လူမှု၊ စီးပွားရေချိန် တိုင်းထွာရာ ပြဒါးတိုင် ပမာလည်း ဖြစ်သည်...

ပုဂံ ဘုရားပွဲတော်များတွင် ယေဘုယျအားဖြင့် ကြည့်လျှင် ဆွမ်းလုံး၊ သပိတ်လုံး ကပ်လှူပွဲပါသည်။ ဆွမ်းဆန်စိမ်း လောင်းလှူပွဲပါသည်။ လင်ပန်းထိုးပါသည်။ ရွှေသွင်း၊ ငွေသွင်း၊ အရုပ်သွင်းပွဲများ ပါသည်။ တချို့က
လှည်းဇာတ်ပါသည်။ ရိုးရာဓလေ့ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲတွေ ပါသည်။ လူငယ်တို့၏ ကိုယ့်အားကိုယ်ကိုး ဘောလုံးပွဲလေးများ ပါသည်။ ဇာတ်ပွဲ၊ ကြည့်ချင်ပွဲ၊ တရားပွဲများလည်း ပါသည်။

ရိုးရာ အစားအစာနှင့် ကျွေးမွေးဧည့်ခံမှုကို ရပ်ကွက် ဘုရားပွဲတိုင်း အစဉ်အလာမပျက် ဆောင်ရွက်ကြသည်။ ကုလားပဲနှင့်ချက်သော မုန့်ဟင်းခါး၊ မုန့်ကျွဲသည်း၊ မုန့်ဖြူ၊ မုန့်နီ၊ ပဲကပ်ကြော် တို့ဖြင့် ဘုရားပွဲလာ ဧည့်ပရိသတ်တို့အား ဖိတ်ခေါ် ကျွေးမွေး ဧည့်ခံသည်။ ရပ်ကွက်အတွင်း သာမက အခြား ရပ်ကွက်များတွင် ရှိသော မိတ်ဆွေ၊ သင်္ဂဟနှင့် သက်ကြီးဝါကြီးများထံလည်း ပေးပို့ကြသည်။

ဘုရားတစ်ဆူနှင့် တစ်ဆူ၊ ရပ်ကွက်တစ်ခုနှင့်တစ်ခု ဘုရားပွဲတော် ကျင်းပပုံချင်း မတူသော်လည်း၊ ၀ါယမ စိုက်ထုတ်မှုခြင်း တူညီကြ၏။ပုဂံဘုရားပွဲတော်များထဲတွင် အစောဆုံး စတင်ပြီး အထင်ရှားဆုံး ဘုရားပွဲမှာ လောကနန္ဒာ ဘုရားပွဲတော် ဖြစ်သည်။ လောကနန္ဒာဘုရားသည် ပထမမြန်မာနိုင်ငံတော်ကို စတင် တည်ထောင်သူ ပုဂံပြည့်ရှင်ဘုရင် အနော်ရထာ၏ ကောင်းမှု ဖြစ်သည်။ ခေတ်ကာလအားဖြင့် အေဒီ(၁၁)ရာစုပင် ဖြစ်သည်။ သီဟိုဠ် ဘုရင် ဆက်သသော ဗုဒ္ဓစွယ်တော်မြတ်ကို သီရိပစ္စယာအရပ် ဆိပ်ကမ်းမှ ပင့်ဆောင်၍ လောကနန္ဒာဘုရား တည်ကာ ဌာပနာ ထားသည်။ ပြည်တွင်း ဘုရားဖူး ခရီးသွားတို့ အဖို့ စွယ်တော်လေးဆူတွင် ပါဝင်သော ဘုရားဆိုလျှင် ပို၍ အမှတ်ရ လွယ်လိမ့်မည်။

လောကနန္ဒာ ဘုရားပွဲတော်ကို ၀ါခေါင်လဆန်း (၇/၈)ရက်နေ့များတွင် ကျင်းပသည်။ ၀ါခေါင်လဆန်း ၈ ရက်နေ့ မနက်တွင် ဒေသခံများ သာမက၊ အနီးဝန်းကျင် ကျေးရွာများမှ ပဲစိုက်၊ နှမ်းစိုက် တောင်သူများ၊ ထန်းတောင်သူများ၊ ဧရာဝတီမြစ်ရိုး တစ်လျှောက်တွင် လောကနန္ဒာ ဘုရားကို နေ့စဉ် ဦးခိုက်ကာ ရေလုပ်ငန်း လုပ်ကိုင် ရှာဖွေ စားသောက်ကြသူများသည် ဘုရားရင်ပြင်တော်သို့ ခါတော်မီ အရောက်လာကြသည်။ ကိုယ့်လုပ်ငန်းခွင် အသီးသီးမှ ရရှိသော ပဲ၊ နှမ်း၊ ကြက်သွန်နှင့် သပိတ်လုံး လာရောက် ကပ်လှူကြသည်။

ဘုရားခြေတော်ရင်း၊ ဧရာဝတီမြစ် အတွင်း၌လည်း ရေလုပ်သားကြီးများက ''ညီညာအပြိုင်၊ ရိုးသံတိုင်လျက်၊ စွဲကိုင်အညီ၊ တက်ကိုချီ၍'' ဆိုသကဲ့သို့ လောင်းလှေများကို တက်ညီလက်ညီ အလှပြ လှော်ခတ်ကြသည်။ ပွဲတော်ကျင်းပစဉ် အတွင်း ညစဉ် တရားပွဲ၊ ကြည့်ချင်ပွဲ၊ ဇာတ်ပွဲများ၊ ရိုးရာ စားသောက်ဆိုင်များ၊ ဈေးသည်များ၊ ချား၊ ရဟတ်များဖြင့် အထူး စည်ကားလှ၏။

ဝါခေါင်လပြည့်နေ့တွင် မြစေတီ ဘုရားပွဲတော်ကို ကျင်းပသည်။ မြစေတီ ဘုရားပွဲတော်နှင့် မနုဟာ ဘုရားပွဲတော်များကို မြင်းကပါ ကျေးရွာကပင် ကျင်းပသော်လည်း မြို့မ ရပ်ကွက်သည် မြစေတီ ဘုရားပွဲကို တာဝန်ယူ၍
တော်သလင်းလပြည့်နေ့တွင် ကျင်းပသော မနူဟာ ဘုရားပွဲတော်ကို ရွှေခြံ၊ ရွှေလယ်၊ စိန်ကုန်း ရပ်ကွက်များက တာဝန်ယူ ကျင်းပကြသည်။ မြစေတီ ဘုရားကို ကျန်စစ်သား၏ သားတော် ရာဇကုမာရ် တည်ထားကောင်းမှုပြု၍၊ မနူဟာဘုရားကိုမူ အနော်ရထာမင်း လက်ထက် သထုံပြည့်ရှင်ဘုရင် မနူဟာ ကောင်းမှု ပြုသည်ဟု မှတ်တမ်းများ ရှိသည်။
ပုဂံဘုရားပွဲတော်များကို အစဉ်အလာမပျက် ကျင်းပနိုင်ရေးနှင့် ယခုထက်ပို၍ စနစ်ကျသော၊ ရိုးရာဓလေ့စရိုက် ယဉ်ကျေးမှုကို ပီပြင်အောင် ဖော်ဆောင်နိုင်သော ပွဲတော်များ ဖြစ်လာစေရန် . .

''ဘုရားပွဲတော် နှစ်ခုလုံး တူညီတဲ့ အချက်တွေကတော့ ရပ်ကွက် အတွင်းမှာရှိတဲ့ ယွန်းလုပ်ငန်းရှင်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ လူငယ်တွေ စုပေါင်းပြီး အရုပ်အပြိုင် ချိုးကြတယ်။ အဖိတ်နေ့တွေမှာ အရုပ်သွင်းပွဲတွေကို
အပြိုင်ကပြီး သွင်းကြတယ်။ စိတ်လွတ်ကိုယ်လွတ် ပျော်ကြတယ်။ တစ်နှစ်ထက်တစ်နှစ် အရုပ်တွေက ပိုများများလာတယ်။ ကောက်ညှင်းဆန် ဖရုံသီးတို့နဲ့ စီမံထားတဲ့ ရိုးရာငါးချဉ် တည်ခင်းတာလည်း အစဉ်အလာမပျက်ပါပဲ''

လပြည့်နေ့များတွင်မူ သုံးလောကထွတ်ထား သဗ္ဗညုဘုရားအား ရည်မှန်း၍ အလှူအတန်း ပြုကြသည်။ သပိတ်လုံး၊ ဆွမ်းလုံးများ လောင်းလှူကြသည်။ ရပ်ကွက်အလိုက် ဘုရားထံ ရွှေဘိုး၊ ငွေဘိုး သွင်းလှူကြသည်။ မနူဟာ ဘုရားပွဲတော်တွင် ဆွမ်းဆန် စိမ်း ၁၇ တင်း ဆံ့သော သပိတ်တော်ကြီးအတွင်း ဆွမ်းများထည့်၍ ဆက်ကပ် လှူဒါန်းသည်။ သပိတ်တော် အတွင်း ဆွမ်းအပြည့် လှူဒါန်းပါက အစားအစာ ငတ်မွတ်ရှားပါးခြင်းဘေးမှ ကင်းဝေသည်ဟု အယူ ရှိကြသည်။ ပြီးလျှင်ရပ်နီး၊ ရပ်ဝေးမှ လာကြသော ဧည့်ပရိသတ် အပေါင်းအား ကျွေးမွေး ဧည့်ခံသည်။ ကျေးငှက်တိရစ္ဆာန်များအား စွန့်ကြဲ ကျွေးမွေးကြသည်။

''မြစေတီ ဘုရားပွဲတော်နဲ့ တန့်ကြည်တောင် စွယ်တော် ဘုရားပွဲက ကျင်းပချိန် အတူတူပဲ။ တန့်ကြည့်တောင်ဘုရားက ဧရာဝတီမြစ် တစ်ဖက်ကမ်းမှာ ဆိုတော့ အဖိတ်နေ့ ညနေမှာ စက်လှေတွေနဲ့ ကူးကြတယ်။ ညဘက် ဆိုရင် တန့်ကြည်တောင်ဘုရား ရင်ပြင်မှာ ပွဲလာသူတွေများလို့ ခြေချစရာတောင် နေရာမရှိဘူး။ တစ်ညလုံးလည်း မအိပ်ကြဘူး။ ပုဂံဘက် ညရှု့ခင်းကလည်း အရမ်းလှတယ်။ ကောင်းကင်ကလည်း သာယာတာကြောင့် နက္ခတ်ကြည့်ပွဲလို့ တချို့က တင်စားကြတယ်။ ပျော်စရာ အရမ်းကောင်းပါတယ်။ လပြည့်နေ့မနက် ရင်ပြင်တော်မှာ သပိတ်လုံး လောင်းလှူကြတယ်''

ထိုနည်းတူ မြင်းကပါ မနုဟာ ဘုရားပွဲနှင့် တုရွင်းတောင် စွယ်တော်ရှင်ဘုရားပွဲ ကျင်းပချိန်လည်း တစ်ချိန်တည်းပင် ဖြစ်သည်။ ဘုရားပွဲတော်များတွင် စည်ကားသိုက်မြိုက်ဆုံး နေ့များသည် အဖိတ်၊ ဥပုသ်နေ့များပင် ဖြစ်သည်။

ပုဂံဘုရားပွဲတော်များတွင် ရပ်ကွက်အလိုက် ပွဲတော်များကိုလည်း အစဉ်အလာမပျက် ကျင်းပကြသည်။ ပျော်ပွဲ၊ ရွှင်ပွဲ၊ ဇာတ်ပွဲများပါသည်။ ပွဲတော်ချိန်ခါတွင် ရပ်ကွက် အလိုက်၊ အိမ်နီးချင်း အလိုက် အပြိုင်အဆိုင် ရက်ရက်ရောရော လှူဒါန်းကြသည်။ ကျွေးမွေးကြသည်။

''အိမ်လာတဲ့ ဧည့်သည်ကို ဧည့်ခံတာ မုန့်ဟင်းခါးဖတ် အချိန်လေးဆယ်ကျော် ကုန်တယ်''ဘုရားပွဲတော်အတွင်း ကုန်ကျသည်များကို ဂုဏ်ယူဝမ်းမြောက်စွာ ထုတ်ဖော် ပြောလေ့ ရှိကြသည်။ အကျဉ်းချုံးဆောင်သော မင်္ဂလာဆောင်ပွဲမျှ ကုန်ကျသည်ဟု သိရသည်။ ရပ်ကွက်အတွင်း ကျင်းပသော ဘုရားပွဲများသည် ညောင်ဦးဘက်တွင် ရှိသကဲ့သို့၊ ပုဂံဘက်တွင်လည်း ရှိသည်၊ ညောင်ဦးတွင် သီရိမင်္ဂလာဘုရားပွဲသည် အစည်ကားဆုံးသော ရပ်ကွက် ပွဲတော်များတွင် ပါဝင်ပြီး၊ ချမ်းသာကြီး ဆုံကုန်းရပ်ရှိ ရွှေယုန်မင်း ဘုရားပွဲသည် သစ်သီးမျိုးစုံ ကပ်လှူသောပွဲ အဖြစ် ထင်ရှားသည်၊၀ါခေါင်လတွင် ကျင်းပကြသည်။

''ပုဂံမြို့ဟောင်းကနေ မြို့သစ်ကို ရွှေ့လိုက်ကြရတော့ ရပ်ကွက်အလိုက် ကျင်းပခဲ့တဲ့ ဘုရားပွဲလေးတွေ အလေ့အထ နည်းသွားတာလည်း ရှိတယ်''

ဝါဆိုလပြည့်ကျော်မှ စတင်၍ အတွင်း အာနန္ဒာ၊ ရှင်ပင်ပွင့်လင်း၊ မဟာဗောဓိ။ ဂူသုံးလုံး၊ မင်းနန်သူ၊ ဆုတောင်းပြည့်၊ သံပျင်စွာ၊ သဉ်လည်ဂူ၊ ရွှေဂူလေး၊ သက်တော်ရ၊ ရွှေတောင်ဦး စသည့် ဘုရားပွဲများကို ရပ်ကွက်အလိုက်
ကျင်းပခဲ့ကြကြောင်း သိရသည်။ ထို့အပြင် နဂါးရုံဘုရားနှင့် ကန်တော့ပလ္လင် ဘုရားပွဲတော်များကိုလည်း သီတင်းကျွတ်လတွင် ကျင်းပကြသည်ဟု သိရသည်။

စိတ်ဝင်စားဖွယ်ကောင်းသော ဘုရားပွဲတော် တစ်ခုမှာ သီတင်းကျွတ် လဆန်း ၅ ရက်နေ့တွင် ကျင်းပသော သင်ပုတ်ကြီးတင်ပွဲ ဖြစ်သည်။ သင်ပုတ်ပလ္လင်ပွဲ ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ရွှေစည်းခုံဘုရား၏ အရိပ် အာဝါသအတွင်း၊ ၀တ္တကမြေ အတွင်း တောင်သူလုပ်ငန်း လုပ်ကိုင်ကြသူ၊ ကုန်စည် ရောင်းဝယ် ဖောက်ကားကြသူများသည် ထိုနေ့တွင် ဘုရားခြေတော်ရင်း လာရောက်ကာ အလှူဒါန ပြုကြသည်။ အချင်းနှစ်ပေခန့် ရှိသော ပေါက်ပေါက်ဆုပ်၊ ဂျုံဖြင့် ပြုလုပ်သော မြင့်မိုရ်တောင်၊ ဟင်္သာရုပ်၊ လိပ်ရုပ်များသည် ထူးခြား၍ စိတ်ဝင်စားဖွယ် ကောင်းသည်။ တောင်သူလုပ်ငန်း၊ အရောင်းအ၀ယ်လုပ်ငန်းများ ကောင်းမွန်ရန် ဆန္ဒပြုကြသည်။ သင်ပုတ်ကြီး တင်ပွဲနေ့တွင် ပလ္လင်ဆေးမိုး ရွာသည်ဟု တောင်သူတို့ အစွဲရှိကြသည်။

တောင်သူလုပ်ငန်း ပြီးဆုံးချိန်၊ ထွန်တုံးပိတ်ချိန်များတွင် ကျင်းပသော ဘုရားပွဲတော်များသည် ပွဲရက် အရှည်ဆုံးနှင့် အစည်ကားဆုံး ပွဲတော်များ ဖြစ်သည်။ ရွှေစည်းခုံ ဘုရားပွဲတော်သည် တန်ဆောင်မုန်းလတွင် ကျင်းပပြီး ပွဲတော်ရက် ရှည်လျားသည်။ အနယ်နယ် အရပ်ရပ်မှ(၁၂)ပွဲ ဈေးသည်များ လာရောက်ကာ ဆိုင်ခန်းပေါင်း တစ်ထောင်ဝန်းကျင် ရှိသည်။ မီးဖိုချောင်သုံး ပစ္စည်းများ၊ တောင်သူလုပ်ငန်းသုံး ပစ္စည်း၊ ကိရိယာများ၊ အ၀တ်အထည်၊ အစားအစာ၊ အသုံးအဆောင် ပစ္စည်းများ မျိုးစုံ လာရောက် ရောင်းချသည်။ ခြင်းပွဲ၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲ စုံလှသည်။ လပြည့်နေ့ ရွှေစည်းခုံဘုရား ရင်ပြင်တွင် ကျင်းပသော သံဃာတော်များ သပိတ်လုံး ဆက်ကပ် လှူဒါန်းပွဲမှာ ပြည်ပ ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံးပွဲပင် ဖြစ်သည်။

''နိုင်ငံခြားသား အရမ်း သဘောကျကြတယ်။ ပွဲစကနေ ပွဲဆုံးသည် အထိ စောင့်ကြည့်ကြတယ်။ ထိုင်းတို့၊ ဗီယက်နမ်တို့လည်း သဘောကျပြီး ကိုယ်တိုင်ကိုယ်ကျ ၀င်လှူဒါန်းလေ့ ရှိတယ်''
အလိုတော်ပြည့် ဘုရားပွဲသည် နတ်တော်လတွင် ကျင်းပသည်။ လပြည့်နေ့ ဆုတောင်းပွဲတွင် အနယ်နယ်အရပ်ရပ်မှ ယုံကြည်ကိုးကွယ်သူများ တကူးတက လာရောက်သည်။

ပြာသိုပွဲခေါ် အာနန္ဒာဘုရား ပွဲတော်ကြီးကို ပုဂံတွင် ရက်အကြာဆုံး ကျင်းပသည်။ လာရောက် ခင်းကျင်းသော အနယ်နယ်အရပ်ရပ်မှ ဆိုင်ခန်းများမှာ ထောင်ချီသည်။ ထွန်တုံးပိတ်ချိန်မို့ တောင်သူများ မိသားစု အလိုက် ရွာကိုစွန့်ခွာ၍ ပွဲတော်အတွင်း လနှင့်ချီ၍ လာရောက် အခြေချကြသည်။ လှည်းတပ်လှည်းဝိုင်းကြီးများဖြင့် အာနန္ဒာဘုရား အနီးဝန်းကျင် စခန်းချ နေထိုင်ကြသည်။ ကျေးလက် မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်၊ စိတ်နေ သဘာဝ၊ ရောင့်ရဲတက်မှု၊ ပေးကမ်းစွန့်ကြဲလှူဒါန်းလိုမှု၊ အပျော်အပါး ခုံမင်မှု တို့ကို တွေ့မြင်နိုင်သည်။

ပြာသိုလပြည့်နေ့တွင်မူ အာနန္ဒာ ဘုရား ရင်ပြင်၌ သပိတ်လုံး လောင်းလှူပွဲ ကျင်းပသည်။ ဆောင်းနံနက်ခင်း၏ အာရုဏ်ဦး နေခြည်အောက်ဝယ် လှူဒါန်းပွဲ အတွက် လှုပ်ရှား ပြင်ဆင်နေကြပုံမှာ ကြည်နူးဖွယ်ကောင်း လှသည်။ ဒေသခံများ၊ တောင်သူများ၊ (၁၂)ပွဲ ဈေးသည်များဖြင့် လှူဒါန်းပွဲသည် စည်ကားလှသည်။

လှူဒါန်းပွဲ ပြီးမြောက်သည်နှင့် ပွဲဈေးခင်း အတွင်း လိုအပ်သည့် အသုံးအဆောင်၊ အ၀တ်အထည်များ၊ တောင်သူလုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ စားစရာများ၊ ကလေးများ အတွက် ကစားစရာများ ၀ယ်ခြမ်းကာ မိမိကျေးရွာ
အသီးသီးသို့ လှည်းတန်းကြီးများဖြင့် စေတီပုထိုးများကြား လာရာလမ်းအတိုင်း ပြန်ကြလေသည်။ ပုဂံပွဲတော်များကား များပြားလှ၏။ တောင်ဇင်း၊ ကွမ်းဖလားနှင့် ပုလင်းရွာ ဘုရားပွဲများကဲ့သို့ အစဉ်အလာကြီးသော
ရွာဘုရားပွဲများလည်း ရှိသေးသည်။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်းရှိ စေတီ၊ ပုထိုး၊ ဂူဘုရားများ၏ သမိုင်းပုံရိပ်များသည် ကြီးမားလှ၏။ ထို့အတူ စေတီ၊ ပုထိုး၊ ဂူဘုရားများအား ရည်စူး၍ ကျင်းပကြသော ဗုဒ္ဓပူဇနိယ ပွဲတော်များသည်လည်း သမိုင်း အစဉ်အလာ ကြီးမားလှ၏။ ပုဂံ၌ ဘုရားပွဲတော် ကျင်းပချိန်များသည် ဤဒေသ ဖွံ့ဖြိုးရေး အတွက် အဓိက ရေသောက်မြစ်သဖွယ် ဖြစ်သော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ရာသီချိန်လည်း ဖြစ်သည်။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စေတီ၊ ပုထိုး၊ ဂူဘုရားများအား ပြတိုက်ကြီးသဖွယ် ကမ္ဘာလှည့်ခရီးသွားများ လေ့လာနိုင်သကဲ့သို့ အစဉ်အလာ ကြီးမားသော ဘုရားပွဲတော်များတွင်လည်း မြန်မာတို့၏ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှု ဓလေ့စရိုက် သဘာဝ၊ ဂီတအနုပညာ၊ ရိုးရာကစားနည်းများ၊ အစားအသောက်များ၊ ၀တ်စားဆင်ယင်ပုံများကို တစ်ပါတည်း လေ့လာနိုင်သည်။

သို့ဖြစ်ရာ ပုဂံဘုရားပွဲတော်များကို အစဉ်အလာမပျက် ကျင်းပနိုင်ရေးနှင့် ယခုထက်ပို၍ စနစ်ကျသော၊ ရိုးရာ ဓလေ့စရိုက် ယဉ်ကျေးမှုကို ပီပြင်အောင် ဖော်ဆောင်နိုင်သော ပွဲတော်များ ဖြစ်လာစေရန် သက်ဆိုင်ရာ ခရီးသွား
လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ၊ ဒေသခံများ ပူးပေါင်း ဆောင်ရွက်ကြမည် ဆိုလျှင်ဖြင့် ဒေသ အတွက်၊ နိုင်ငံ အတွက် အကျိုးများစွာ ရရှိလိမ့်မည်ဟု မျှော်လင့်မိပါသည်။ ကိုနော် (ပုဂံ)

Saturday, June 25, 2011

ရွာအတိုင်းနေသည့်ရွာ၊ ကဗျာအတိုင်းနေသည့်ရွာ

ယနေ့ခေတ်ကြီးထဲတွင် ဂလိုဘယ်လိုက်ဇေးရှင်း ဘယ်လောက်ပင် ကူးစပ်ကူးစပ်၊ တက္ကနိုလိုဂျီ ဘယ်လောက်ပဲ ဆန်းသစ်ဆန်းသစ်၊ သတင်းအချက်အလက် ဘယ်လိုပင်မြန်မြန် ဘိုမဆန်သည့် ရွာကလေး တစ်ရွာကား ရှိနေပါသေး၏။

ကန်မြဲဟူသည့် ရွာကလေး။
ကန်မြဲရွာကလေးတွင် နံနက် မိုးလင်းသည်နှင့် နံနက်စာ အဖြစ် ထမင်းဆီဆမ်းနှင့် ငါးပိဖုတ် စားသော ရွာသူရွာသားများ ရှိနေပါသေး၏။ အများသူငါ မြို့ကြီးသားတို့ နံနက်စာ အဖြစ် ရှမ်းခေါက်ဆွဲ၊ မြီးရှည် စားနေချိန်မှာ ယင်းရွာမှ တောင်သူဦးကြီးများက ရိုးရာအစစ် ထမင်းနှင့်ငါးပိနှစ် စားသုံးနေကြသည်မှာ လွမ်းဘွယ့် ချစ်စရာဓလေ့ပင်။ ကန်မြဲဟု ဆိုလိုက်လျှင် ရောင်ဖူးသူတိုင်း၏ အာရုံတွင် ထင်ဟပ် မြင်ယောင်စေမည့် ပုံရိပ်လေး သုံးခု အထင်အရှား ရှိပါ၏။ ရွာအ၀င် ညောင်ပင်အောက်က ရေချမ်းစင်၊ ရွာထိပ်က စာသင်ကျောင်း၊ ဖုံတစ်ထောင်းထောင်းနဲ့ ရွာအ၀င်လမ်း။ သို့ကလို မရောက်ဖူးသူများ အတွက် မိမိ မွေးရပ်မြေ မိတ်ဆက်ဟု ဆိုရမလား။ ကျေးလက် စာသ၀ဏ် ကဗျာတစ်ပုဒ်ကို ကန်မြဲက စာဆိုရှင် ဦးတင်မိုးက သူ၏ 'မွေးရပ်မြေ၏အလှသစ်' ကဗျာတွင် ဖော်ထုတ်ထားသည်။

ခါတစ်ခေါက်
ရွာရောက်ရပြန်ချေပြီ။
ဆောင်းမြေပဲ ပဲစဉ်းငုံ
ဆီးချုံ တန်ဆောင်းပြာသာဒ်
တောစပ်ကဆိတ်အုပ်
တစ်လှုပ်လှုပ် သိုးတွေကျောင်း
သဲချောင်းနဲ့ ချောက်မြောင်များ
တို့ဘိုးဘွား လက်ထက်ကအတိုင်း
တစ်စိတ်တစ်ပိုင်းမျှ မပြောင်းလဲ
တွေ့ မြဲတိုင်း တွေ့ရသည်။

ကန်မြဲရွာ လူငယ် မျိုးဆက်သစ်များ ဆက်လက် ရွတ်ဆိုနေရဦးမယ့် ကဗျာစာပိုဒ်လေးပင်။ ၁၉၉၅ ခုနှစ်က ရေးခဲ့သည့် ကဗျာသည် ၁၅ နှစ် ကျော်လာသည် အထိ မှန်နေဆဲ။ ကန်မြဲ ဆိုသည့် ရွာကလေးတွင် ဆိတ်အုပ်၊ သိုးအုပ်တွေ ရှိနေပါသေး၏။ ဆောင်းမြေပဲနှင့် ပဲစဉ်းငုံလည်း စိုက်နေရပါသေး၏။ ဆီးချုံ(ဆူးရစ်ချုံပင်)၊ တန်ဆောင်းပြာသာဒ်ပင်တွေလည်း ဟိုတစ်စု၊ သည်တစ်စု ကျန်ရှိလျက်ပင်။ ကန်မြဲ ဆိုသည့် ရွာလေးက ဆည်ရေသောက်တွေ၊ မြစ်ရေတင် စီမံကိန်းတွေမှ ကင်းလွတ်နေသော ရွာလေးတစ်ရွာ ဖြစ်ပါ၏။

မိုးမျှော်ရသောရွာ၊ မိုးခေါ်ရသောရွာ ဆိုလျှင်လည်း မှန်ပါသေး၏။ ကံကြမ္မာက ခွင့်ပြုသလောက် သုံးလပေါ်၊ လေးလပေါ် သီးနှံများသာ စိုက်ခွင့်ရရှာသည်။ ဆည်ရေ၊ သွယ်ရေ မရှိသဖြင့် ရက်တိုသီးနှံများ၊ ငွေဖြစ်လွယ်သည့် မီးဖိုချောင် သီးနှံများ မျိုးစေ့ချခွင့် မရရှာကြ။

လောက၏ ဒဏ်ခတ်ခြင်းကို ခံရသည် ဖြစ်လေတော့ တောင်သူကြီးများမှာ ဘယ်လောက်ပင် ဈေးကွက်ကို နားလည်နေပါစေ၊ ရာသီဥတု ခန့်မှန်းချက် ဘယ်လိုပင် ကျွမ်းကျင်နေပါစေ ဒီသီးနှံပဲ စိုက်ရတော့တာပါပဲ။ အသီးအနှံတွေ ပြောင်းလဲစိုက်ဖို့၊ ဈေးကွက်ဝင် အသီးအနှံတွေ စိုက်ပျိုးနိုင်ဖို့ ဆိုသည်က သုံးရာသီ ရေရှိမှ ဖြစ်မှာကိုး။

သဘာ၀၀န်းကျင်တွေ ပြောင်းလဲပါစေ၊ ရာသီဥတုတွေ ဖောက်ပြန်ပါစေ နာရီလက်တံ တစ်ခုလို လုပ်နေကျ အလုပ်တစ်ခုကို အချိန်တန်လျှင် လုပ်နေကြသည့် ရွာဓလေ့ စာပန်းချီကိုလည်း စာဆိုက ရေးဆွဲခြယ်မှုန်း ခဲ့ပါသေးသည်။

ဆယ်စုတွေ ရာစုတွေ
ဘာမှုမလဲ ငါတို့ရွာ
ခေတ်အင်္ဂါဂုဏ်မမြောက်
မိုးသောက်ချိန် ယာထွန်သွား
ယာနားချိန် အဖန်သောက်
ညရောက်ချိန် မီးခွက်ထွန်း
ရွာမြေမှာ ဒါတွေကိုလွမ်းနေကျ
ရွှမ်းမြမြရွာပန်းချီ
မြန်မာပြည်ရဲ့ တကယ့်ပုံကား။

အဟုတ်ပင် ဆယ်စုနှစ်တွေ၊ ရာစုနှစ်တွေ ကြာခဲ့ပါပြီ။ ရွာကလေးကလည်း ကြံ့ကြံ့ခံခဲ့သည်ချည်း။ ဒူးမထောက်ခဲ့။ လက်မမြှောက်ခဲ့။ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အများစု လက်မှုလယ်ယာမှသည် စက်မှု လယ် ယာဆီသို့ အင်တိုက်အားတိုက် ပြောင်းလဲနေချိန် ကန်မြဲက တောင်သူကြီးများက နံနက် မိုးသောက်တာနဲ့ ထွန်တုံးကို ခြေတော်တင်၍ ယာထွန်သွားနေတုန်း။ စက်မှုလယ်သမားတို့ တစ်ထောက်နားချိန် အမောပြေ ကိုကာကိုလာ သောက်ချင်သောက်မည်။ အဆာပြေ ချောကလက် စားချင်စားမည်။ ကန်မြဲက တောင်သူကြီးတွေ၏ အဖန်ရေ တစ်ခွက်လောက် အမောခံနိုင်မည် တဲ့လား၊ အဆာပြေမည် တဲ့လားဟု မေးလိုက်ချင်သည်။ လျှပ်စစ်မီး မရသဖြင့် ရွာလေး၏ ညဦးပိုင်း ကာလတွေက မှိတ်တုပ် မှိတ်တုပ် ကြယ်တွေနှင့် အထင်မှားစရာ မရှိ။ မီးခွက်မီးဖြင့် အိပ်ယာ ၀င်ခဲ့ကြသည်မှာ နှစ်ပေါင်းမနည်းတော့။
ကျောင်းဖွင့်ရာသီဝက် ကျော်သွားပြန်တော့ ရွာလမ်းတစ်လျှောက် ထနောင်းပင်မှ ရွက်နုလေးတွေ ခေါင်းပြူစပြုလေပြီ။ ကျောင်းဖွင့်စက လုံချည်လေးတွေ၊ ပုဆိုးလေးတွေမ, မပြီး သွားရသည့် ချောင်းငယ် လေးတွေက ပဲလှော်ဖိုက ဆားလို ဖြစ်သွားပြန်သည်။ သည်တော့လည်း ကလေးတို့မှာ ဆင်ကြယ်၊ လိပ်ကြယ် စသည့် ရာသီပေါ် ဖိနပ်ထူထူလေးစီးပြီး မြန်မြန်လျှောက်ကာ ကျောင်းတက်ရပြန်သည် . . .

လောကသဘောအရ မည်သည့် အရာမျှ တည်မြဲသည် မရှိ၊ အချိန်တန် ပြောင်းလဲရသည်ချည်း။ သို့ကလို ပြောင်းလဲမှု ဖြစ်စဉ်တွင် ခံနိုင်ရည် မရှိဘဲ အများနည်းတူ လိုက်ပါပြောင်းလဲရသည့် အထဲတွင် ကန်မြဲရွာ တောင်သူများလည်း ပါဝင်ပေသည်။ မနှစ်တုန်းဆီက မြန်မာပြည် နေရာ တော်တော်များများတွင် မိုးအရွာ နောက်ကျခဲ့သည်။ သဘာဝမိုးရေကို မှီခိုနေရသော ကျေးလက်တောင်သူတို့ ပျိုးတောင်းပိုက်ပြီး ခေါင်းငိုက်စိုက် ကျခဲ့သည်။ ကန်မြဲက တောင်သူတွေက လည်း ပါသည်ပေါ့။ ရွာပြန်ပြီဆိုတော့ သဲကြီးမဲကြီး။ နောက်ပိုင်း မိုးတွေစွေလို့ အနှံအောင်ခါစ ပြောင်းပင်တို့ မြေတွင် ပြားပြားဝပ်ကုန်သည်။ အစေ့အဆံတွေ လွင့်စင်ကုန်သည်။ ဆီးသီးတွေ ကြွေကုန်သည်။ ကျွဲ၊ နွား၊ တိရစ္ဆာန်များ ရောဂါဝင်ပြီး လုပ်ငန်းခွင် မ၀င်နိုင်တော့။ ဆန်ကောနှင့်စု၊ ဆန်ကာနှင့်စုပြီး ရသည့် သီးနှံလေး မြို့ကို တက်ရောင်းချပါသော်လည်း ဈေးကွက်က နောက်ကျ။ ဈေးကောင်း မရ။ စိုက်စရိတ်ပျိုးစရိတ် ကျေယုံသာ။

တောင်သူကြီးများ အဖို့တော့ ယာတောကအပြန် ရွာအ၀င် စာသင်ကျောင်းက မိမိတို့ သားသမီးလေးတွေ စာနေကြရင် မောသမျှ ပြေကြရသည်ပါပဲ။ နောက်နှစ် အတွက် ခတ်ကွင်းပြင်ဖို့ အားရှိသွားကြသည်ပါပဲ။ ဘုန်းတော်ကြီးကျောင်းက ကိုရင်လေးတွေ အိမ်ပေါက်စေ့ ဆွမ်းခံကြွရင် မရှိလို့ မလှူရတဲ့ဘ၀က ကျွတ်ပြီ ဆိုပြီး ၀မ်းမြောက်ကြရသူတွေပါ။ ရာသီဥတုတွေ ဖောက်ပြန်ပါစေ၊ နည်းပညာကွန်ယက် အရွေ့မှာ မပါဝင်နိုင်လည်း နေနိုင်ပါစေ၊ လမ်းပန်း ဆက်သွယ်ရေး နှောင့်နှေးချင်လည်း နှောင့်နှေးပါစေ ဂန္ထ၀င် နှလုံးသား ပိုင်ရှင်တွေ မွေးထုတ်ပေးဖူးသော ရွာငယ်လေးမှာ မည်သူ့ကိုမျှ အပြစ်တင်ချင်ပုံ မရ။ ရာသီဥတု ပူပြင်းပေမယ့် ကဗျာနှင့်နီးစပ်သူ ရွာသားရွာသူတွေမို့ ပြင်ပ ဗဟိန္ဒအပူကို ရင်ထဲသို့ အရောက်မခံ။ တွန်းလှန်နိုင်စွမ်းတွေ အပြည့်ရှိကြသည်။ အပူကို အအေးနှင့် ဖျန်းပက်နိုင်စွမ်း ရှိသူတွေပင်။

အရပ်လေးမျက်နှာတွင် သဘာဝ ချောင်းငယ်လေး ၀န်းရံနေသည့် ရွာကလေး။
မိုးရာသီရောက်ရင်ဖြင့် ချောင်းရေ ခြေကျင်းဝတ်လောက်ကို ပုဆိုးတွေ၊ လုံချည်လေးတွေမ, မပြီး ကျောင်းသွားနေကြသည့် ကျောင်းသား၊ ကျောင်းသူလေးတွေ၏ မြင်ကွင်းက ကြည်နူးစရာ။ ကျေးငှက်တို့၏ အီအီအာအာ အော်သံ၊ ကျောင်းသားကျောင်းသူလေး တို့၏ ပလီပလာကြော်သံ တို့က ကျောင်းဖွင့်စ ရွာ၏ သန္တရသ ပုံရိပ်လေး တစ်ခု။

မကြာပါချေ သုံးလေးလခန့် ကြာပြန်တော့ စိုလိုက်၊ ခြောက်လိုက် ဖြစ်နေသော သဲဖြူလွှလွှတို့ ခြောက်စပြုလာပြီ။ ကျောင်းသားကျောင်းသူတို့ ထမင်းဘူးထဲတွင် တောင်ကန်စွန်းဟင်းချို၊ မန်ကျည်းရွက်ထောင်း၊ မှိုဖြူ၊ ဆန်ကွဲမှို၊ မှိုနီးပါး၊ မှိုအုန်းနက် စသည့် ဆောင်းအ၀င် ရာသီ အစားအစာများ ကိုယ်စီကိုယ်စီနှင့်။ ကျောင်းသူလေးတွေ၏ မျက်နှာပေါ်တွင် အသားပတ်သဖြင့် ရဲနေသော ပါးပြင်ကို ကရမက် နံ့သာရည်ဖြင့် ထူထူလေး အုံထားပုံက တကယ့် ကျေးလက်မှ ကျေးလက်သူ အစစ်။

ကျောင်းဖွင့် ရာသီဝက် ကျော်သွားပြန်တော့ ရွာလမ်းတစ်လျှောက် ထနောင်းပင်မှ ရွက်နုလေးတွေ ခေါင်းပြူစ ပြုလေပြီ။ ကျောင်းဖွင့်စက လုံချည်လေးတွေ၊ ပုဆိုးလေးတွေမ, မ ပြီး သွားရသည့် ချောင်းငယ်လေးတွေက ပဲလှော်ဖိုက ဆားလို ဖြစ်သွားပြန်သည်။

သည်တော့လည်း ကလေးတို့မှာ ဆင်ကြယ်၊ လိပ်ကြယ် စသည့် ရာသီပေါ် ဖိနပ်ထူထူလေး စီးပြီး မြန်မြန်လျှောက်ကာ ကျောင်းတက်ရပြန်သည်။ အပေါ်အင်္ကျီချွတ် ယောင်ပေစူး လုပ်ကာ အော်ဟစ်ပြီး ကျောင်းဆင်း လာကြသည့် မြင်ကွင်းက ချစ်စရာ။ မျက်နှာပေါ်တွင် ဖုံနှင့်သဲတို့ အလိပ်လိပ်။ ခြေဖ၀ါး၊ ခြေသလုံးတို့တွင် ဆူးခြစ်ရာ၊ ရှရာတို့ဖြင့် သွေးလေး မစို့တစို့။

ကျွေးတာလေးနဲ့ ၀အောင်စား၊ ရှိတာလေးနဲ့ လှအောင်ဝတ်ပြီး အေးချမ်းစွာ နေတတ်ခြင်းက ရွာလေး၏ ဂုဏ်ပုဒ်တစ်ခုဟု ဆိုရမည်။ ရောက်ရာအရပ်တွင် အလှတရားကို ရှာဖွေပြီး နေတတ်သူတွေဟု ဆိုချင်သည်။ လောကတွင် အခွင့်အရေး နှစ်မျိုး ရှိသည်ဟု ထင်မိ၏။

ကိုယ်က သွားယူရသော အခွင့်အရေးနှင့် ကိုယ့်ဆီလာသော အခွင့်အရေး။ သည်အခွင့်အရေး နှစ်ရပ်တွင် ကိုယ်ကသွားယူရမည့် အခွင့်အရေးမှာတော့ အတန်အသင့် ရခဲ့ပြီဟု ဆိုရမည်။ ဆယ်တန်း အောင်ချက်ကောင်းသဖြင့် ဇဂျမ်းဆိုသည့် ဖွားဖက်ရွာတွင် (အ.ထ.က) ကျောင်းနှင့် စာဖြေဌာန ပိုင်ဆိုင်ခဲ့ပြီ။ ကိုယ့်ဆီလာမည့် အခွင့်အရေးကိုတော့ မျှော်နေဆဲပင် ဖြစ်၏။ သို့မျှော်ရသည့်အထဲတွင် မိုးမျှော်ရသည့် အချက်လည်း ပါသည်။ မျှော်ရဖန် များလွန်း၍ ရာသီရုပ်တွေ အလွတ်ရလာ ကြသည်။ သို့သော်လည်း မလွဲနိုင်ဟု ထင်ထားခဲ့သော

ယင်းရာသီရုပ်များပင်လျင် အကြောင်းမသင့်ပါက ဖောက်လွဲဖောက်ပြန် ဖြစ်ကြရပြန်သည်။ ထိုသို့ ဖောက်ပြန်တိုင်းလည်း ကျေးလက်နေ မြန်မာတောင်သူများ အခက်အခဲ ကြုံရသည်ချည်း။ ထို့ကြောင့် မိုးရွာမှ လန်းဆန်းကြရမည့် ကိုယ့်ရွာလေးကို အလားတူ မိုးရွာမှ လိုရာခရီးကို ဆက်နိုင်မည့် စမ်းချောင်းလေးနဲ့ ပမာဆင်၊ ဥပမာ လင်္ကာအသွင် ခိုင်းနှိုင်းပြီး ရွာခံ ကဗျာဆရာကြီးက ခုလို ရေးဖွဲ့ခဲ့ပါသေးသည်။

မိုးရွာလျင်
စမ်းကလေး စီးမှာပင်။
မိုးစဲလျှင်
စမ်းကလေး အားနည်းမှာပင်။
မိုးကုန်လျှင်
စမ်းကလေး၏ အဟုန်ရပ်ပြီး
အနာဂတ်မိုးရာသီကို
မျှော်ဦးမည်ပင်။
မိုးရှိလျှင်
စမ်းရှိမှာ သေချာသည်ပင်။

စမ်းနှင့်တူသော ကန်မြဲရွာလေးအား ထာဝစဉ် ရှင်သန်စေခြင်း အလို့ငှာ မိုးရေတို့ အဆက်မပြတ် ရွာသွန်းနိုင်ကြပါစေ။
Written by အောင်ပိုက်