Saturday, June 25, 2011

ဘဲဥ၊ နိုင်တီတူး၊ ကျဆိမ့်နဲ့ ရွေးချယ်မှု

ကျောင်းတက်ဖို့ ရန်ကုန်ရောက်စက အဆောင်မှာ နေပါတယ်။ ညနေ၊ ညနေ အားတဲ့အခါ လက်ဖက်ရည်ဆိုင် ထိုင်တယ်။ လူရည်ကလည်း မလည်လှသေးဘူး။ အဆောင်နားက ခပ်ချာချာ ဆိုင်လေးမှာပဲ ထိုင်ဖြစ်တယ်။ လက်ဖက်ရည် စွဲစွဲလမ်းလမ်းသာ မကြိုက်သေးတယ်၊ မှာရင်တော့ ကျဆိမ့်ပဲ။ အဖော်တွေကလည်း ပေါ့ဆိမ့်၊ ကျဆိမ့်၊ ချိုဆိမ့် ဘာညာပေါ့။ မှာသာမှာတယ်။ လာချတော့ ဒီအရသာပဲ။ ဘာမှာမှာ ဒါပဲရတာ။

အနောက်ပိုင်း တက္ကသိုလ်မှာ တက်ရတယ်။ ကျောင်းထဲမှာက ကွမ်းမရောင်းရဘူး။ (ကွမ်းတစ်ပြစ်ပြစ်နဲ့ တက္ကသိုလ် ကျောင်းသားဆို သောက်မြင်ကပ်စရာ ကောင်းလို့ နေမှာပေါ့) ကျောင်းချိန်ထဲ ကွမ်းမစားရတော့ ညနေ ကျောင်းဆင်းချိန်ဆို ကွမ်းစား ချင်ရော။ ကျောင်းဂိတ်ဝမှာ ကွမ်းရောင်းတဲ့ အဘကြီး တစ်ယောက် ရှိတယ်။နိုင်တီတူး၊ ဘုရင်မ၊ ဆစ်ဂနယ်၊ ဖော်တီဖိုက် ကြိုက်တာပြော၊ ဗမာဆေး ရောထားတာ ချည်းပဲ။ အနံ့လေး ပါတာကလွဲရင် ဒီအရသာပဲ။ ရွေးစရာမရှိဘူး ထင်တော့ ဒါပဲစားရ တာပေါ့။

အလုပ်ဝင်တယ်။ ရွှေဂုံတိုင်ရုံးမှာ (တာမွေကို ရုံးမပြောင်းသေးတဲ့ အချိန်)တုန်းက နေ့ခင်းဘက်ဆို ရုံးအောက်ဆင်းရင် စားစရာဆိုင်က အနီးအနား တစ်ဆိုင်ပဲ ရှိတယ်။ အမဲသား၊ ဘဲဥနဲ့ငါးကြော်ပဲ ပုံမှန်ရတာ။ အမဲ မစားတော့ ဘဲဥနဲ့ငါးကြော်ပဲ။ ဘဲဥနဲ့ စားမလား၊ ငါးကြော်နဲ့စားမလား ဒါပဲ ရွေးရတာ။ သိပ်ကြိုက်တဲ့ ဘဲဥမုန်းရော ဆိုပါတော့။

ဒါလေးတွေက သာမည ရွေးချယ်မှုလေးတွေပါ။ ဒါတွေမှာတောင် ကျွန်တော်တို့ တစ်တွေက ဘောင်ခတ် ထားကြတယ်။ ဒါရွေးရင်ရွေး၊ မရွေးရင် မရွေးနဲ့ ဆိုပြီးတော့ပေါ့။ ရွေးစရာ တစ်ခုပဲရှိပြီး ရွေးရင်ရွေး၊ မရွေးရင် မရွေးနဲ့ ဆိုတာကို ဘိုလိုတော့ Hobson's Choice လို့ သုံးကြပါတယ်။ ကိန်းဘရစ်ခ်ျမှာရှိတဲ့ မြင်းဇောင်းပိုင်ရှင် တောမတ်စ်ဟော့ဘ်ဆင်န်(၁၅၄၄-၁၆၃၁)က စတယ် ဆိုကြပါတယ်။ သူက မြင်းငှားစားတာ။ သူ့ဆီက မြင်းသွားငှားရင် ရွေးလို့မရဘူး။မြင်းစောင်းရဲ့ တံခါးနဲ့ အနီးဆုံးမှာ ရှိနေတဲ့မြင်းပဲ ရမယ်။ အဲဒီမြင်းကို ငှားရင်ငှား၊ မငှားရင်နေပဲ။
ဗမာဆေး ရောထားတာချည်းပဲ။ အနံ့လေး ပါတာက လွဲရင် ဒီအရသာပဲ။ ရွေးစရာ မရှိဘူး ထင်တော့ ဒါပဲ စားရတာပေါ့ . . .

အရသာမရှိတဲ့ ဘဲဥနဲ့ငါးကြော် နှစ်မျိုးထဲက တစ်မျိုး ရွေးရတာမျိုး ကြတော့ Dilemma ခေါ်ရမယ် ထင်တယ်။ လက်မခံချင်စရာ ကောင်းတဲ့ နှစ်ခုထဲက တစ်ခု ရွေးရတာမျိုး။ အဲဒီထက်ဆိုးတာ ရှိပါသေးတယ်။ Morton's fork ဆိုတာပါ။ နှစ်ခုစလုံး ဘာရွေးရွေး မကောင်းတဲ့ဟာမျိုးပါ။ စပိန် စကားပုံ ''နံရံကပ် အပစ်ခံမလား၊ ဓားနဲ့အထိုးခံမလား'' ဆိုတာမျိုးပေါ့။ ၁၄၈၇ ခုနှစ်က ဟင်နရီ ၇ လက်ထက် အင်္ဂလန်ရဲ့ နန်းရင်းဝန်ကြီး ဂျွန်မော်တန်ရဲ့ အခွန်ကောက်တဲ့ မူဝါဒက လာတာပါ။

''လူတစ်ယောက်ဟာ ဇိမ်ကျကျ နေတယ်၊ ပိုက်ဆံတွေ အများကြီး သုံးတယ် ဆိုရင် ဒီလိုလူမျိုးဟာ ဘုရင်မင်းမြတ် အတွက် အခွန်တော်ဆက်သဖို့ လုံလောက်တဲ့ ၀င်ငွေ ရှိတယ်လို့ ယူဆနိုင်တယ်။ လူတစ်ယောက်ဟာ လိုသလောက်ပဲ သုံးတယ်၊ ချမ်းသာကြွယ်ဝတဲ့ လက္ခဏာလည်း မပြဘူး၊ ဒါဆိုရင် သူစုဆောင်းထားတာပဲ ဖြစ်ရမယ်၊ ဒီလို လူမျိုးဟာလည်း ဘုရင်မင်းမြတ်ကို အခွန်တော် ဆက်သနိုင်မဲ့ သူမျိုးပဲ'' ဆိုတဲ့ အယူအဆပါ။ (ကြောက်စရာကြီးနော်၊ တော်သေးတယ်၊ ဒီမှာ ဒီလို မဟုတ်လို့။ နို့မို့ဆို အိမ်မရှိလို့ လမ်းဘေးမှာနေတဲ့ လူကိုပါ သူဌေး ဆိုပြီး အခွန်ကောက်နေမှာ) နှစ်မျိုးစလုံး ကောင်းလို့ ရွေးရခက်တာမျိုးနဲ့ ပတ်သက်လို့လည်း ခေါ်တာ ရှိပါသေးတယ်။ ဘူရီဒန်ရဲ့ မြည်း Buridan's Ass ပါ။ (ဒီနေရာမှာ Ass က Old English အရ Donkey ပါ) မြက်ခြောက်နဲ့ ရေရှိတဲ့ နေရာတွေနဲ့ အကွာအဝေးတူမှာရှိတဲ့ မြည်း တစ်ကောင်ပေါ့။ ဒီမြည်းက ရေလည်း ဆာတယ်၊ ဗိုက်လည်း ဆာတယ်၊ အဲဒါနဲ့ ရေပဲ အရင်သောက်ရ ကောင်းမလား၊ မြက်ခြောက်ပဲ စားရ ကောင်းမလားနဲ့ စဉ်းစားနေတာ။ စဉ်းစားရင်းနဲ့ အစာငတ်၊ ရေငတ်ပြီး သေသွားရောတဲ့။ (ဒါက ပုံပြင်ထဲမှာမို့ မြည်းက စဉ်းစားဉာဏ်ကြီးတာ နေမှာပါ။ မြည်းထက် စဉ်းစားဉာဏ်ကြီးတဲ့ လူတွေလည်း ရှိတာပဲ)မြင်းရွေးလိုက်၊ မြည်းဖြစ်လိုက်နဲ့ တယ်မကောင်းပါဘူး။ သမိုင်းထဲက ကြီးကြီးကျယ်ကျယ် ကိစ္စတစ်ခုလောက်နဲ့ ပြောကြည့်ရအောင်။ စပိန်က အောင်နိုင်သူ ကောတက်ဇ် တစ်ယောက် မက္ကဆီကို မြေပေါ်ကို တပ်အနည်းငယ်နဲ့ ခြေချမိတဲ့ အချိန်။ ဟိုဘက်မှာက အက်ဇ်တက်စ် အင်ပါယာက တပ်တွေက အများကြီး။ ပြန်ပြေးဖို့ပဲ ရှိတယ်။ တိုက်မလား၊ ပြေးမလား နှစ်မျိုး ရွေးစရာရှိတယ်လို့ ပြောပြန်ရင်လည်း တိုက်တာက ရှုံးဖို့ သေချာသလောက် ရှိနေတာ။

အဲဒီအချိန် ကောတက်ဇ်က သူ့သင်္ဘောတွေကို မီးရှို့ပစ်လိုက်ရော။ (ကျွန်တော်တို့ဆီက ဘုရင့်နောင် ဖောင်ဖျက်တာနဲ့တူမယ် ထင်တယ်) သူ့တပ်တွေ အတွက် ရွေးစရာက တိုက်ဖို့ ဆိုတဲ့ တစ်ချက်ပဲ လုံးလုံးလျားလျား ရှိတော့တယ်။

ဒီတော့လည်း တိုက်ရင်းနဲ့ သေတာပဲမြတ်တယ် ဆိုတဲ့ အတွေးအခေါ်နဲ့ စပိန် တပ်တွေက စွတ်တိုက်တာ၊ သင်္ဘောတွေ မီးရှို့တာ မြင်ထားတော့ ဒီကောင်တွေ တကယ်တိုက်ပြီပဲ ဆိုပြီး လန့်နေတဲ့ အက်ဇ်တက်စ်တပ်တွေ ဆုတ်သွားတာနဲ့ စပိန်တပ်တွေ သွေးမြေမကျ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒါဟာ ပေးထားတဲ့ အခြေအနေကို လက်မခံဘဲ ကိုယ်လိုချင်တဲ့ အခြေအနေကို ဖန်တီးယူနိုင်တဲ့ ခေါင်းဆောင်ရဲ့အစွမ်းနဲ့ ဘောင်ခတ်ခံထားရတဲ့ ရွေးချယ်စရာတွေကို ပြင်ပစ်တာပါ။နောက်တစ်ချက်က ကျွန်တော်တို့ အများစုဟာ ရွေးချယ်စရာ နှစ်ခုထဲက တစ်ခုက မမှန်ဘူးလို့ လက်ခံလိုက်ရင် တခြားတစ်ခုကိုပဲ မှန်တယ်လို့ စဉ်းစားတတ်ကြတာပါ။ ၁+၃=၅ (သို့မဟုတ်) ၁+၃=၂ ဆိုတဲ့ အထဲက ဘယ်ဟာ မှန်သလဲလို့ မေးပြီ ဆိုပါစို့။ ၁+၃=၅ ဟာ မှားတယ်လို့ ကျွန်တော်တို့ သိတယ် ထားတော့။ ဒါဆိုရင် ၁+၃=၂ က မှန်တယ်လို့ ရွေးလိုက်မိတတ်ကြတယ်။ (ဟာ မနောက်ပါနဲ့။ဒါလည်း ဟုတ်မှ မဟုတ်တာကြီးပဲလို့ ပြောစရာရှိပါတယ်) ဒါက ဂဏန်းတွေနဲ့ ချပြထားတာမို့ပါ။ ဘ၀မှာ ရွေးချယ်စရာတွေ ကြုံလာရင်တော့ ကျွန်တော်တို့ တစ်တွေက ဒီလိုမျိုး ဟိုဟာမမှန်မှန်း သိရုံနဲ့ ဒီဟာပဲလို့ ရွေးတတ်ကြတာ ငြင်းမရပါဘူး။

ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်မိလို့ ရွာလည်တာလေး တစ်ခုလည်း ရှိခဲ့ဖူးပါတယ်။ ရန်ကုန် ရောက်စက လမ်းရှာမရတာပဲ။ လိပ်စာက ၃၅ လမ်း(လမ်းတို)တဲ့။ လမ်းတို ဆိုတော့ ဘယ်လို တိုမှန်းလဲ မသိ။ အဲဒါနဲ့ မထူးပါဘူး။ ဗိုလ်ချုပ်လမ်းဘက်ကနေ ၃၅ လမ်းထိပ် စ၀င်ပြီး ရှာမယ်ပေါ့။ တစ်ဘလောက်ပြီး တစ်ဘလောက် လမ်းတောက်လျှောက် ၀င်သွားရင် တွေ့မှာဆိုပြီးတော့လေ။ အဲဒါသွားရင်းနဲ့ လမ်းသာပိတ်သွားတယ်။ ရှာမတွေ့ဘူး။

ဘယ့်နဲ့ဟာလဲပေါ့။ လမ်းဆုံးရင် ရွာတွေ့ရမှာ ဘယ်လိုဖြစ်လို့ ရှာလို့မရတာလဲပေါ့။ အခေါက်ခေါက် လျှောက်တယ်။ မတွေ့ဘူး။ အဲဒီနေ့က လိုရာမရောက်လိုက်ဘူး။ နောက်မှသိတာက ...အဆောက်အအုံကြီး ခံနေတာ။ ဒီဟာကြီး ပိတ်နေတော့ ၀င်မရဘူး။ အမှန်က အဲဒီ လမ်းတိုလေးက အောက်ဆုံးမှာရှိတာ။ တခြားလမ်းက ကွေ့ဝင်မှ ရောက်မှာ။ (တုံးတယ်လို့ ပြောရမှာပဲ၊ တကယ်ကို မသိဘူး)။ ကိုယ့်စဉ်းစားပုံကို ကိုယ့်ဘာသာ ဟန်လှထင်နေတာ။ သတင်း အချက်အလက် ပြည့် ပြည့်စုံစုံ မသိမှုရယ်၊ ကိုယ်သိသမျှ (လမ်းကို ဘလောက်တွေနဲ့ ခွဲပြီး ကမ်းနားအထိ ပေါက်တယ်လို့ သိတာ)ကို ပြည့်စုံပြီ ထင်မိလို့ လမ်းပျောက်သွားတာ။

ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်၊ ဒါမှမဟုတ် သူများ ဘောင်ခတ်တာခံ၊ အဲဒီထဲကမှ ရွေးကြတာ။ Hobson's Choice တို့၊ Dilemma တို့၊ Morton's Fork တို့လို အဖြစ်မျိုး ကြုံရပြီလို့ ကိုယ့်ဘာသာ သတ်မှတ်မိကြတယ်။ တကယ်တမ်းက တခြားတစ်လမ်းတော့ အနည်းဆုံး ရှိတတ်ပါတယ်။

ရှေ့ဆုံးက ပြဿနာလေးတွေ ပြန်ကောက်ပါရစေ။ ကိုယ်ရေး အရှုပ်ထုပ်တွေ လွယ်လွယ်လေး ပြေလည်သွားပါတယ်။ လက်ဖက်ရည်သောက်ဖို့ဆို လမ်းနည်းနည်း လျှောက်ပြီး လမ်းထိပ်ထွက်လိုက်။ လမ်းထိပ်က ဆိုင်က လက်ဖက်ရည်က ကောင်းမှကောင်း။ ပေါ့ဆိမ့်ဆို ပေါ့ဆိမ့်နဲ့ တူတယ်။ ကျဆိမ့်ဆို ကျဆိမ့်နဲ့ တူတယ်။ ကွမ်းကိစ္စလည်း ဒီလိုပဲ။ မနက် ကျောင်းမသွားခင် နည်းနည်း စောစောထ၊ ဟိုဘက်လမ်းက ဖက်နဲ့ထုပ်ပေးတဲ့ ကွမ်းယာ ကောင်းကောင်းကိုဝယ်၊ ဒါဆို ကျောင်းဆင်းချိန်ဆို နွမ်းလဲမနွမ်းတဲ့ ကွမ်းကောင်းကောင်း စားလို့ရပြီ။ ထမင်းစားတဲ့ ပြဿနာလည်း ဒီလိုပဲ။ ရုံးပေါ်ကဆင်း၊ အဲဒီနားက လမ်းကြားလေး အတိုင်း နည်းနည်း လျှောက်လိုက်ရင် အိမ်ချက် ကောင်းကောင်းရတဲ့ ထမင်းဆိုင်လေး ရှိတာ။ ညဆိုလည်း ရေတာရှည်ထဲ သွားစား၊ ဈေးလည်းချို၊ စားလည်းကောင်း။ အားမထုတ်တော့ ပိတ်မိနေတာပေါ့။ ကြီးကြီးကျယ်ကျယ် ကိစ္စဆိုရင်တော့ ပိုအားထုတ်ရမှာပေါ့။ဘာလိုလိုနဲ့ ၅ နာရီတောင်ခွဲပြီ။ ရုံးဆင်းလို့ လူတွေတောင် တော်တော်များများ ပြန်ကြပြီ။ ဟိတ်လူတွေ လိုက်ကြဦးမလား။ တာမွေ အ၀ိုင်းထိပ်မှာ လက်ဖက်ရည် သွားသောက်ကြမယ်လေ။ ဝေးလို့လား။ ဟာ နည်းနည်းတော့ လျှောက်ရမှာပေါ့။ Hobson's Choice ထဲ ပိတ်မိမနေချင်ရင် နည်းနည်းတော့ အားထုတ်ကြရမှာပေါ့။ မလိုက်ချင်လည်း ဒီနားက လက်ဖက်ရည်ဆိုင်မှာပဲ ခပ်ညံ့ညံ့ လက်ဖက်ရည် သောက်ချင်သောက်၊ မသောက်ချင် နေ၊ သဘောပဲ။
Written by ဇေဝင်းနောင်

No comments: