Wednesday, May 26, 2010

http://www.news-eleven.com/index.php?option=com_content&view=article&id=3055:2010-05-16-16-06-53&catid=78:2009-11-13-06-25-17&Itemid=135


မောင်စံပေါရဲ့ ထုံးစံအတိုင်းပဲ ငြိမ်ငြိမ်မနေနိုင်၊ မနေတတ်တော့။ ဟိုဖတ်၊ ဒီဖတ်၊ ဟိုတွေး၊ ဒီတွေး၊ ဟိုရေး၊ ဒီရေးပေါ့။ ဟိုရောက် ဒီရောက် မရောက်တဲ့အချိန်တွေမှာ။

အခုလည်း (ဆရာ)နတ်မှူးရဲ့ ၀တ္ထုတိုစုဖတ်နေရာကနေ 'ကောင်းကင်မရှိတဲ့ကြယ်' ဆိုတဲ့ ၀တ္ထုတိုက ခေါင်းထဲရောက်လာတယ်။ ဒေါက်တာပီရက်စ်က သေကောင်ပေါင်းလဲဖြစ်နေတဲ့ လူငယ်ကလေးတစ်ယောက်ရဲ့အသက်ကို ကုသကယ်တင်ခဲ့တယ်။ အဲဒီလူငယ်ကလေးဟာ ဂျာမနီအာဏာရှင်ဟစ်တလာဖြစ်ခဲ့ပြီး သူ့ပယောဂနဲ့ ဒေါက်တာပီရက်စ် အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တယ်။

'လူတစ်ယောက်သေဆုံးသွားတာ ၀မ်းနည်းစရာဆိုတာသေချာပေမယ့် လူတစ်ယောက်အသက်ရှင်လာတာ ၀မ်းသာစရာသေချာရဲ့လား' ဆို တဲ့မေးခွန်းကလေးက စာအုပ်ကျောဖုံးမှာ။

အဲဒီကနေဆင့်ပွားပြီး များလာတဲ့အတွေးထဲမှာ တစ်ခုပေါ်တာက ကူညီတဲ့ကိစ္စ။ ကြုံလှီချည့်နဲ့၊ အားမဲ့နေတဲ့အပင်ကလေးကို ရေလောင်းပေါင်းသင်၊ မြေသြဇာကျွေး ပျိုးထောင်လိုက်တာ ကြီးလာမှဘာမှသုံးမရတဲ့ ဒုက္ခပင်ဖြစ်နေတာမျိုး ရှိချင်ရှိမှာပါ။

မောင်စံပေါတို့လူမျိုးက လူတစ်ဖက်သားကို လွှတ်ကူညီချင်တတ်ကြတာ။ ကျိကျိတက်ချမ်းသာသူ မဟုတ်ကြပေမယ့် ကိုယ်စားမဲ့အထဲက ဟင်းခွဲပေးတာမျိုး၊ ဆန်ကလေး၊ ဆီကလေးမျှဝေပေးတာမျိုးဟာ အများစုကြားမှာ မဆန်းတော့တဲ ကိစ္စတွေပါ။

ကူညီတယ်ဆိုတာ ကောင်းပါတယ်။ ဒုက္ခရောက်နေတဲ့ လိုအပ်နေတဲ့သူကို တတ်နိုင်သမျှစောင့်ရှောက် ကူညီတတ်ကြတာ။ မောင်စံပေါတို့ ဆွေမျိုးညီနောင်တွေရဲ့ ချစ်စရာဓလေ့ပါ။ မောင်စံပေါကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကလည်း စေတနာ၊သဒ္ဓါ တရားတွေ ထုံလွှမ်းရာဖြစ်ခဲ့လေတော့ ကြုံခဲ့ရတာတွေက မနည်းမနောရယ်။

ဘကြီးဦးသာဗျောနဲ့ကြီးတော် ဒေါ်လှတို့ ဇနီးမောင်နှံရှိကြတယ်။ သားထောက်သမီးခံကလည်း မရှိကြတော့ ပိုပိုလျှံလျှံ ချောင်ချောင်လည်လည်ရှိကြပါတယ်။

သူတို့အိမ်နံဘေးမှာ ငမူးငပိန်တို့မိသားစု တဲကလေးနဲ့နေကြပါ တယ်။ (အမှန်က မောင်စံပေါအရွယ် နဲ့ ဦးပိန်ခေါ်ရမှာပ။ လူကြီးတွေ သံယောင်လိုက်ပြီး ငပိန်ကို နာမ၀ိသေသနတပ်ပြီး သုံးလိုက်တာပါ) ငပိန်ကလည်း နာမည်ကသာငပိန်၊ ဘ၀င်က ၀တိံမှာ။ မူးပုံကတော့ ပြောမနေနဲ့။သူ့မိန်းမက မစိန်၊ ဒါပေမဲ့ စိန်ဆိုတာဝေးစွ ပုလင်းကွဲကောင်းကောင်းလှလှတောင် မရှိတဲ့ဘ၀။

ငပိန်က မူးတယ်၊ ရူးတယ်။ သူကုန်ထမ်းလို့ရတာ သူသောက်တာနဲ့တောင် မလောက်ချင်ဘူး။ ဒါတောင်မှ သူကပြောသေးတာ ''မိသားစုကို ငဲ့နေရလို့ပေါ့ကွာ။ တစ်ကိုယ်ရေတစ်ကာယသာဆို ဂျော်နီလမ်းလျှောက်အောက် ဘယ်ရောက်လိမ့်မလဲ'' တဲ့။ အတန်းပညာနည်းခဲ့တဲ့ အပေါ်မှာ အငုံ့စိတ်ကလေးကလည်း ရှိလေတော့ အရည်ကလေးဝင်သွားပြီးနည်းနည်း မြှောက်ပေးရင် ကဘောက်တိကဘောက်ချာ အေဘီစီဒီတွေ ထွက်လာပါရော။

တစ်ခါသားမှာပေါ့ ဘုရားလူကြီးဦးဘဖေ သူတို့ဝိုင်းနားကအဖြတ်မှာ တခြားဝိုင်းတော်သားများကငပိန်ရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကို မှတ်ကျောက်တင်ဖို့မေးလိုက်တယ်။ 'ကျွဲ' ကို ဘိုလိုဘယ်လိုခေါ်သလဲပေါ့။ ဒါလေးများဆိုတဲ့ပုံနဲ့ ငပိန်ရင်ကော့ပြီး ဖြေလိုက်တာ 'ဘတ်ဖဲလိုး' မဟုတ်ဘဲ 'ဘဖေ --' 'ကျွဲ' ဖြစ်သွားပါရော။ အဲဒီမှာတင် မလုံတဲ့အိုးတုတ်မိုးရုံနဲ့ ကွဲသွားတဲ့ဘုရားလူကြီးက နရင်းဝင်အုပ်ထည့်လိုက်တာ နံဘေးက အဆွဲကောင်းလို့သာဆိုပဲ။ ဘကြီးသာဗျောတို့များ သတိရတိုင်းပြောပြောပြီး ရယ်လို့ မဆုံးဘူး။

မစိန်မှာတော့ ငပိန့်လုပ်စာမျှော်ကိုးနေလို့က ငတ်သေတာကြာပေါ့ဆိုပြီး ရပ်ကွက်ထဲမှာ အိမ်တကာလှည့်ပြီးအ၀တ်လျော်အစ၊ အိုးတိုက်၊ ပန်းကန်ဆေးအဆုံး လုပ်ရရှာတယ်။ ဒါတောင်မှ သူတို့မိသားစုမှာ သိပ်နပ်မှန်ချင်တာမဟုတ်ဘူး။ 'မအေလင် ဆိုးမယား၊ တဖားဖား' ဖြစ်သလို ကလေးတွေမှာလည်း 'ဖဆိုးသမီး တညည်းညည်း' ဖြစ်နေရတာပါပဲ

သူတို့မိသားစုကို ဘကြီးသာဗျောက ဟိုဟာပေး၊ ဒီဟာပေးနဲ့ တတ်နိုင်သမျှကူညီစောင့်ရှောက်တာကို ကြီးတော်ကတယ်မကြည်လှဘူး။ အဲဒီတော့ဘကြီးသာဗျောက ပြောပါတယ်။
'လူတစ်ယောက်သေဆုံးသွားတာ ၀မ်းနည်းစရာဆိုတာ သေချာပေမယ့် လူတစ်ယောက်အသက်ရှင်လာတာ ၀မ်းသာစရာ သေချာရဲ့လား'ဆိုတဲ့ မေးခွန်းကလေးက . . .

"မယ်လှရယ် ဖအေအသုံးမကျလို့ ကျန်တဲ့မိသားစုကို ဘာအကူအညီမှမပေးဘူးဆိုပြီး ပစ်ထားရင် ခမျာများ ဒီ့ထက်ပိုဒုက္ခရောက်ပေမပေါ့ကွယ်။ တတ်နိုင်သမျှ နွေးနွေးထွေးထွေးစောင့်ရှောက်မှုမရှိဘဲ 'ကြဉ်' ထားရင် ကလေးတွေစိတ်အချဉ်ပေါက်ပြီး လမ်းလွှဲရောက်မှ ပိုဆိုးမှာကွယ့်။ အဆိပ်ပင်ရေလောင်းမဟုတ်ပါဘူးကွာ" တဲ့။

"ကိုစံပေါရေ ကျုပ်ကတော့ တကယ့်ကို အဆိပ်ပင်ရေလောင်းခဲ့တာဗျို့။ ခြေနှစ်ချောင်းနဲ့ နားရွက်တိုကို မကယ်ကောင်းဘူးဆိုဗျာ" မကြာခင်တင်ကပဲ သူငယ်ချင်းတစ်ယောက်ကလာပြီး ရင်ဖွင့်သွားပါတယ်။ သူက စိတ်ကောင်းတော်တော်ရှိတဲ့သူပါ။ ဘာသာရေးအလှူတွေ အထိုက်အလျောက်ပြုပါတယ်။ လူမသိ၊ သူမသိလှူတယ်ပြောပြော၊ လူသိတယ်ဆိုဆို သူပိုပြီးအာရုံညွတ်စွာနဲ့ ကြည်ကြည်နူးနူးလုပ်လေ့ရှိတာက ဘ၀တိုးတက်ရေး၊ ပညာရေးနဲ့ပတ်သက်ပြီး တကယ့်ကိုအခက်အခဲ ကြုံတွေ့နေရတဲ့ လူငယ်လေးတွေကို ကူညီပံ့ပိုးပေးတာပါ။

ရိုးသားမှု၊ ကြိုးစားမှုနဲ့ ဂုဏ်သိက္ခာကို ဦးထိပ်ပန်ဆင်ပြီး အပြင်ဝင်ငွေကောင်းတဲ့ဌာနတစ်ခုရဲ့ အရာရှိဘ၀ကို ဆင်းဆင်းရဲရဲနဲ့ ဖြတ်ကျော်ခဲ့ပြီး နာမည်ကောင်းတစ်ခုကို ထူထောင်ခဲ့တဲ့အဖေနဲ့ စေတနာကောင်းလှစွာနဲ့ တပည့်တပန်းတွေရှိတာ ရောင်းချပေးကမ်းပြီး ယောက်ျားကို ပါရမီဖြည့်ခဲ့တဲ့အမေက မွေးခဲ့တာ။

ဂုဏ်ထူးဆိုတာရှားပါးနေသေးတဲ့ ခုနစ်ဆယ် (၇၀) စုနှစ်ထဲမှာ ကျူရှင်မယူဘဲ နယ်မြို့ကနေ ငါးဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့၊ လူရည်ချွန်ဆုများစွာ ရယူခဲ့ပေမယ့် သူ့ပညာရေးနဲ့ပတ်သက်ရင် အားမရသေးဘူး။ အဲဒီသူငယ်ချင်းက ဖြစ်ကြောင်း ကုန် စင်ကို နတ်သံနှောပြီး ရင်ဖွင့်ခဲ့ပါတယ်။

အဲဒီကောင်ကလေးပေါ့ဗျာ။ မျိုးချစ်စိတ်ရှိတဲ့ကောင်လေး။ ဆရာဇော်ဂျီရဲ့ 'သင်သေသွားသော်' ကဗျာ ကို ခဏခဏရွတ်တဲ့ကောင်ကလေး။ ကံကြမ္မာအလှည့်အပြောင်းမှာ မြန်မာတွေဇာတာစောင်းခဲ့ရတာကို ပြန်တည့်ချင်တဲ့ ကောင်ကလေး။ အဲဒီလို ကောင်ကလေးဗျာ။

တိုတိုပြောရစို့ရဲ့။ ဒီကောင်လေး ကျောင်းပြီးတယ်။ ဘွဲ့ရတယ်။ အစိုးရဌာနတစ်ခုမှာ အရာရှိငယ်ဖြစ်တယ်။ အလုပ်ထွက်တယ်။ ဘွဲ့လွန် မဟာဘွဲ့တတ်တယ်။ မဟာဘွဲ့ကျမ်းပြုစုမှာ ငွေကြေးပြဿနာတက်ပါရော။ သူ့ကိုငွေကြေးထောက်ပံ့နေတဲ့ ဆီက ဖြတ်လိုက်တော့ မဟာအခက် ကြုံရတာပေါ့ဗျာ။

အဲဒီမှာ မမျှော်လင့်ဘဲ ကျုပ်နဲ့တွေ့တယ်။ ကျုပ်နဲ့ကလည်း သိဟောင်းကျွမ်းဟောင်းတွေဖြစ်၊ ညီအစ်ကိုလိုဖြစ်နေတာ့ကာ သူအလုပ်ရှာခိုင်းတာကို ကျုပ်ငြင်းလိုက်တယ်။ အလုပ်လုပ်၊ ပိုက်စံစုပြီးမှ ကျမ်းပြန်ပြုရင် အချိန်တွေအလဟဿကုန်သွားမှာ၊ ခါးပြတ်သွားမယ်။ ဒါနဲ့လိုတဲ့ ပိုက်ဆံထုတ်ပေးခဲ့တယ်။ ကျေးဇူးလည်းမထားနဲ့။ အကြွေးလည်းမမှတ်နဲ့။ မင်းအဆင်ပြေချိန်မှာ ငါတို့လူမျိုးတိုးတက်ဖို့ မမေ့ရင်၊ လိုအပ်နေတဲ့သူတွေကို (အထူးသဖြင့်ပညာရေးနဲ့ပတ်သက်ပြီး) ကူညီရင်ကျေနပ်ပြီ ဆိုပြီး ပြောခဲ့တာ။

မဟာဘွဲ့ရသွားတယ်။အလုပ်ကောင်းကောင်းရတယ်။ ပါရဂူဘွဲ့ ဆက်တက်တယ်။ ရတယ်။ ပိုကောင်းတဲ့အလုပ်ရတယ်။ တည်ငြိမ်အောင်မြင်တဲ့ဘ၀တစ်ခုကို ရောက်သွားပြီဆိုရစို့ရဲ့။

အနောက်နိုင်ငံကြီးတစ်ခုမှာ အလုပ်လုပ်နေထိုင်ရင်းကနေ အဲဒီ နိုင်ငံသားခံယူလိုက်တယ်။ မြန်မာပြည်ကို အလည်ပြန်လာရင်တောင်မှ မြန်မာသံရုံးမှာ ဗီဇာယူပြီး ပြန်လာရတာ။

ရေမြေလိုက်ပြီး ပြောင်းလဲတတ်တယ်ဆိုရင်တောင် ဒီကောင်ပြောင်းသွားတာတွေက မယုံစရာပဲ။ လုံချည်နဲ့လည်ကတုံးအင်္ကျီကို မြတ်မြတ်နိုးနိုးဝတ်တတ်တဲ့ကောင်လေး၊ အခုတော့ ဘာမှန်းမသိတဲ့ ဘောင်းဘီပွပွ မရှည်မတိုနဲ့ တီရှပ်ကိုဝတ်လို့ ကျုပ် တို့ငယ်ငယ်တုန်းက ပြောပြောနေတဲ့ သူတောင်းစားဦးထုပ်ကိုဆောင်းလို့။

ကျုပ်တို့ဗျာ ပန်ကာတောင် မမြင်ဖူးတဲ့အရပ်မှာ လူဖြစ်လာတာပါ။ အခုတော့ သူကပူတော်မူသတဲ့။ ဖုန်ထူသတဲ့။ အစားအသောက်တွေက ကျန်းမာရေးနဲ့မညီညွတ်ဖူးတဲ့။ ဌာနက ဘာဖြစ်နေတာလဲတဲ့။ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ နောင်တော်တွေကို လည်းအပြစ်တွေတင်နဲ့။

နောက်ပြီးပြောသေးတယ်။ မြန်မာတွေ စည်းကမ်းမရှိဘူးတဲ့။ ကျင့်ဝတ်နားမလည်ဘူးတဲ့။ သူကတော့ရော နိုင်ငံခြားမှာ နေထိုင်လုပ်ကိုင်တဲ့ မြန်မာလူမျိုးတွေမှန်သမျှ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးမှာ ကိုယ်ရတဲ့ဝင်ငွေ(လစာ)ရဲ့ တစ်ဆယ် ရာခိုင်နှုန်းကို ၀င်ငွေခွန်ဆောင်ရပါတယ်။ ဒီကောင်လေး နိုင်ငံခြားသားအဖြစ် အပြီးတိုင်ပြောင်းလဲခံယူချိန်မှာ သံရုံးကိုအခွန်ဆောင်စရာကြွေးကျန်တွေ နှစ်နဲ့ချီပြီးကျန်နေခဲ့တယ်။ နိုင်ငံကြီးသားပီသမယ်ဆိုရင် နိုင်ငံတော် ကိုပေးဆောင်ရမယ့် ၀င်ငွေခွန်အကျေအလည် ပေးဆောင်ခဲ့သင့်တာပေါ့။

မြန်မာပြည်အလည်ပြန်လာတော့ရော။ ကိုယ်မြန်မာမဟုတ်တော့ပါဘူး။ နိုင်ငံခြားသားဖြစ်သွားပါပြီလို့ ကြေညာပါလား။ ငွေကြေးသုံးစွဲတဲ့အခါ နိုင်ငံသားနဲ့နိုင်ငံခြားသား ခွဲခြားဈေးနှုန်းသတ်မှတ်တောင်းခံတဲ့ တည်းခိုရာ၊ ခရီးသွားရာ၊ ဂေါက်သီးကစား ရာစတဲ့အချိန်တွေမှာ မြန်မာမှတ်ပုံတင်ကိုသုံးပြီး နိုင်ငံသားတွေအတွက် သတ်မှတ်ထားတဲ့နှုန်းထား သက်သက်သာသာနဲ့ပေးတယ်။ ဘယ်မှာလဲ စည်းမျဉ်းစည်းကမ်းလိုက်နာမှု။

'နေထိုင်စားသောက်ဖို့အတွက် သင့်မှာ အလုံအလောက်ရှိခဲ့ပြီးရင်လည်း ပိုလျံတာနည်းနည်းလောက်တော့ ခွဲဝေမျှခြမ်းပေးကမ်းသင့်ပါတယ်'တဲ့။'သင်သေသွားသော်' ကဗျာ ကို မကြာမကြာခဏရွတ်တတ်တဲ့ ကောင်လေးဆိုတော့ စေတနာလေး နည်းနည်းတော့ ကျန်ကောင်းရဲ့ဆိုပြီး လူမှုရေးအသင်းတွေ၊ အားကစားအဖွဲ့တွေအတွက် အလှူခံကြည့်မိပါ တယ်။ "အစ်ကိုကသူဌေးပဲ ကိုယ့်ဖာသာလှူပေါ့။ ကျွန်တော်က ဘာကိစ္စ လှူရမှာလဲ" တဲ့ အလှူခံမိအပြစ်ရှိ သူက ကျုပ်ဖြစ်ခဲ့ရတာပေါ့။

သူအလည်ပြန်လာတဲ့အချိန် ဇိမ်ခံဟိုတယ်ကြီးတွေမှာ တည်းတဲ့အချိန်မှာ သူ့ကိုလာတွေ့ဖို့ခေါ်တယ်။ သွားမတွေ့ပြန်တော့ အပြစ်တင်မဆုံးပေါ့လေ။ တောင်ကြီးက မိုဟာမက် ဆီသွားရမှာလား။ မိုဟာမက်က တောင်ကြီးဆီလာရမှာလား။

ဒီကနေ ထွက်သွား၊ ဟိုကပေး တဲ့အခ ---တစ်ပဲခြောက်ပြားပေး ဘ၀ကို အဟုတ်ထင်ပြီး ဒီဘက်ကို ဟိုအဝေးကြီးကပြန်ဟောင်ကြတာ တွေရှိပါတယ်။ ဒီကောင်လေးကတော့ ကျုပ်နီးနီးစပ်စပ်ပတ်သက်ကူညီခဲ့တာကိုး။ အဲဒီတော့ ရင်နာတယ် ဆိုတာထက်ကို ပိုပြီးပြောချင်တယ်။ သူ့ကိုမကျွေးမွေး၊ မပြုစု၊ မဧည့်ခံတဲ့အတွက်တောင် စိတ်နာတယ်တဲ့ဗျာ။နောက်ကြုံမှ ထပ်ပြောပြပါဦးမယ်။ ခုတော့ ခရီးဆက်စရာရှိသေးလို့'' ဆိုပြီး မိတ်ဆွေကြီးထွက်သွားပါတယ်။

ဒီကနေဆက်ပြီး ငပိန်အကြောင်းပြောရဦးမယ်။ ကြာခဲ့ပါပြီ။ မိုးတွင်း၊ မြစ်ရေကြီး ရေစီးတွေ အရမ်းသန်တဲ့ တစ်နေ့မှာ ငပိန်ကုန်ထမ်းတဲ့ ဆိပ်ခံတံတားမှာ မတော်တဆတစ်ခုဖြစ်ခဲ့တယ်။ ကျောင်းကဆရာလေး သင်္ဘောစီးဖို့ ဆိပ်ခံတံတားပေါ် အတက် ကုန်းဘောင်ပျဉ်ပြားပေါ်ကနေ ချော်ကျပြီး ရေနစ်ပါတယ်။ ရေစီးကလည်း သန်တော့ တစ်ခါပေါ်ချိန်မှာ တော်တော်ဝေးနေပြီ။ အဲဒီမှာ ငပိန်ရယ်လေ ရေထဲကို ၀ုန်းကနဲ ခုန်ဆင်းပြီး မရအရလိုက်ဆယ်တာ အနားမှာရှိတဲ့ ငှက်သမ္ဗန်တွေက လည်း လိုက်နဲ့ပေါ့။ ဆရာလေးကို ဆယ်မိပြီး သမ္ဗန်ပေါ်ကို တွန်းတင်တယ်။ ''ရပြီလား'' မေးပြီး ''ရပြီ'' စကားအဆုံးမှာ ငပိန်ရေနစ်တော့တာပဲ ဆရာလေးဟာ အသက်ရှင်ခဲ့ပေမယ့် ငပိန်ကိုတော့ အလောင်းပဲရတော့တယ်။

ငပိန်အသုဘများ လူစည်လိုက်တာ။ ''ဘကြီးသာဗျော အဆိုအရ သူတို့မြို့မှာ ဒီလောက်ကြီးကျယ်တဲ့ အသုဘမရှိဖူးဘူးလို့ဆိုပဲ။ ဘုရားလူကြီး ဦးဘဘေအသုဘတောင်မှ ငပိန်နဲ့ယှဉ်ရင် မိုးကြိုးနဲ့အီးသံတဲ့။ မစိန်တို့မိသားစုလည်း ငပိန်သေမှ ပြောင် ပြောင်ရောင်ရောင်ဖြစ်တော့တာ။ တစ်မြို့လုံးကသနားပြီး ၀ိုင်းကူညီ ထောက်ပံ့ကြတာကိုး။

ငပိန်ကတော့ သေခဲ့ပါပြီ။ ဟိုကောင်လေးကတော့ မသေသေးပါ။ ဟိုကောင်လေးရဲ့ ကိုယ်ပွားပုံတူတွေလည်း မသေကြသေးပါ။ "ပညာရှိသူတော်ကောင်းတို့၏ အသက်ရှည်ခြင်းသည် လောကီ၊ လောကုတ္တရာ နှစ်ဖြာသော စီးပွားအကျိုးများ တိုးပွားခြင်းငှာ ဖြစ်စေ၏"တဲ့။ ။ Written by (မောင်စံပေါ) For www.First-11.com

No comments: