Thursday, September 15, 2011

ကောင်းကင်ပေါ်က သွားတယ် . . .

ကျွန်တော့်မိတ်ဆွေတစ်ယောက်က မကြာခဏဆိုသလို ပြောလေ့ရှိသည့် စကားတစ်ခွန်းကို မှတ်မိနေသည်။ သူက ရန်ကုန်နှင့်မန္တလေးကို တဒီးဒီးသွားနေပြီး လေယာဉ်နှင့်ပဲ သွားလေ့ရှိတော့ ကိုယ်တို့က ကောင်းကင်ပေါ်ကပဲ သွားတယ်ဟူသော စကားဖြစ်သည်။ ကျွန်တော်တို့ကတော့ လေယာဉ်နှင့် ခရီးသွားရသည့် စရိတ်ခကကြီးလွန်းသဖြင့် ကိုယ်နှင့်တန်ရာတန်ရာ ကား၊မီးရထားကိုပဲ အားကိုး၍ သွားလာကြရသည်။

တစ်ရက်ကတော့ ကောင်းကင်ပေါ်က သွားရမည့်ခရီးစဉ်တစ်ခုပေါ်လာသည်။ သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ မိနစ်၂၀ ထွက်မည့် လေယာဉ်ခရီးစဉ်ဖြင့် မန္တလေးကနေ ရန်ကုန်ကိုသွားရသည်။ လေယာဉ်လက်မှတ်ကို Hotel Mandalay ထဲတွင် ရောင်းချပေးသည့် SEVEN DIAMOND ကနေ အသွားအပြန် ၀ယ်လိုက်သည်။ သြဂုတ်လ၂၈ရက်နေ့ မန္တလေး-ရန်ကုန်၊ သြဂုတ်လ ၃၀ ရက်နေ့ ရန်ကုန်-မန္တလေး ခရီးစဉ်ဖြစ်သည်။

ဟိုတယ်မန္တလေးမှာပဲရှိသည့် အငှားကားကို ငှားလိုက်သည်။ ကားတစ်စီးလုံးကို တစ်သောင်းရှစ်ထောင် အဲကွန်းပါလျှင် နှစ်သောင်းဟု ဆိုသည်။ မန္တလေးတွင် မိုးရွာနေတာကြောင့် အဲကွန်းမသုံးဘဲ တစ်သောင်းရှစ်ထောင်ပေးကာ ငှားလိုက်သည်။ လေယာဉ်က သတ်မှတ်ထားသည့် ၁၀း၂၀ နာရီတွင် အတိအကျထွက်သည်။ လေယာဉ်စီးရချိန် ၅၅ မိနစ်ကြာသည်။ မန္တလေးမြို့တွင်းကနေ တံတားဦးလေဆိပ်ထိ တစ်နာရီလောက်စီးရသည်။

မန္တလေးကနေ တံတားဦးလေဆိပ်ကို တစ်နာရီ၊ လေဆိပ်မှာ စောင့်ရတာက တစ်နာရီ၊ လေယာဉ်စီးရတာက ၅၅ မိနစ်၊ ရန်ကုန်လေဆိပ်ကနေ မြို့ထဲသွားတာက ၄၅ မိနစ် စုစုပေါင်း ၃ နာရီ မိနစ်၄၀ဖြင့် ရန်ကုန်က တည်းခိုမည့် စီးတီးစတား ဟိုတယ်ကို ရောက်သွားသည်။ သြဂုတ်လ၂၉ ရက်နေ့ မွန်းလွဲ ၁နာရီတွင် ဆရာပါရဂူ၏ စာမူမူပိုင်ခွင့်ကော်မတီ အစည်းအဝေးရှိသဖြင့် ကော်မတီတွင်ပါသည့် ပန်းချီဦးမျိုးခင် (ထန်းရိပ်ညို) နှင့် အဖော်လိုက် သွားရခြင်းဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့ လေယာဉ်ကွင်းချိန်းက ၇ နာရီဖြစ်ပြီး ၈ နာရီတွင် လေယာဉ်ထွက်မည်ဖြစ်သဖြင့် ဟိုတယ်က ငှားပေးသည့် အငှားကားဖြင့် နံနက် ၆နာရီတွင် ဟိုတယ်က ခွာခဲ့ကြသည်။ ရန်ကုန်မနက်ပိုင်းက လမ်းတွေရှင်းလင်းနေသဖြင့် လေဆိပ်ကိုနာရီဝက်နှင့် ရောက်သွားသည်။ နံနက် ၇ နာရီခွဲကျော်တော့ လေဆိပ်အတွင်းဘက်ထွက်ခွာရာဌာနကို ၀င်ခွင့်ရသည်။

လေဆိပ်ထဲရှိသည့် ကော်ဖီဆိုင်မှာပဲ နံနက်စာစားလိုက်ကြသည်။ ကောင်းကင်ပေါ်က ခရီးသွားရသည်မှာ အဆင်ပြေလှသည်။ သတ်မှတ်ထားသည့် အချိန်ထွက်တော့ ကြာရှည်စောင့်ဆိုင်းစရာမလိုပေ။ ရာသီဥတုကောင်းလျှင် လေယာဉ်ခရီးက အဆင်ပြေစွာရောက်သွားရတာပဲဖြစ်သည်။ ယခင်ကတော့ ရန်ကုန်ထားဝယ်ခရီးစဉ်ကို လေယာဉ်ဖြင့် ခဏခဏသွားဖူးသည့် ဂျက်၊ ဖော်ကာ လေယာဉ်များဖြင့် သွားရသည်။
ယခုအခါမှာတော့ မြန်မာ့လေကြောင်းအပြင် ပုဂ္ဂလိကလေကြောင်းတစ်လိုင်းကနေ လေယာဉ်လက်မှတ်ကို အသွားအပြန် ၀ယ်ထားသဖြင့် လက်မှတ်ကိစ္စကတော့ အဆင်ပြေသည်။ ကောင်းကင်ပေါ်က ခရီးသွားရတာ အချိန်တွက်ဆ၍ ရလာသဖြင့် မန္တလေးတွင် စာအုပ်မိတ်ဆက်ပွဲ တစ်ခုကို သြဂုတ်လ ၃၀ ရက်နေ့မှာပင် ကျွန်တော်စီစဉ်ထားခဲ့သည်။ မိတ်ဆက်ပွဲကို ညနေ ၄ နာရီမှ စတင်မည်ဆိုတော့ နံနက် ၈ နာရီ လေယာဉ်နှင့် မန္တလေးကိုပြန်လာမည့် ကျွန်တော့်အတွက် အဆင်ပြေလေသည်။

လေယာဉ်သတ်မှတ်ထားသည့် အတိုင်းပင် နံနက် ၈ နာရီတွင် မင်္ဂလာဒုံလေဆိပ်ကနေ စတင်ထွက်ခွာလာသည်။ ရာသီဥတုကလည်း အသွားတုန်းကထက် ပိုကောင်းနေသည်။ ကောင်းကင်က ကြည်လင်နေသည်။ လေယာဉ်အောက်က လေထုကလည်း ကြည်လင်နေသည်။ ကျွန်တော်တို့ လိုက်ပါလာသည်။ ခရီးစဉ်အမှတ် ၀၁၁ ဂျက်လေယာဉ်သည် ကောင်းကင်တွင်လွတ်လပ် ပေါ့ပါးစွာပျံသန်းလျက်ရှိသည်။
လေယာဉ်ထွက်ခွာပြီး မိနစ် ၃၀ လောက်တွင် လေယာဉ်မယ်ကလေးတွေက မုန့်နှင့် လက်ဖက်ရည်၊ ကော်ဖီတွေ လိုက်ချပေးသည်။ အအေးသောက်လိုသူတွေကို အအေးလိုက်ချပေးသည်။ ကျွန်တော်တို့ခုံရှေ့က တင်စရာကလေးကိုချပြီး ဗန်းကလေးကို တင်လိုက်သည်။ မုန့်ဗန်းကလေးကို ဖောက်မည်ပြင်လိုက်စဉ် မုန့်ဗန်းကလေးက အောက်ကိုလျှောကျသွားသည်။ ပုံမှန်ပြေးနေသည့် လေယာဉ်မှာ အောက်ကိုဇောက်ထိုး ကျသွားခြင်းဖြစ်သည်။

ကျွန်တော်တို့ ခေါင်းပေါ်က ၀ုန်းခနဲအသံတွေကြားရပြီး အောက်ဆီဂျင်ရှူမည့် ပိုက်တွေပြုတ်ကျလာသည်။ အသက်ရှူကျပ်စပြုလာသည်။ ခေါင်းပေါ်က လေအေးဝင်နေသည့် အပေါက်ကလေးတွေက လေမ၀င်တော့ပေ။ လေယာဉ်ပေါ် ပါလာသည့် ခရီးသည်တွေအထိတ်တလန့် ဖြစ်သွားကြသည်။ လေယာဉ်မှူး၏ အသံပေါ်လာသည်။ လေယာဉ်တွင် လေဖိအား ပြဿနာပေါ်လာသဖြင့်မင်္ဂလာဒုံလေဆိပ်ကို ပြန်လည်ဆင်းသက်မည့်အကြောင်း စိုးရိမ်စရာမလိုကြောင်း ကြေညာသည်။

ကျွန်တော်တို့လည်း လေယာဉ်ထဲတွင်ပူလာပြီး အသက်ရှူရကျပ်သလိုဖြစ်လာသဖြင့် အောက်ဆီဂျင်ပိုက်ကို လှည့်ယူပြီးတပ်လိုက်သည်။ အောက်ဆီဂျင်ပိုက်က ဘာမှမလာပေ။ လေယာဉ်မယ်ကလေးတွေကလည်း စိုးရိမ်စရာမရှိကြောင်း လိုက်ပြောနေရင်းက မျက်နှာတွေက စိုးရိမ်ပူပန်မှုတွေ ပေါ်လွင်နေသည်။

တချို့အောက်ဆီဂျင်ပိုက်တွေက သုံး၍ရနေသဖြင့် နေရာရွှေ့ပြောင်းဖို့ပြောနေသည်။ လေယာဉ်ထဲတွင် အပူချိန်မြင့်တက်လာသည်။ နားတွေအူလာပြီး လက်နှင့်ပိတ်ထားရသည်။ နားဆို့ရသည့် ဂွမ်းလုံးကလေးတွေလည်း လေယာဉ်ပေါ်တွင် ပါမလာပေ။

"ရန်ကုန်ကို ပြန်မောင်းတယ်ဆိုတော့ မန္တလေးဆက်သွားတာက ပိုမနီးဘူးလား"

ခရီးသည်တစ်ဦးက လေယာဉ်မောင်ကို မေးလိုက်သည်။ နာရီဝက်မောင်းလာပြီးဖြစ်၍ နောက်ထပ် မိနစ် ၂၀ လောက် မောင်းလိုက်လျှင် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာပြီး ရန်ကုန်ကို ပြန်လှည့်တာက အနည်းဆုံးနာရီဝက် ကြာပေဦးမည်။

"အောက်ဆီဂျင်က ၁၅ မိနစ်ပဲရတယ်။ ရန်ကုန်ပြန်ဆင်းတာက ပိုအဆင်ပြေလို့ပါ"

"နေပြည်တော်နဲ့ နီးနေတာပဲ။ နီးတဲ့နေရာ ဆင်းလို့မရဘူးလား" လေယာဉ်မောင်က ဘာဆက်ပြောရမှန်း မသိဘဲ စိတ်ချပါ၊ အန္တရာယ်မရှိပါဘူးဟုသာ ပြောနေသည်။ လေယာဉ်မယ်ကလေး တစ်ယောက်ကကျတော့ ခရီးသည်တွေကို လေယာဉ်လေပိုင်းဆိုင်ရာ ကိစ္စတွေကို ပြောနေသည်။

"ကေဗင်ထဲမှာအတွင်းက လေနဲ့အပြင်ကလေကို ဆက်သွယ်တည်ဆောက်ထားတဲ့ စစ္စတမ်ရှိပါတယ်။ အပြင်ကလေကိုယူပြီး အတွင်းဘက်မှာပြုပြင်သုံးတာပါ။ အမြင့်ပေ နှစ်သောင်းကျော်ရောက်နေတော့ အပြင်လေကရှူလို့ မရပါဘူး။ နောက် ၁၅ မိနစ်လောက်ဆိုရင် လေဆိပ်ကို ဆင်းနိုင်ပါမယ်"

လေယာဉ်မယ်ကလေးက ကိစ္စတွေကို ရှင်းပြနေသည်။ အောက်ဆီဂျင်ပိုက်တွေက အလုပ်မလုပ်တာကိုလည်း ပိုက်တွေကို ဆွဲဆွဲဆောင့်နေသည်။ ဒီလိုမျိုးအောက်ဆီဂျင်ပိုက်တွေ အောက်ကိုပြုတ်ကျလာတာကို သူတို့လည်း မကြုံဖူးသေးကြောင်း ပြောနေသည်။ အလုပ်မလုပ်သည့် အောက်ဆီဂျင်ပိုက်တွေကို ဆွဲဆွဲဆောင့်နေတာက ပိုက်သာပြုတ်ပြတ်ကုန်မည်၊ အောက်ဆီဂျင်ကထွက်မလာပေ။

တချို့ခရီးသည်တွေ လေတဖျပ်ဖျပ်ယပ်ခပ်နေရသည်။ တချို့က ရင်ဘတ်ကိုဖိနေပြီး၊ တချို့က နားပေါက်တွေကို လက်ဖြင့်ပိတ်နေကြသည်။ ကျွန်တော်တို့ ချွေးတွေပြန်လာသည်။ မွန်းကြပ်လာသည်။ အသက်ရှုမ၀သလိုဖြစ်သည့် ခရီးသည်တွေက အနီးဆုံးလေဆိပ်ကိုမဆင်းဘဲ ရန်ကုန်ပြန်နေတာကို ပြောနေကြသည်။

အပေါ်က လေအေးထွက်နေသည့် အပေါက်တွေက လေလုံးဝမ၀င်တော့ပေ။ လေယာဉ်ထဲတွင် လေနည်းနေပြီး အသက်ကိုလုရှူနေရသည်။ လူတွေက မျက်လုံးစုံမှိတ်ပြီး ပါးစပ်ကတတွတ်တွတ်ရွတ်နေကြသည်။ မင်္ဂလာဒုံလေဆိပ်ကိုဆင်းခါနီးကျတော့မှ လေပေါက်တွေကaန လေထွက်လာပြီး အသက်ရှူရတာပြန်ပြီး အဆင်ပြေလာသည်။ လေယာဉ်ပြေးလမ်းပေါ် လေယာဉ်ဆင်းလိုက်တော့မှ ခရီးသည်တွေလည်း ဟင်းချနိုင်ရတော့သည်။

လေဆိပ်ထွက်ခွာခရီးတွင် ကျွန်တော်တို့ ပြန်နားကြရသည်။ ပုဂ္ဂလိကလေကြောင်းလိုင်းကကျွေးသည့် လက်ဖက်ရည်၊ ကော်ဖီနှင့်မုန့်ကိုစားပြီး စောင့်ရသည်။ လေကြောင်းလိုင်းမှ ၀န်ထမ်းများက နောက်ထပ်တစ်နာရီခွဲလောက်စောင့် ရမည်ဟု လာပြောသည်။

"လေယာဉ်ပြန်ပြင်နေတာလား"

"ဟုတ်ပါတယ်။ တစ်နာရီ လောက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်"

"ဒီလေယာဉ်ပြင်ပြီးတော့မှ ဒီလေယာဉ်နဲ့ ပြန်သွားရမှာလား"

"ဟုတ်ပါတယ်ခင်ဗျား"

ခရီးသည်တွေမှာထိုလေယာဉ်ဖြင့် ပြန်သွားရမှာကိုပင် လန့်နေကြပုံရသည်။ မန္တလေးထွက်မည့် လေယာဉ်ခရီးစဉ်တွေထဲက ဂိုးရှိုးလိုက်လို့ရမရ၊ လက်မှတ်လက်ကျန်ရှိ မရှိကို စုံစမ်းသူက စုံစမ်းသည်။ ၁၂ နာရီလောက်မှ လေယာဉ်ခရီးစဉ်က ရှိတော့သည်ဟု ဆိုသည်။ တချို့ကကျတော့လည်း ကားငှားပြီး သွားရင်ကောင်းမလားမသိဘူးဟု တိုင်ပင်နေကြသည်။

ခရီးသည်တွေက အကျိုးအကြောင်းသတင်းအတိအကျ သိချင်နေသည်။ ထိုပုဂ္ဂလိကပိုင် လေကြောင်းလိုင်းကတ်ပြားတွေ ဆွဲထားသည့် ၀န်ထမ်းတွေကို မေးနေကြသည်။ ၀န်ထမ်းတွေက တိတိကျကျ မသိတော့ ပြောရခက်နေသည်။ တချို့ကကျတော့လည်း ခရီးသည်မေးတာကို အဖြေပေးနေသည်။ သူတို့ပေးနေသည့် အဖြေတွေက သူတို့ထင်တာတွေ များနေတာကို တွေ့ရသည်။

လေဆိပ်တွင်တာဝန်ကျသည့် ထိုလေကြောင်းလိုင်းက ၀န်ထမ်းတစ်ယောက်က ကျွန်တော်တို့စီးသည့် ဂျက်လေယာဉ်မှာ မနေ့ကမှ စင်ကာပူကနေ Check လုပ်ပြီး ပြန်လာသည့် လေယာဉ်ဟု ပြောနေသည်။ စင်ကာပူကနေ ရန်ကုန်ကိုလာပြီးမှ ရန်ကုန်ကနေ မန္တလေးပျံသန်းချိန်တွင် ဖြစ်တာက ဘယ်လိုဖြစ်တာလဲဟု မေးနေသည်။

ထားဝယ်-ကော့သောင်းခရီးစဉ်၊ ဟဲဟိုး-ပုဂံ-မန္တလေးခရီးစဉ်များသို့ လိုက်ပါစီးနင်းမည့် ခရီးသည်တွေ ၀င်လာသည်။ ထွက်ခွာခန်းမတွင် လူတွေပြည့်လာပြန်သည်။ ကျွန်တော်တို့လေယာဉ်က ခရီးသည်တွေက သူတို့အိမ်တွေကို ဖုန်းဆက်နေကြတော့ ထိုခရီးသည်များကို နောက်ဝင်လာသည့် ခရီးသည်တွေက စိတ်ဝင်စားသွားသည်။ မေးကြ၊ မြန်းကြ၊ စုပ်တသပ်သပ်ဖြစ်နေကြသည်။

"အာက်ဆီဂျင်ပိုက်တွေက အလုပ်မလုပ်တော့လူတွေကပိုပြီး ထိတ်လန့်သွားကြတာပေါ့။ အောက်ဆီဂျင်ပိုက်ကို ဘယ်လိုသုံးရမယ်ဆိုတာတော့ လေယာဉ်ထွက်တာနဲ့ သရုပ်ပြတာပဲ။ ဒါတွေ ကောင်းမကောင်းကျတော့ စစ်မထားကြဘူး လား။ နီးတဲ့လေဆိပ်ကို မဆင်းဘဲ ရန်ကုန်ကို မရောက်ရောက်အောင် ပြန်လာတာ။ ခရီးသည်တွေတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဘာမှစိတ်မပူနဲ့ဆိုပေမယ့် အသက်ရှူရတာ ကျပ်လာနေပြီလေ။ အောက်ဆီဂျင်ပိုက်ကလည်း သုံးမရဘူး။ စိတ်ပူတာပေါ့။ ခုထိရင်ထဲ အောင့်တောင့်တောင့်ဖြစ်နေသေးတာ"
ခရီးသည်အမျိုသမီးက သူ့နံဘေးမှ အခြားလေယာဉ်စီးမည့် ခရီးသည်တွေကို ပြောပြတော့ ထိုခရီးသည်များကပါ ဘုရားတနေကြသည်။ မွန်းလွဲ ၁ နာရီတွင် ကျွန်တော်တို့ ခရီးသည်များကို နှစ်သုတ်ခွဲကာ ဖော်ကာလေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။ မန္တလေးသို့ ချောမောစွာပြန်ရောက်တော့မှ ရင်မောပြေရတော့သည်။

အငှားကားတစ်စီးငှားပြီး မြို့ထဲဝင်တော့ ကားခက ကျပ် ၁၂၀၀၀ ပေးရသည်။ အသွားတုန်းက ကျပ် ၁၈၀၀၀ပေးခဲ့ရပြီး အပြန်ကျတော့ ၁၂၀၀၀ ပေးရလေရာ အငှားကားလိုင်းတွေကလည်း တောင်းချင်သလို တောင်းနေကြတာပါလားဟု သိရတော့သည်။

ကောင်းကင်ပေါ်က ခရီးသွားရတာ ကုန်ကျစရိတ်များပြီး သက်သောင့်သက်သာရှိပါသည်။ အချိန်ကိုလည်း ချုံ့၍ရပါသည်။ သို့သော်လည်း ကျွန်တော်တို့ခရီးသည်တွေအတွက် ဘယ်လောက်ယုံကြည် စိတ်ချရမလဲဆိုတာက စဉ်းစားစရာဖြစ်နေသည်။ တိကျသေချာသည့် သတင်းထုတ်ပြန် ဖြေရှင်းချက်မရှိသည်ကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာပင်။ ကားကိုလမ်းဘေးထိုးဆိုက်ပြီး ဆင်းချသွားလို့ မရလေတော့ ကောင်းကင်ပေါ်က ခရီးသွားရခြင်း၏ စိတ်ချယုံကြည်ရမှုကို ယခုတစ်ခေါက်နှင့်ပင် ကျွန်တော်လန့်သွားရသည်။

No comments: